Your browser doesn’t support HTML5
ထိုင်းစစ်ဦးစီးချုပ်ဟောင်းနဲ့ ဘုရင့်အတိုင်ပင်ခံ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရမ်တေနစူလာနောင်နဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်တို့ ၂၀၁၂ က ထိုင်းနိုင်ငံမှာ တွေ့ဆုံပါတယ်။ တပ်ချုပ်ကြီးမင်းအောင်လှိုင်က သူကို မွေးစားသားအဖြစ် လက်ခံဖို့ပြောတာကို အိမ်ထောင်မရှိတဲ့ တေနစူလာနောင် က သဘောတူခဲ့တယ်လို့ ၂၀၁၄ ဇူလိုင် (၁၆) ရက်ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ နောက်တော့ ၂၀၁၃ မှာ တပ်ချုပ်ကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်က သူရဲကောင်းဘွဲ့ ချီးမြှင့်ပါတယ်။ ၂၀၁၇ မှာ ထိုင်းဘုရင်သစ်က ချီးမြှင့်တဲ့ ဆင်ဖြူရှင်သူရဲကောင်းဘွဲ့ ရရှိပြန်တာမို့ ဘွဲ့ (၂) ဘွဲ့ရ ထိုင်းသူရဲကောင်း ဖြစ်သွားပါတယ်။
၂၀၁၉ မှာ တေနစူလာနောင် ကွယ်လွန်တော့ တပ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ ဘန်ကောက်ကို သွားရောက်ဂါရဝ ပြုပါတယ်။ မိမိနဲ့တွေ့တိုင်း တေနစူလာနောင် က အကြံပေးတတ်ကြောင်း၊ သူကွယ်လွန်တာကို မိမိရဲ့ ဖခင်ဆုံးရှုံးသလို ခံစားရကြောင်း တပ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောပြတာကို ၂၀၁၉ ဇွန်လ (၁) ရက်နေ့ထုတ် Bangkok Post မှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း တက်စင်ရှီနာဝပ်ကတော့ သူကိုဖြုတ်ချတဲ့ စစ်အာဏာသိမ်းပွဲမှာ တေနစူလာနောင်လည်း ပါဝင်တယ်လို့ စွပ်စွဲပါတယ်။
ရွေးကောက်ပွဲနိုင်သူကို တပ်ချုပ်ကြီးမင်းအောင်လှိုင်က ဖြုတ်ချလိုက်တာဟာ ထိုင်းအစဉ်အလာနဲ့ နီးစပ်နေပါတယ်။ ထိုင်းသမိုင်းမှာ ရွေးကောက်တင်မြောက်တဲ့ အစိုးရကို ထိုင်းစစ်တပ်က ဖယ်ရှားတဲ့အကြိမ် များလွန်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဝီကီပီးဒရားကတော့ (၁၈) ကြိမ် စစ်အာဏာသိမ်းပြီး အခြေခံဥပဒေကို (၁၈) ကြိမ် ရေးဆွဲတယ်လို့ ဆိုပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေကို (၂၀၀၆) မှာတကြိမ်၊ (၂၀၁၄) မှာတကြိမ် (၈) နှစ်အတွင်း (၂) ကြိမ် စစ်အာဏာသိမ်းပြီး ဖြုတ်ချပါတယ်။ အခြေခံဥပဒေအရ ရပ်တည်တဲ့ ဘုရင်စနစ်ကို ကျင့်သုံးတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။ စစ်တပ်၊ အရင်းရှင်၊ ဗျူရိုကရက်၊ ဘုရင်အခြွေအရံ၊ ခေတ်ပညာတတ်စတဲ့ လူတန်းစားတစု ဆုံးဖြတ်တာကို ဘုရင်က အတည်ပြုတဲ့ နိုင်ငံရေးစနစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးပြီး ဖော်ပြတဲ့ အများစုဆန္ဒကို တန်းဖိုးမထားတဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။
ထိုင်းအာဏာသိမ်းပွဲတွေရဲ့ ထူးခြားချက်တခုက အသေအပျောက် အလွန်နည်းတာပါပဲ။ ၂၀၁၄ မှာ ဗိုလ်ချုပ်ကြီးပရာယွဒ် အာဏာသိမ်းတော့ သွေးထွက်သံယိုမှု မရှိပါဘူး။ ဒါကြောင့် မြန်မာပြည် အကြမ်းဖက်နှိမ်နင်းတာကို လက်မခံနိုင်ကြောင်း ဝန်ကြီးချုပ်ပရာယွဒ်ချန်အိုချာ က ဧပြီလ (၇) ရက်နေ့မှာ ပြောတာကို Bangkok Post မှာ ဖော်ပြပါတယ်။ ဆန္ဒပြသူကို ပစ်သတ်တာမျိုး ထိုင်းသမိုင်းမှာ ရှားပါတယ်။ သမ္မာဆတ်တက္ကသိုလ်မှာ ၁၉၇၆ ပစ်ခတ်မှုကို အဆိုးဝါးဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ လုံခြုံရေးတပ်တွေပစ်လို့ (၄၆) ဦး သေဆုံးပြီး၊ နှစ်ရာနီးပါး ဒဏ်ရာရတယ်လို့ အစိုးရက ကြေညာပါတယ်။ ဆန္ဒပြသူတွေကတော့ တရာလောက် သေဆုံးတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာတော့ စစ်အစိုးရတွေ သတ်ဖြတ်လို့ သေဆုံးရတဲ့ ဆန္ဒပြသူ အရပ်သားပေါင်း ထောင်သောင်းချီနေပါတယ်။
၂၀၁၇ အခြေခံဥပဒေသစ်အရ ထိုင်းနိုင်ငံတခုလုံးဟာ စစ်တပ်လက်အောက်ခံ ဖြစ်သွားပါတယ်။ ၂၀၁၄ မှာ ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန်အိုချာ စစ်အာဏာသိမ်းပြီး (၅) နှစ်လောက် အတိုက်အခံတွေကို နှိမ်နင်းလိုက်တဲ့အခါမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ပရာယွဒ်နိုင်တဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာ ပယ်မဲ (၂) သန်းကျော် ရှိပါတယ်။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ တပ်ချုပ်ကြီးဟာ ပရာယွဒ် ဖြတ်သန်းခဲ့တဲ့လမ်းကို ဦးတည်နေပုံ ရပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းလို့ ထိုင်းစီးပွားရေး ထိခိုက်သွားမှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက ဆိုပါတယ်။ ထားဝယ်စီမံကိန်း ရပ်ဆိုင်းလိုက်ရပေမယ့် ထိုင်းက ထုတ်လုပ်တဲ့ စားသုံးကုန်တွေ မြန်မာပြည်မှာ ဝယ်လိုအား ကောင်းနေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ စစ်တပ်ကြီးစိုးနေတဲ့ အချိန်ကာလနှစ် (၅၀) အတွင်းမှာ စီးပွားရေး ကျဆင်းဆုတ်ယုတ်သွားပါတယ်။ ဒီအချိန်အတွင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်ပွားပေမယ့် စီးပွားရေး ကျဆင်းဆုတ်ယုတ်တာမျိုး မရှိပါဘူး။ စီးပွားရေး ပုံမှန်တိုးတက်ဖွံ့ဖြိုးနိုင်အောင် လွတ်လပ်တဲ့ ဗဟိုဘဏ်နဲ့ နိုင်ငံတော်ဘဏ္ဍာရေးအဖွဲ့အစည်းတွေ စီမံတာကို ထိုင်းစစ်အစိုးရတွေက လိုက်နာပြီး ပုဂ္ဂလိကလုပ်ငန်းတွေကို ဆုံးဖြတ်ပိုင်ခွင့် ပေးတဲ့အတွက် ထိုင်းစီးပွားရေး တိုးတက်တာလို့ သုံးသပ်ကြပါတယ်။ မြန်မာစစ်ဗိုလ်တွေက အာဏာပြနေချိန်မှာ ထိုင်းစစ်ဗိုလ်တွေက ကျွမ်းကျင်သူတွေကို တန်းဖိုးထားတဲ့သဘော ဖြစ်ပါတယ်။
၁၉၇၆ မှ ၂၀၁၀ အတွင်း စစ်အာဏာသိမ်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ထိုင်းစီးပွားရေး တိုးတက်မှုကို မထိခိုက်ဘူးလို့ ချုလာလောင်ကောင် တက္ကသိုလ်မှာ ၂၀၁၃ က တင်သွင်းတဲ့ စီးပွားရေးကျမ်းမှာ အမျိုးသမီးပညာရှင် Gayvaleen Kijkul က သုံးသပ်ပါတယ်။ မြန်မာပြည်မှာတော့ စစ်ဗိုလ်တွေ အာဏာရှိလေ၊ စီးပွားရေး ထိခိုက်လေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ထိုင်းစစ်ဗိုလ်လို မကြိုက်တဲ့ အစိုးရကို ဖြုတ်ချပြီး နိုင်ငံရေးလုပ်စားဖို့ ကြိုးပမ်းတဲ့ ဗမာစစ်ဗိုလ်တွေရဲ့ လုပ်ရပ်ဟာ ဖားတုလို့ ခရုခုန် ပြည်ပျက်ရုံ ဆိုသလို ဖြစ်နေပါတယ်။
==Unicode==