ပြည်သူ့ခုခံစစ်နဲ့ စစ်ကောင်စီအရံတပ်များ

မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှု အတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ ( Photo : CJ )

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရဟာ တနှစ်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့၊ PDF ပေါင်း (၂၅၇) ခုကို ဖွဲ့စည်းနိုင်ပြီး၊ မြို့နယ်ပေါင်း (၂၅၀) မှာ ဒေသခံကာကွယ်ရေးအဖွဲ့ကို စနစ်တကျ တည်ထောင်နိုင်တယ်လို့ မကြာမီက ကြေညာပါတယ်။ ဒေသခံမြို့ပြပြောက်ကြားတပ်ဖွဲ့ (၄၀၀) ကျော်နဲ့လည်း ချိတ်ဆက်ပြီး တိုက်ပွဲဝင်ဖို့ စီစဉ်နိုင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလထုတ် အမေရိကန် ငြိမ်းချမ်းရေးဌာန၊ USIP မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့ အစီရင်ခံစာမှာတော့ PDF တပ်ဖွဲ့ (၁၃၂) ဖွဲ့ ရှိတယ်လို့သာ ဖော်ပြပါတယ်။ အမြဲတမ်း ပြောင်းလဲတဲ့အခြေအနေကို နိုင်ငံခြားက လေ့လာရာမှာ အခက်အခဲ ရှိပုံရပါတယ်။

ဒါပေမဲ့ USIP အစီရင်ခံစာရဲ့ ထူးခြားမှုကတော့ ဒေသလိုက်၊ PDF ခုခံစစ်အရေအတွက်ကို ဖော်ပြတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF အများဆုံးရှိပြီး၊ မကွေးက ဒုတိယ၊ မန္တလေးနဲ့ ချင်းပြည်နယ်ကတော့ တတိယအများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ ဝင်ရောက်ကူညီဖို့ ခက်ခဲပေမယ့် နိုင်ငံတကာရဲ့ လူသားချင်းစာနာရေး ကူညီထောက်ပံ့မှုကို အမေရိကန်အစိုးရက ဦးဆောင်သင့်တယ်လို့လည်း USIP လေ့လာရေးအဖွဲ့က ထောက်ခံတင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာ နေရပ်ကိုစွန့်ခွါရသူ (၂၄၀,၆၀၀) ရှိလာပြီး၊ မကွေးတိုင်းမှာ (၅၀,၅၀၀) ဦး၊ ချင်းပြည်နယ်မှာ (၃၆,၃၀၀) ဦးရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က မေလ (၆) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဘာသာရေးအဆောက်အဦးနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေ အနည်းဆုံး (၈၈၉၀) လုံး ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ တက်လာပြီးမှ တပြည်လုံးမှာ နေရပ်ကိုစွန့်ခွါသူဦးရေ (၅၇၈,၂၀၀) ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ကြွက်မနိုင် ကျီမီးရှို့ ဆိုသလို PDF တပ်တွေကို မနှိမ်နင်းနိုင်တဲ့ စစ်ကောင်စီတပ်ဟာ နီးစပ်ရာကျေးရွာတွေကို မီးရှို့ဖျက်ဆီးပါတယ်။ ဒီနေရာမှာ စစ်ကောင်စီ ထောက်ခံသူ ပျူစောထီးတွေလည်း ပါဝင်နေပါတယ်။ ကြံ့ဖွံ့ပါတီဝင်၊ မဘသအဖွဲ့ဝင်နဲ့ စစ်မှုထမ်းဟောင်း အများဆုံးပါဝင်တဲ့ ပျူစောထီးဟာ ပြည်သူ့ပစ္စည်း ဖျက်ဆီးခွင့်နဲ့ ပြည်သူကိုသတ်ဖြတ်ခွင့် ရထားတဲ့အဖွဲ့လို ဖြစ်နေပါတယ်။

PDF ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထူးခြားချက်ကတော့ မြေလတ်နဲ့ အထက်အညာက ဗမာတွေ အများအပြား ပါဝင်လာတာ ဖြစ်ပါတယ်။ ယုံကြည်ချက်နဲ့ ခုခံတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်မှာ အကျအရှုံးများပါတယ်။ အသေအပျောက်များတဲ့အခါ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးနဲ့ ကျေးရွာတွေကို ပစ်ခတ်တဲ့အပြင် လေကြောင်းကလည်း ဗုံးကြဲပြီးတုံ့ပြန်ပါတယ်။ အရင်က တိုင်းရင်းသားကသာ လက်နက်ကိုင်တာပါ။ စစ်အာဏာသိမ်းပြီးမှ ဗမာလက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ အလျင်အမြန်ပေါ်ထွက်လာတာကို တအံ့တသြ ဖြစ်နေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အင်အားသုံးပြီး တုံ့ပြန်ပါတယ်။ သူတို့ထက်အဆင့်နိမ့်တဲ့ ပျူစောထီးနဲ့သွေးသောက်လို အရပ်သားလူမိုက်အုပ်စုတွေကိုလည်း အသုံးပြုပါတယ်။

မြန်မာပြည်ဟာ လူမျိုးစုံနေထိုင်တဲ့ဒေသဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်တဲ့ ပြည်နယ်တွေမှာလည်း လက်နက်ကိုင်မျိုးစုံ ရှိပါတယ်။ တပ်သား (၁၀) ဦးက (၁၀၀) အထိရှိတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူ့စစ် ဖြစ်လာပါတယ်။ ပြည်သူ့စစ်မှာ တပ်မတော်ရဲ့ ထောက်ပံ့မှုမရပေမယ့် စစ်ဆင်ရေးမှာ အကူအညီပေးရပါတယ်။ အများအားဖြင့် တပ်မတော်နဲ့ အပစ်ရပ်လိုက်လို့ လုပ်ပိုင်ခွင့်တွေ ရလာသူတွေ ဖြစ်ပါတယ်။ စစ်တပ်ကလေ့ကျင့်ပြီး လက်နက်ပေးထားတဲ့ ပြည်သူ့စစ်လည်း ရှိပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုနဲ့ ခေါင်လန်ဖူးက ရဝမ်ပြည်သူ့စစ်နဲ့ ဝိုင်းမော်မြို့နယ်က လီစူးပြည်သူ့စစ်ဟာ စစ်တပ်က ဖွဲ့စည်းထားတဲအဖွဲ့တွေ ဖြစ်ပါတယ်။ လူနည်းစုတွေကို ပြည်သူစစ်အဖြစ် အသွင်ပြောင်းလိုက်တာပါ။ တာလောကြီးက ရှမ်းနီ (ခေါ်) ထိုင်းလိုင် ပြည်သူ့စစ်ဟာလည်း စစ်တပ်ရဲ့ ဖန်တီးမှုတခု ဖြစ်ပါတယ်။

ပြည်သူ့စစ်မှာ အင်အားအမျိုးမျိုး ရှိပါတယ်။ စစ်သည် တရာမပြည့်တဲ့အဖွဲ့ ရှိသလို၊ လေးငါးရာအထိရှိတဲ့ ပြည်သူ့စစ်လည်း ရှိပါတယ်။ ဥပမာ ကွတ်ခိုင်က ကောင်းခါးပြည်သူ့စစ်ဆိုရင် တပ်ဖွဲ့ (၅) ဖွဲ့ရှိပြီး စုစုပေါင်းအင်အား (၃၀၀၀) လောက် ရှိပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ တပ်ရင်း (၄) က ပေါက်ဖွားလာတဲ့ ပြည်သူ့စစ် ဖြစ်ပါတယ်။ တပ်ရင်း (၄) ဟာ KIA က ခွဲထွက်ပြီး၊ စစ်တပ်နဲ့ အပစ်ရပ်တဲ့အခါမှာ ကချင်ကာကွယ်ရေးတပ် KDA ဖြစ်လာပါတယ်။ ၂၀၁၀ ရောက်တော့ စစ်တပ်လက်အောက်ခံ ကောင်းခါးပြည်သူ့စစ် ဖြစ်လာပြီး၊ ကိုယ်နည်းကိုယ်ဟန်နဲ့ ရန်ပုံငွေ ရှာကြပါတယ်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တောင်ပိုင်းမှာ ရှမ်းနီ (ခေါ်) ထိုင်းလိုင်လူမျိုးစု သုံးသိန်းလောက်ရှိပြီး၊ ကချင်နဲ့ ပဋိပက္ခဖြစ်တဲ့ သမိုင်း ရှိပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စစ်တပ်က ရှမ်းနီပြည်သူ့စစ် ဖွဲ့စည်းလိုကတာပါ။ ခွန်ဆာရဲ့တပ်ဖွဲ့ အညံ့ခံတဲ့အခါမှာလည်း ပြည်သူ့စစ်အများအပြား ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဟာ စစ်ကောင်စီရဲ့ အရံတပ်ဖွဲ့တွေဖြစ်လို့၊ PDF ပြည်သူ့တပ်ဖွဲ့နဲ့ သဘာဝချင်း မတူပါဘူး။ ဒါကြောင့် အရံတပ်ဖွဲ့အဖြစ် အသုံးတော်ခံတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ အမြင်ပြောင်းပြီး၊ PDF ပြည်သူ့တပ်နဲ့ ပူးပေါင်းမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

==Unicode ===







