Your browser doesn’t support HTML5
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
တပ်မတော်ကို အလွဲသုံးစားလုပ်ပြီး အာဏာရှင်စနစ် တည်ဆောက်တာဟာ မြန်မာစစ်ခေါင်းဆောင်ပိုင်းရဲ့ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ ဒီအစဉ်အလာကြောင့် စစ်ခေါင်းဆောင်ပိုင်းဟာ သူတို့လိုချင်တာ မရရင် အာဏာသိမ်းပြီး အနိုင်ကျင့်ဖို့သာ စိတ်ကူးကြပါတယ်။ ဒီတခါမှာတော့ အနိုင်ကျင့်တာကို ခုခံတွန်းလှန်တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့ ထိပ်တိုက်တွေ့နေရပါပြီ။ ကလိမ်စေ့ငြမ်းဆင်တဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေကို ယုံကြည်လက်ခံဖို့ နိုင်ငံအတော်များများမှာ အခက်အခဲ ရှိလာပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဥပဒေအရ အရေးမယူနိုင်သေးတာဟာ စစ်ခေါင်းဆောင်တွေအကြိုက် ဖြစ်နေပါတယ်။ ဥပဒေအရ အရေးယူလို့ စစ်ကောင်စီပြုတ်ကျသွားမှာ မဟုတ်ပေမယ့် နိုင်ငံတကာအသိုက်အဝန်းက လက်မခံဘူးဆိုတာကို ပြသဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် Chris Gunness ဦးဆောင်တဲ့ လန်ဒန်အခြေစိုက် MAP မြန်မာ့အရေးအဖွဲ့က စစ်ကောင်စီကို အရေးယူဖို့၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လျှောက်ထားပါတယ်။ ICC ကို လက်ခံကြောင်း NUG အမျိုးသားညီညွှတ်ရေးအစိုးရက အကြောင်းကြားပြီးပါပြီ။ NUG ရဲ့ လုပ်ပိုင်ခွင့်ကို Fortify Rights အဖွဲ့ကလည်း တင်ပြထားပါတယ်။
မြန်မာပြည်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် NUG အမျိုးသားညီညွှတ်ရေးအစိုးရဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို စီရင်ပိုင်ခွင့် ပေးနိုင်ပါတယ်။ ICC ကို ရောမဥပဒေအရ ဖွဲ့စည်းထားတာမို့ ရောမဥပဒေအရ ICC ကို စီရင်ဆုံးဖြတ်ခွင့်ပေးကြောင်း NUG အစိုးရက အကြောင်းကြားခြင်းအားဖြင့် အရေးယူနိုင်ပါတယ်။ နောက်တနည်းကတော့ ရောမစာချုပ်ကို NUG လက်မှတ်ရေးထားပြီး အရေးယူအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ICC တည်ထောင်တဲ့ ၂၀၀၂ နောက်ပိုင်းက အမှုတွေကို အရေးယူနိုင်ပါတယ်။ ရောမစာချုပ်ကို သဘောတူကြောင်း ဖော်ပြတဲ့ စာရွက်စာတမ်းကို NUG အစိုးရက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို ပေးအပ်ရပါတယ်။ လက်ခံတယ်ဆိုရင် မြန်မာဟာ ရောမစာချုပ်ဝင် ဖြစ်လာတာမို့ စစ်ကောင်စီကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မဟာမိတ်ရုရှားနဲ့ တရုတ်ဟာ ရောမစာချုပ်ဝင်နိုင်ငံတွေ မဟုတ်တဲ့အတွက် ကန့်ကွက်နိုင်စွမ်း မရှိပါဘူး။
မြန်မာစစ်ခေါင်းဆောင်တွေ လက်နက်အားကိုးပြီး ထင်ရာစိုင်းနေတာကို အရေးယူဖို့အတွက် ရဲရဲဝန့်ဝန့် လုပ်ဆောင်ဖို့ လိုတယ်လို့ Fortify Rights အဖွဲ့က ဆိုပါတယ်။ အရင်က ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တုန်းက နိုင်ငံတကာအသိုက်အဝန်းက ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့လို့ အခုလို အရပ်သားတွေ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူမျိုးအုပ်စုလိုက် သတ်ဖြတ်မှုကို စစ်ဆေးအပြစ်ပေးနိုင်တဲ့ တခုတည်းသော ကမ္ဘာ့တရားရုံးဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စစ်တပ်ဘက်က ရှေ့နေလက်ပေးခဲ့တဲ့ ICJ နိုင်ငံတကာတရားရုံးကတော့ ရာဇဝတ်မှု ကျူးလွန်သူကို စီရင်ပိုင်ခွင့် မရှိပါဘူး။ ICC ရာဇဝတ်ခုံရုံးကသာ စီရင်နိုင်ပါတယ်။ အမှုအားလုံးကို Prosecutor ခေါ် တရားထိုင်ရုံးက အရင်ဆုံးစစ်ဆေးပါတယ်။
NUG အမျိုးသားညီညွှတ်ရေးအစိုးရဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအရ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ အစိုးရ ဖြစ်ပါတယ်။ စစ်ကောင်စီကို တပြည်လုံးက လက်မခံနိုင်ကြောင်း ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပြသနေပါတယ်။ လက်နက်အားကိုးပြီး အကြမ်းဖက်တဲ့ စစ်အုပ်စုကို ကုလသမဂ္ဂမှာ လက်ခံတဲ့ အစဉ်အလာ မရှိပါဘူး။ တာလီဘန်အကြမ်းဖက်အုပ်စုကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုပါဘူး။ အလားတူပဲ စစ်ကောင်စီကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ၊ ဦးကျော်မိုးထွန်းကို မြန်မာ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားပါတယ်။ NUG ကို ပြင်သစ်ဆီနိတ်လွှတ်တော်က အသိအမှတ်ပြုပြီး ဥရောပပါလီမန်ကတော့ NUG ကိုရော လွှတ်တော်ကိုယ်စားပြုကော်မတီကိုရော အသိအမှတ်ပြုပါတယ်။
ဒါကြောင့်မို့ ICC မှာ စစ်ကောင်စီကို ရာဇဝတ်မှုနဲ့ အရေးယူဖို့ NUG အမျိုးသားညီညွှတ်ရေးအစိုးရမှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ ရောမဥပဒေစာချုပ်ကို လက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဆီကို NUG က အကြောင်းကြားလွှာ ပို့ပေးရပါလိမ့်မယ်။ အကြောင်းကြားလွှာကို ကုလသမဂ္ဂစာချုပ်ဌာနက စစ်ဆေးရပါတယ်။ NUG ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုမပြု ကုလသမဂ္ဂက စစ်ဆေးတဲ့သဘောပါပဲ။ ရောမစာချုပ်ဥပဒေကို လက်ခံတဲ့ နိုင်ငံတွေပါဝင်တဲ့ နိုင်ငံစုံညီလာခံက နိုင်ငံတိုင်းရဲ့ ကိုယ်စားလှယ်တွေကို စစ်ဆေးပြီး အတည်ပြုရပါတယ်။
ဒီနေရာမှာ ရောမစာချုပ်ဝင်နိုင်ငံတွေက ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ NUG ကို ကန့်ကွက်ဖို့ အလားအလာ မရှိပါဘူး။ စစ်ကောင်စီ အလိုတော်ရိတွေဖြစ်တဲ့ ရုရှား၊ တရုတ်နဲ့ အာဆီယံနိုင်ငံအချို့ဟာ ရောမစာချုပ်ဝင်နိုင်ငံတွေ မဟုတ်တဲ့အတွက် ပြောပိုင်ခွင့် မရှိကြပါဘူး။ ဒါကြောင့်မို့ NUG အနေနဲ့ ICC မှာ စစ်ကောင်စီကို အမှုစစ်နိုင်အောင် မနှေးအမြန် ဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့က ဆိုပါတယ်။ NUG အစိုးရ လိုအပ်တဲ့ ဘဏ္ဍာရေးနဲ့ အတတ်ပညာကို ကုလသမဂ္ဂက ထောက်ပံ့သင့်တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဟာ အပယ်ခံရာဇဝတ်သားဖြစ်ကြောင်း နိုင်ငံတကာဥပဒေအရ သက်သေပြဖို့ အချိန်ရောက်လာပြီ ဖြစ်ပါတယ်။
==Unicode==