ကျောက်မီးသွေးစွမ်းအင်

Your browser doesn’t support HTML5

ကျောက်မီးသွေးစွမ်းအင်

လာမယ့် (၁၀) နှစ်အတွင်း တပြည်လုံးမှာ လျှပ်စစ်ဓါတ်အား ရရှိနိုင်ဖို့အတွက် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေကို တည်ဆောက်ရမယ်လို့ လက်ရှိအစိုးရက ဆိုပါတယ်။ လိုအပ်တဲ့လျှပ်စစ်စွမ်းအင်ရဲ့ (၃၃) ရာခိုင်နှုန်းကို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေက ထုတ်လုပ်နိုင်မှသာ တပြည်လုံးလျှပ်စစ်မီးရမယ့်သဘော ဖြစ်ပါတယ်။ လက်ရှိစွမ်းအင်မှာ ရေအားလျှပ်စစ်က (၃၈) ရာခိုင်နှုန်း၊ ဓါတ်ငွေ့သုံးလျှပ်စစ်က (၂၀) ရာခိုင်နှုန်း၊ ကျန်တဲ့ (၉) ရာခိုင်နှုန်းက နေရောင်ခြည်နဲ့ အခြားစွမ်းအင် ဖြစ်ပါတယ်။ စွမ်းအင်သုံးစွဲမှုရဲ့ (၁) ရာခိုင်နှုန်းကသာ ကျောက်မီးသွေးဖြစ်ပြီး (၂၀၃၀) မှာ ကျောက်မီးသွေးပါဝင်တဲ့ကဏ္ဍဟာ (၃၃) ရာခိုင်နှုန်းအထိ တိုးပွားလာဖွယ် ရှိပါတယ်။

အရင်ကတော့ ကျောက်မီးသွေးကို ဘိလပ်မြေစက်နဲ့ သံမဏီစက်ရုံတွေလောက်မှာပဲ အသုံးပြုတဲ့အတွက် ကျန်းမာရေးအန္တရာယ်ပေးနိုင်တယ်ဆိုတာကို သတိမထားကြပါဘူး။ လွန်ခဲ့တဲ့ မေလ (၂၈) ရက်နေ့ထုတ် Myanmar Now စာစောင်ပါ "ဖြိုးသီဟချို" ရဲ့ လေ့လာချက်အရ ရန်ကုန်ပတ်ဝန်းကျင်က စက်ရုံပေါင်း (၃၄၇၄) ရုံမှာ (၁၀) ရာခိုင်နှုန်းဟာ ဘွိုင်လာသုံးစက်ရုံတွေဖြစ်ကြောင်း သိရပါတယ်။ ဒီစက်ရုံတွေဟာ ဈေးသက်သာတဲ့ ထင်း၊ စပါးခွံနဲ့ ကျောက်မီးသွေးတို့ကို လောင်စာအဖြစ် သုံးကြပါတယ်။

စက်မှုဇုန်ရဲ့ လေထုအခြေအနေကို မြို့တော်စည်ပင်သာယာရေးကော်မီက စစ်ဆေးတဲ့အခါမှာ လေထုထဲမှာ ကန့်ဓါတ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်ပါဝင်မှု မြင့်မားနေပြီး အမှုန်အမွှားပါဝင်မှုဟာ စံချိန်စံညွှန်းကို ကျော်လွှာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လှိုင်သာယာမှာတော့ စက်ရုံကစွန့်ပစ်တဲ့ ကျောက်မီးသွေးပြာကို လမ်းခင်းတဲ့နေရာမှာသုံးသလို အုတ်ဖုတ်သူတွေကလည်း သုံးကြပါတယ်။ ကျောက်မီးသွေးပြာဟာ ကျန်းမာရေးကို တဖြည်းဖြည်း အန္တရာယ်ပေးတာကို မသိကြတာ ထင်ရှားပါတယ်။ ဘားအံ့မြို့နယ်က စစ်တပ်ပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ မြိုင်ကလေးဘိလပ်မြေစက်ရုံ အနီးတဝိုက်က ကျေးရွာအချို့မှာ ရေတွင်း၊ ရေကန်တွေ အမည်းရောင်သန်းလာတဲ့အတွက် စက်ရုံကစွန့်ပစ်တဲ့ ကျောက်မီးသွေးရေကို သံသယဖြစ်နေကြကြောင်း အောက်တိုဘာ (၁၃) ရက်နေ့က DVB သတင်းမှာ ဖော်ပြပါတယ်။

ကျောက်မီးသွေး (၄) မျိုး ရှိပါတယ်။ သက်နုအပျော့စား (၂) မျိုး၊ သက်ရင့်အမာစား (၂) မျိုးတို့ ဖြစ်ပါတယ်။ မြန်မာပြည်က ကျောက်မီးသွေးဟာ အပျော့စား Lignite နဲ့ sub-Bituminous အမျိုးအစားတွေ ဖြစ်ပါတယ်။ အပျော့စား Lignite ကျောက်မီးသွေးဟာ ဘူမိသက်တမ်း အနုဆုံးဖြစ်လို့ Tertiary Coal လို့ ခေါ်ပါတယ်။ သူ့ထက်သက်တမ်းရင့်တဲ့ sub-Bituminous ကိုတော့ Jurassic Coal လို့ ခေါ်ပါတယ်။ တီကျစ်စက်ရုံမှာ သက်တမ်းနုအပျော့စား Lignite ကို သုံးပါတယ်။ ကျောက်မီးသွေးအမာစား Bituminous က မီးခိုးအထွက်နည်းပြီး အမာဆုံး Anthracite ကတော့ မီးခိုး လုံးဝမထွက်ပါဘူး။ မြန်မာ့ကျောက်မီးသွေးဟာ အပျော့စားဖြစ်လို့ ပတ်ဝန်းကျင်ကို အများဆုံးညစ်ညမ်းစေတာမို့ အလွန်ဂရုစိုက်ဖို့ လိုပါတယ်။

မြန်မာပြည်မှာ ကျောက်မီးသွေးရှိတဲ့နေရာ (၅၀၀) နီးပါး ရှိပါတယ်။ ဒီအထဲမှာ ကလေးဝနဲ့ လားရှိုးခရိုင်ထွက် ကျောက်မီးသွေးကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာမှာ သုံးနိုင်လိမ့်မယ်လို့ JICA ဂျပန်အေဂျင်စီရဲ့ ၂၀၁၃ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ ကျောက်မီးသွေးအမာစားနဲ့ ရောနှောပြီး ဓါတ်အားစက်ရုံမှာသုံးဖို့ အကြံပေးထားပါတယ်။ မြန်မာပြည်ထွက် ကျောက်မီးသွေးအပျော့စားဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာသုံးဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ မြန်မာ့ကျောက်မီးသွေးမှာ ရေဓါတ်နဲ့ကန့်ဓါတ်များပြီး မီးလောင်မှုစွမ်းအင်နည်းတာမို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာသုံးရင် ပတ်ဝန်းကျင်တခုလုံးကို အန္တရာယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၅ မှာ ပြီးစီးတဲ့ တီကျစ်စက်ရုံကြောင့် ပတ်ဝန်းကျင်ပျက်စီးရပုံကို ပအို့ဝ်လူငယ်အဖွဲ့က (၂၀၁၁) မှာ အစီရင်ခံစာ ထုတ်ခဲ့ဖူးပါတယ်။ ဒီလိုကျောက်မီးသွေးစက်ရုံမှာ အညစ်အကြေးသန့်စင်အောင်လုပ်တဲ့စရိတ် အလွန်ကြီးမားပါတယ်။

တီကျစ်ဓါတ်အားစက်ရုံကို ရပ်ဆိုင်းဖို့ ဒေသခံနဲ့ အရပ်သားအဖွဲ့အစည်းတွေက အခုထိ တောင်းဆိုနေတုန်း ဖြစ်ပါတယ်။ ကျောက်မီးသွေးစက်ရုံကထွက်တဲ့ မီးခိုးနဲ့အမှုန်တွေဟာ လေရေထုကို ညစ်ညမ်းစေတာမို့ လူထုကျန်းမာရေးကို အန္တရာယ်ပေးပါတယ်။ အပျော့စားကျောက်မီးသွေးပုံတွေ အလိုလိုမီးလောင်လို့ ထွက်လာတဲ့ အနံဆိုးဟာ အတော်လေးဒုက္ခပေးပါတယ်။ ကျောက်မီးသွေးစက်ရုံကထွက်တဲ့ မီးခိုးမှာပါလာတဲ့ အဆိပ်ဓါတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက အပျော့စားကျောက်မီးသွေးသုံး မဲမော့လျှပ်စစ်ဓါတ်အားစက်ရုံက ထုတ်လွှင့်လိုက်တဲ့ အဆိပ်ငွေ့ကို ရှုရှိုက်မိလို့ ရောဂါခံစားရသူပေါင်း ထောင်သောင်းချီနေပြီးဖြစ်ကြောင်း သိရပါတယ်။

၂၀၃၀ မှာ တပြည်လုံးလျှပ်စစ်မီးသုံးနိုင်ဖို့အတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံပေါင်း (၁၀) ရုံလောက် တည်ဆောက်ဖို့ လက်ရှိအစိုးရက စီမံနေပါတယ်။ ကျောက်မီးသွေးကို ပြည်သူတွေကန့်ကွက်လို့ နိုင်ငံနစ်နာတာမျိုး မဖြစ်သင့်ဘူးလို့ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသန့်ဇော်က ၂၀၁၈ ဒီဇင်ဘာလမှာ ပြည်သူ့လွှတ်တော်မှာ ပြောကြားသွားပါတယ်။ ဒါပေမဲ့ ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို အန္တရာယ်မပေးနိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

==Unicode==






