Your browser doesn’t support HTML5
နိုင်ငံခြားရင်းနှီးမြုပ်နံှမှု လက်ခံရရှိတဲ့ ရည်ရွယ်ချက်တွေကို ၂၀၁၆ အောက်တိုဘာလမှာ ပြဌာန်းတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေမှာ ဖော်ပြပါတယ်။ နိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေး လူသားရင်းမြစ်ဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည် မြင့်မားတဲ့ လုပ်ငန်းဖွံ့ဖြိုးရေး၊ နည်းပညာဖွံ့ဖြိုးရေး၊ ပညာရပ်နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာစံနှုန်းမီလုပ်ငန်း ပေါ်ထွက်ရေးနဲ့ နိုင်ငံတကာအသိုက်အဝန်းမှာ နိုင်ငံသားတွေ ယှဉ်တွဲလုပ်ကိုင်နိုင်ရေး စတာတွေကို ရည်ရွယ်ချက်မှာ ဖော်ပြထားပါတယ်။ ဒီရည်ရွယ်ချက်တွေ အကောင်အထည်ပေါ်တဲ့ အတိုင်းအတာကိုလိုက်ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ကြပါတယ်။
ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ UNCTAD ရဲ့ ၂၀၁၇ ထုတ် ကမ္ဘာ့ရင်းနှီးမြုပ်နံှမှု အစီရင်ခံစာ World Investment Report အရဆိုရင် အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ၂၀၁၆ မှာ ကျဆင်းလာပါတယ်။ ဗိယက်နမ်မှာလည်း (၇) ရာခိုင်နှုန်း တိုးပွားလာပါတယ်။ မြန်မာပြည်မှာတော့ လျှပ်စစ်ဓါတ်အားမလုံလောက်မှုကို နိုင်ငံခြားကုမ္ပဏီတွေ စိုးရိမ်ကြောင့်ကြနေကြပေမယ့် သယ်ယူပို့ဆောင်ရေး၊ တယ်လ်လီကွမ်းနဲ့ အထည်ချုပ်လုပ်ငန်းကို စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။
လက်ရှိ NLD အစိုးရလက်ထက်မှာ ပြည်တွင်းပြည်ပလုပ်ငန်း (၄၀၀) ကျော်ကို လုပ်ခွင့်ပေးနိုင်တဲ့အတွက် အလုပ်အကိုင် (၂) သိန်းနီးပါး ဖန်တီးပေးနိုင်ခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒု-ဝန်ကြီးက ပြောဆိုကြောင်း သိရပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ စက်ရုံ (၄၀၀) ကျော် ရှိလာပြီး၊ အလုပ်သမား (၄) သိန်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ ထောက်ပံ့ရေး ဝန်ဆောင်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းမှာ ပြည်တွင်းပြည်ပက ရင်းနှီးကြဖို့ မြန်မာ့ရင်းနှီးမြုပ်နံှမှုကော်မရှင်က ဆော်သြနေပါတယ်။ ကားလမ်း၊ ရထားလမ်းဆုံရာ Dry Port ကို မန္တလေးမှာ မနှစ်က တည်ဆောက်ပြီးစီးခဲ့ပါပြီ။ ရန်ကုန်တိုင်း ရွာသာကြီးနဲ့ မန္တလေး မြစ်ငယ်မှာလည်း Dry Port တွေ တည်ဆောက်နေတာ ရှေ့နှစ် ဧပြီလမှာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။ စက်ပစ္စည်းအပါအဝင် ကုန်ထုတ်လုပ်ငန်းတွေ တည်ထောင်ဖို့လည်း ကော်မရှင်က ဖိတ်ခေါ်နေပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နံှမှု များတိုင်း နိုင်ငံတိုးတက်ဖွံ့ဖြိုးတာ မဟုတ်ပါဘူး။ တိုင်းသူပြည်သားတွေကို စွမ်းရည်မြှင့်တင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာ ရင်းနှီးမြုပ်နံှမှသာ တိုင်းသူပြည်သားတွေ အကျိုးခံစားရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ မြန်မာ့သယံဇာတကို ထုတ်ယူဖို့သာ နိုင်ငံခြားကုမ္ပဏီတွေ စိတ်ဝင်စားကြပါတယ်။ သဘာဝသယံဇာတ ထုတ်ယူမှုမှာ ထုတ်ယူသူက အများဆုံး အကျိုးခံစားရပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး ကြေးနီထုတ်လုပ်တာကို အခုအချိန်အထိ ဒေသခံလူထုက ကန့်ကွက်ဆန္ဒပြနေတုန်း ဖြစ်ပါတယ်။ သယံဇာတ ထုတ်ယူနေတဲ့ တရုတ်ကို လူမုန်းများပြီး တရုတ်နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ စစ်တပ်ပိုင်ကုမ္ပဏီရဲ့ အခန်းကဏ္ဍကိုတော့ ဒေသခံတွေ မေ့နေကြပုံ ရှိပါတယ်။ သယံဇာတကရတဲ့ငွေကို အနာဂတ်မျိုးဆက်တွေ အကျိုးခံစားရနိုင်အောင် စီစဉ်ဖို့ လိုပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေ တိုးပွားလာပေမယ့် တိုင်းပြည်အတွက် အကျိုးမရှိရင် တိုးတက်ဖွံ့ဖြိုးမှုလည်း မရှိနိုင်ကြောင်း ဂျပန်စီးပွားရေးပညာရှင် Toshihiro Kudo နဲ့ Satoru Kumagai တို့ စာတမ်းရေး ပြောဆိုထားပါတယ်။ မြန်မာ့သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားကုမ္ပဏီတွေ အာရုံစိုက်နေချိန်မှာ ဗိယက်နမ် ကုန်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နံှတဲ့အတွက် ပို့ကုန်တန်းဖိုးမြှင့်မားလာပုံကို နှိုင်းယှဉ်လေ့လာထားတာ ဖြစ်ပါတယ်။ ဗိယက်နမ်ဟာ မတူကွဲပြား အမျိုးအမည်များတဲ့ ကုန်ထုတ်လုပ်ငန်းအမျိုးမျိုးမှာ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု လက်ခံတဲ့အတွက် ပို့ကုန်ပစ္စည်း ထုတ်လုပ်နိုင်ပါတယ်။ Telecom နဲ့ အသံဆိုင်ရာပစ္စည်း၊ အဝတ်အထည်လုပ်ငန်း၊ ဘိနပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ ရေနံဆိုင်ရာပစ္စည်း စတဲ့ ကုန်ချောပစ္စည်း (၁၀) မျိုးလောက်ဟာ ပို့ကုန်ပမာဏရဲ့ (၇၅) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာပြည်မှာ သယံဇာတကုန်ကြမ်း ထုတ်ယူနေချိန်မှာ ဗိယက်နမ်မှာ ကုန်ချောပစ္စည်း ထုတ်လုပ်ပြီး ပို့ကုန်အဖြစ် ရောင်းချပါတယ်။ ကုန်ချောပစ္စည်း (၁၀) မျိုးလောက်ဟာ ပို့ကုန်ပမာဏရဲ့ (၇၅) ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ ရှင်သန်လာတဲ့အတွက် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ တင်ပို့မှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ၁၉၉၀ မှာ ဗိယက်နမ်ရဲ့ ပို့ကုန် (၃၄) ရာခိုင်နှုန်းဟာ ရေနံနဲ့ ရေနံထွက်ပစ္စည်း ဖြစ်ပေမယ့် အနှစ် (၂၀) အတွင်း (၆) ရာခိုင်နှုန်းအထိ လျှော့ချနိုင်တာ တွေ့ရပါတယ်။ ဗိယက်နမ်ဟာ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုရဲ့ အကျိုးအမြတ်ကို ခံစားနေရပြီ ဖြစ်ပါတယ်။
မြန်မာပြည်ကတော့ ကုန်ချောပစ္စည်း အမယ်များများထုတ်လုပ်ပြီး တင်ပို့ရောင်းချတဲ့ အခြေအနေ မရှိသေးပါဘူး။ မြန်မာ့ပို့ကုန်တဝက်လောက်ဟာ တရုတ်နဲ့ ထိုင်းကို ရောင်းချနေတဲ့ သဘာဝဓါတ်ငွေ့ပါ။ ကျန်တဲ့ ပို့ကုန်တွေဟာ သစ်၊ အဝတ်အထည် နဲ့ လယ်ယာထွက်ကုန်တွေ ဖြစ်ပါတယ်။ ကုန်ချောပစ္စည်း ထုတ်လုပ်ပြီး တင်ပို့နိုင်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နံှမှုဟာ အရေးကြီးပါတယ်။ မြန်မာ့ပို့ကုန် ကမ္ဘာ့ဈေးကွက်မှာ ဝင်ဆန့်လာရင် နိုင်ငံခြားအရင်းအနှီးတွေ လှိမ့်ဝင်လာပါလိမ့်မယ်။ အိမ်နီးချင်းတွေရဲ့ အတွေ့အကြုံကို သင်ခန်းစာယူနိုင်ရင် မတိုးတက်စရာ အကြောင်းမရှိဘူးလို့ ယူဆကြပါတယ်။