ဘာသာရေးနဲ့ တရားဥပဒေ

Your browser doesn’t support HTML5

ဘာသာရေးနဲ့ တရားဥပဒေ

အမျိုးသမီးအများစုဟာ သူတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သူတို့နဲ့ အရင်းနှီးဆုံး အမျိုးနဲ့ မိတ်ဆွေတွေကို အရင်ဆုံး အသိပေးလေ့ ရှိပါတယ်။ ဒီအဆင့်မှာ မဖြေရှင်းနိုင်တဲ့အခါမှ ရပ်မိရပ်ဖ၊ ဘာသာရေးခေါင်းဆောင် အရပ်သားအဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စတာတွေဆီကို သွားကြပါတယ်။ ဒီအဆင့်တွေမှာ ဖြေရှင်းလို့ မရတဲ့တော့တဲ့အခါမှ မြို့နယ်အာဏာပိုင်အဆင့်ကို ရောက်သွားပါတယ်။ ဒါပေမဲ့ ဒီအဆင့်အထိ မရောက်တဲ့ အမှုတွေက ပိုများပါတယ်။ ရပ်ကွက်နဲ့ အုပ်ချုပ်ရေးမှူးရုံးကို အမျိုးသမီးတွေ အသုံးများပေမယ့် မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအဖွဲ့အစည်းကိုလည်း အားကိုးလေ့ ရှိပါတယ်။

ဒါကြောင့် လက်ရှိပြဿနာကို ဖြေရှင်းဖို့ မကြိုးစားဘဲ ဘဝဟောင်းက အကုသိုလ် အခုလို ဒုက္ခ ဖြစ်ရတာလို့ အကြောင်းပြပြီး သည်းခံတာမျိုး ရှိပါတယ်။ ခရစ်ဘာသာဝင်တွေကတော့ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းစတဲ့ ဘာသာရေးရာ သဘောတရားနဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အကြောင်း Justice Base အဖွဲ့ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေမှာ ဖြေရှင်းလို့ မရတဲ့အခါ ယခင်ဘဝက ပြုမိခဲ့တဲ့ မကောင်းမှုအကျိုးကို ခံစားရတယ်လို့ ယူဆပါတယ်။ အစိုးရဌာနကို မယုံမကြည် ဖြစ်လာကြတဲ့အတွက် ဘာသာတရားကို အားကိုးကြတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် ဓလေ့ထုံးစံအစဉ်အလာအရ ပြဿနာဖြေရှင်းတာကိုရော ပုံမှန်ဥပဒေလမ်းကြောင်းအရ ဖြေရှင်းတာကိုရော လက်မခံနိုင်တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ငွေကုန်လူပန်းဖြစ်တဲ့ ပြဿနာဖြေရှင်းနည်းကို လက်မခံဘဲ ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ချင်တာ ဖြစ်ပါစေလို့ ဆုတောင်းတယ်လို့ ကချင်ခရစ်ယာန်အမျိုးသမီးတဦးက ဆိုပါတယ်။ ချင်းလူမျိုးအဖွဲ့အစည်းမှာလည်း ခရစ်ယာန်အမျိုးသမီးတွေဟာ တရားရုံးကို မသွားတော့ဘဲ ဘာသာရေးအရ တိုက်ရိုက်တွေ့ဆုံပြီး စေ့စပ်ဆွေးနွေးပြဿနာ ဖြေရှင်းတဲ့နည်းကို သုံးကြပါတယ်။ ပြဿနာရှိတဲ့ အမျိုးသမီးဟာ ဘုရားရှိခိုးကျောင်းကို အရင်သွားပြီး ဓမ္မဆရာကို တင်ပြပါတယ်။ ဓမ္မဆရာဟာ ဘုရားစာကို ကိုးကားပြီး ပြဿနာ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ ဘုရားရှိခိုးကျောင်းမှာ ဖြေရှင်းလို့မရတော့မှ ရပ်ကွပ်အုပ်ချုပ်ရေးမှူးကို သွားကြပါတယ်။

ဒါကြောင့်မို့ ခရစ်ယာန်အဖွဲ့အစည်းမှာ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းမှာ ပါဝင်လာဖို့ လိုအပ်နေပြီလို့ ချင်းအမျိုးသမီးတဦးက မြင်ပါတယ်။ ဝန်ထမ်းလောကမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ ရှိသလို၊ ခရစ်ယာန်အဖွဲ့အစည်း ရှိတယ်လို့ ဆိုပါတယ်။ ချင်းလူ့အဖွဲ့အစည်းမှာ အမျိုးသမီးရဲ့ အားသာချက်ကို အသိမပြုကြဘူးလို့ သူက ယူဆပါတယ်။ ဘက်စုံက လေ့လာသုံးသပ်ပြီး ပြဿနာကို ချဉ်းကပ်တဲ့ အမျိုးသမီးဟာ စေ့စပ်ဆွေးနွေးတဲ့ စွမ်းရည်ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဘုရားရှိခိုးကျောင်းကရော၊ ချင်းလူမျိုးအဖွဲ့အစည်းကရော အသိမပြုကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ချင်းနိုင်ငံရေးလောကနဲ့ ချင်းခရစ်ယာန်အဖွဲ့အစည်းတွေမှာ ထင်ရှားတဲ့ အမျိုးသမီးတယောက်မှ မရှိတာ ဖြစ်ပါတယ်။

ခရစ်ယာန်အမျိုးသမီးတွေဟာ ပြဿနာအကျပ်အတည်းနဲ့ ရင်ဆိုင်ရပြီဆိုရင် ဓမ္မဆရာဆီ ရင်ဖွင့်လေ့ရှိပါတယ်။ ဒါပေမဲ့ ဓမ္မဆရာဟာ အမျိုးသားတွေဖြစ်နေတာမို့ အမျိုးသမီးကိစ္စကို နားမလည်ကြတာ များပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းက ပါဝင်ဖို့ လိုအပ်နေပြီလို့ ကချင်နဲ့ ရန်ကုန် ခရစ်ယာန်အချို့က ယူဆပါတယ်။ အမျိုးသမီးဓမ္မဆရာရှိရင် အမျိုးသမီးပြဿနာကို ဖြေရှင်းရတာ ပိုပြီးထိရောက်မယ်လို့ ယုံကြည်ကြပါတယ်။ စစ်အာဏာရှင်ခေတ် ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ မြန်မာ့အမျိုးသမီးရေးရာအဖွဲ့ချုပ်ဆိုတာ ရှိပေမယ့် အယုံအကြည်ရှိသူ နည်းတာကြောင့် ၂၀၁၆ မှာ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ မုဒိမ်းမှုဖြစ်ရင် ဓမ္မဆရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးအသင်းအဖွဲ့၊ ဆရာဝန်၊ ရှေ့နေ၊ တရားရုံး စသဖြင့် အဆင့်ဆင့်သွားရတာ ကာယကံရှင်အဖို့ ဒုက္ခရောက်လွန်းတဲ့အတွက် အောက်ခြေမှာ စေ့စပ်ဆွေးနွေးဖြေရှင်းကြတာ ဖြစ်ပါတယ်။

မြန်မာ့တရားစီရင်ရေးစနစ်ဟာ ငွေကုန်ကြေးကျများပြီး အချိန်ကြန့်ကြာလွန်းပါတယ်။ မြန်မာစကားမတတ်တဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတွေအတွက် မသင့်တော်တဲ့နေရာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေ အဂတိလိုက်စားပြီး မတရားလုပ်မှာကို အမြဲတမ်းစိုးရိမ်ကြောက်လန့်နေရတဲ့ စနစ်ပါ။ ဒါကြောင့် အမျိုးသမီးတွေ အမှုဖြစ်ပြီဆိုရင် တရားဥပဒေကြောင်းအရ လုပ်နေမယ့်အစား ဓလေ့ထုံးစံ လုပ်နည်းလုပ်ထုံးအရ စေ့စပ်ဖြေရှင်းကြဖို့ မြစ်ကြီးနား၊ မော်လမြိုင် နဲ့ ရန်ကုန်ရှေ့နေတွေက အကြံပေးကြပါတယ်။ မုဒိမ်းမှုဟာ လျှော်ကြေးပေးလိုက်ရုံနဲ့ နိဂုံးချုပ်သွားတာ မဟုတ်ပါဘူး။

အမျိုးသမီးကို နှိမ်ပြီးဆက်ဆံတဲ့ဓလေ့ကြောင့် ကာယကံရှင်အမျိုးသမီးဟာ နာမည်ပျက်သွားပြီး အတင်းအဖျင်း ပြောခံရတဲ့ဘဝကို ရောက်သွားပါတယ်။ လျော်ကြေးပေးတဲ့ အမျိုးသားဟာ မုဒိမ်းမှုကနေ လွတ်မြောက်သွားပေမယ့် အမျိုးသမီးကတော့ မကောင်းတဲ့အကျိုးဆက်တွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေမှာ ဘာသာရေး သဘောတရားနဲ့သာ စိတ်ဖြေရမလို ဖြစ်နေပါတယ်။ မုဒိမ်းမှုဖြစ်ပြီဆိုရင် ကျူးလွန်သူကို အပြစ်တင်လေ့မရှိဘဲ ကျူးလွန်ခံရသူရဲ့ ဝတ်စားဆင်ယင်မှုကြောင့်ဆိုတဲ့ လွဲမှားတဲ့အယူအဆကြောင့် အမျိုးသမီးဘက်က ပိုပြီးနစ်နာရတာကို ဒေါက်တာမေဝင်းမြင့် က မေလက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားပါတယ်။