Your browser doesn’t support HTML5
စစ်အစိုးရစီစဉ်တဲ့ အထက်-အောက်အသွင်ပြောင်းမှုကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ယုံကြည်တာဟာ အထင်မှား-အမြင်မှား ဖြစ်စေတယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ စစ်အုပ်စု အကျိုးစီးပွားကာကွယ်တဲ့ နည်းလမ်းနဲ့ စီမံထားတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်တာမို့ အရပ်ဘက်အသင်းအဖွဲ့ ရှင်သန်တိုးတက်ရေးကို ထိခိုက်စေတယ်လို့ လန်ဒန် Goldsmith တက္ကသိုလ်ကထိက David Brenner နဲ့ ဆွီဒင်နိုင်ငံ Lund တက္ကသိုလ်က သုတေသီ Sarah Schulman တို့က သုံးသပ်ပါတယ်။ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုထောင်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
အများအကျိုးကို ထမ်းဆောင်ကြရာမှာ အရပ်ဘက်အသင်းအဖွဲ့ဟာ တဦးချင်းအနေနဲ့ရော အုပ်စုအနေနဲ့ရော ပါဝင်ကြပါတယ်။ ဒါကြောင့် လူသားချင်းစာနာရေး၊ လူ့အခွင့်အရေး၊ ဆင်းရဲမှုလျော့ပါးရေး စတာတွေကို အကောင်အထည်ဖော်ရာမှာ အရပ်ဘက်အဖွဲ့တွေဟာ အရေးကြီးပါတယ်။ မြန်မာပြည်မှာ ပြုပြင်ရေးလုပ်လို့ အရပ်သားဘက်အဖွဲ့တွေ များပြားလာသလို အစွန်းရောက်ဂိုဏ်းတွေလည်း ပေါ်ထွက်လာပါတယ်။ မွတ်စလင် ဆန့်ကျင်ရေးကစပြီး တိုင်းရင်းသားအုပ်စု ပဋိပက္ခဖြစ်တဲ့အထိ အကြမ်းဖက်မှု တိုးပွားလာတာဟာ စစ်တပ်ရဲ့ ကြီးကြပ်အုပ်ထိန်းမှု တိုးမြှင့်ဖို့ တောင်းဆိုသလို ဖြစ်နေပါတယ်။
ရှစ်လေးလုံးအုံကြွမှုကို စစ်တပ်ကဖြိုခွင်းလိုက်ပြီး ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတဲ့အခါမှာ NLD ပါတီဝင်၊ NLD ထောက်ခံသူ၊ ကျောင်းသူကျောင်းသားနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံကြပါတယ်။ သူတို့တည်ထောင်တဲ့ အရပ်ဘက်အဖွဲ့တွေကို အပြည်ပြည်ဆိုင်ရာက ရန်ပုံငွေထောက်ပံ့ပါတယ်။ ဒီအထဲမှာ အမျိုးသမီးလှုပ်ရှားမှုဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရက အသွင်ကူးပြောင်းရေးလုပ်တဲ့အခါ နိုင်ငံတကာအလှုရှင်တွေဟာ အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး၊ နယ်စပ်က အရပ်ဘက်အသင်းအဖွဲ့တွေကို ထောက်ပံ့လျော့ချလာပါတယ်။ ဒါကြောင့် ပြည်တွင်းကိုရွှေ့ပြောင်းရတဲ့ အသင်းအဖွဲ့ ရှိလာသလို၊ ပိတ်ပစ်လိုက်ရတာတွေလည်း ရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ တည်ထောင်တဲ့ အရပ်ဘက်အဖွဲ့တွေဟာ အတွေ့အကြုံရင်ကျက်တဲ့ အသင်းအဖွဲ့ဖြစ်လို့ လူ့ဘောင်သစ်တည်ဆောက်ရာမှာ အရေးကြီးတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်စနစ် ကျင့်သုံးရေးကို အာရုံစိုက်ကြပေမယ့် ရန်ကုန်အခြေစိုက် အရပ်သားအဖွဲ့တွေကတော့ ဒီမိုကရေစီအရေး၊ တိုးတက်ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထားကြပါတယ်။ မြို့နေအရပ်ဘက်အဖွဲ့တွေဟာ အစိုးရချုပ်ကိုင်မှုနဲ့ နီးနီးကပ်ကပ်နေကြရပြီး ထိုင်းနယ်စပ်က အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ဒေသခံလူထုကို ကိုယ်စားပြုတာမို့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း စိတ်ဝင်စားကြပါတယ်။ ဒီအရပ်ဘက်အဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နားလည်မှုယူပြီး ပြည်သူ့အကျိုးသယ်ပိုးကြပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသအထိ တပ်မတော်က တပ်ဖြန့်လာတဲ့အခါမှာ ပြဿနာ ရှိလာပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသဟာ အရပ်ဘက်အသင်းအဖွဲ့ အများစုရှိရာဒေသ ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းလည်း များပါတယ်။ ဒီအထဲမှာ ကရင်အရပ်သားအဖွဲ့အစည်းတွေဟာ ထင်ရှားပြီး အပြည်ပြည်ဆိုင်ရာရဲ့ အကူအညီ ရရှိကြပါတယ်။ တိုင်းရင်းသားအသင်းအဖွဲ့တွေကို သူတို့အုပ်စုနဲ့ခွဲခြားလို့ မရပါဘူး။ သူတို့ဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ရော နိုင်ငံတကာအကူအညီနဲ့ရော ဆက်စပ်နေပါတယ်။ KNU လို လက်နက်ကိုင်အဖွဲ့ဟာ ဒေသခံလူ့အဖွဲ့အစည်းမှာ အခြေခံပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စတာတွေ အပြန်အလှန် ဆက်စပ်နေပါတယ်။ ပညာရေးနဲ့ လူမှုရေးမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုင်းရင်းသားအရပ်ဘက်အဖွဲ့ ပူးပေါင်းပြီး ဒေသခံအကျိုး သယ်ပိုးတာတွေ ရှိပါတယ်။ ဒီမိုကရေစီသမားတွေ တည်ထောင်တဲ့ သတင်းမီဒီယာအများစုဟာ နယ်စပ်မှာက မွေးထုတ်လာတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် အိုးအိမ်မဲ့ဖြစ်သွားတဲ့ ဒုက္ခသည်တွေကိုလည်း အရပ်ဘက်အဖွဲ့တွေက ကူညီစောင့်ရှောက်ပါတယ်။ နယ်စပ်နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးကို ခွဲခြားသုံးသပ်လို့ မရပါဘူး။ ဒါပေမဲ့ နယ်စပ်ဒေသက အရပ်ဘက်အဖွဲ့တွေကို တိုင်းရင်းသားလက်နက်ကိုင်ရဲ့ ကိုယ်စားလှယ်အဖြစ် သတ်မှတ်လို့ မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ သယံဇာတ တူးဖော်ရေးမှာ ပါဝင်နေတာကို အရပ်သားအဖွဲ့တွေက ဝေဖန်ရှုတ်ချကြပါတယ်။ KNU နဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ ကရင်ပြည်သူလူထုအခြေအနေ ပိုမိုဆိုးဝါးလာတာကို ကရင်အရပ်ဘက်အဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။
ထိုင်းနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေဟာ နိုင်ငံခြားထောက်ပံ့မှု ရရှိတဲ့အတွက် လုပ်ငန်းမျိုးစုံကို အောင်မြင်စွာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းကို ကြားနေသူအဖြစ် သတ်မှတ်တာကြောင့် အပြည်ပြည်ဆိုင်ရာက ထောက်ပံ့တာ ဖြစ်ပါတယ်။ NLD အစိုးရ တက်လာတဲ့အခါ အရပ်ဘက်အဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့် ကျဉ်းမြောင်းသွားပါတယ်။ တာဝန်သိပြီး ပွင့်လင်းတဲ့ အစိုးရပေါ်ပေါက်ရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။
==Unicode==