ရှမ်းပြည်နယ်က တရုတ်ကိုလိုနီ

UWSA anniversary

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက နေပြည်တော်မှာ စစ်ကောင်စီ ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေထဲမှာ ‘ဝ’ တပ်ဖွဲ့ရဲ့ လားရှိုးမြို့က ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းလည်း ပါဝင်ပါတယ်။ အရင်ကလည်း တက်ရောက်ခဲ့တဲ့ အစဉ်အလာရှိတာမို့ ဖိတ်ရင်တက်နေကြ ဖြစ်တယ်လို့ ဥိးညီရန်းက ဧရာဝတီသတင်းဌာန (ဖေဖေါ်ဝါရီ ၁၄ ရက်နေ့) ကို ပြောပါတယ်။ ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေး အနှစ် (၃၀) ပြည့် အခမ်းအနား ၂၀၁၉ ဧပြီလ ပန်ဆန်းမှာ ကျင်းပတုန်းကတော့ NLD အစိုးရကသာ ကိုယ်စားလှယ်လွှတ်ပြီး သဝဏ်လွှာ ပို့ခဲ့ပေမယ့် တပ်မတော်က လုံးဝမတက်ပါဘူး။

ဒါပေမဲ့ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံအမတ် ‘ဆွန်းကော်ရန်’ ကိုတော့ အခမ်းအနားမှာ တွေ့ရကြောင်း သတင်းပေးပို့ကြပါတယ်။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်က စစ်လက်နက်ပစ္စည်းမျိုးစုံ ကိုင်ဆောင်တဲ့ စစ်အင်အားအပြည့်နဲ့ စစ်ရေးပြတာဟာ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ကာကွယ်ထားကြောင်း ပြသသလို ဖြစ်နေပါတယ်။ စစ်ပြိုင်အစိုးရနဲ့ စစ်ပြိုင်တပ်မတော်လို ဖြစ်နေတဲ့ အခမ်းအနားကို မတက်ရောက်နိုင်ကြောင်း၊ တပ်မတော်အနေနဲ့ အဆုံးစွန်သည်းခံတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲမှာ ဇွန်လ (၂) ရက်နေ့က ပြောသွားပါတယ်။

တရုတ်ပြည်အလယ်ပိုင်းနဲ့ ‘ဝ’ ဒေသမှာ ရေရှည်သုတေသန လုပ်ခဲ့သူ၊ လန်ဒန်စီးပွားရေးတက္ကသိုလ် မနုဿဗေဒပါမောက္ခ စတိန်းမူလာ Dr. Stein Muller က တရုတ်နဲ့ ‘ဝ’ ဆက်ဆံရေးအကြောင်း စာတမ်းရေးထားပါတယ်။ ‘ဝ’ ပြည်နယ်ကို ‘တောင်ပေါ်က တရုတ်ခံတပ်’ ရှန်းဂျိုင့်ဂျွန်းဂွာ Shanzhai Zhongguo လို့ တရုတ်တွေက ခေါ်တယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေက ‘ဝ’ ပြည်ကို တည်ဆောက်ထားတာလို့ ဆိုပါတယ်။ ‘ဝ’ပြည်ရဲ့ အခြေခံအဆောက်အအုံတွေကို တရုတ်ကုမ္ပဏီတွေက တရုတ်အလုပ်သမားတွေသုံးပြီး တည်ဆောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ‘ဝ’ပြည်သုံး စကားဟာ တရုတ်စကားပါ။ သုံးတဲ့ငွေက တရုတ်ယွမ်ငွေ ဖြစ်ပါတယ်။ သတ္တုတွင်းနဲ့ ရာဘာလုပ်ငန်း၊ ဟိုတယ်နဲ့ supermarket လုပ်ငန်း၊ Casino နဲ့ အနှိပ်သည်လုပ်ငန်း စတာတွေကို တရုတ်ကုမ္ပဏီက လုပ်ကြပါတယ်။ Mobile တယ်လီဖုန်းစနစ်ကိုတော့ တရုတ်အစိုးရပိုင် ကုမ္ပဏီနှစ်ခုက ဝန်ဆောင်ရေး တာဝန်ယူထားပါတယ်။

‘ရှန်းဂျိုင့်’ ဆိုတဲ့ တရုတ်စကားဟာ တော်ပေါ်ခံတပ်ကို ဆိုလိုတာ ဖြစ်ပေမယ့်၊ အတုအပလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ‘ဝ’ပြည်ဟာ တရုတ်ပြည် အတုလေးဖြစ်လို့ အညံ့စား ကုန်ပစ္စည်းအတုထုတ်လုပ်နေတာကို ဆိုလိုတဲ့သဘော ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဗကပ လက်အောက်ခံ ဘဝကတည်းက ‘ဝ’ခေါင်းဆောင်ပိုင်းဟာ တရုတ်နဲ့ ရင်းနှီးပြီး၊ အကူအညီအမျိုးမျိုး ရယူလာခဲ့ပါတယ်။ ဒီလို ဆက်ဆံရေးမျိုးကြောင့် တရုတ်ကို အတုယူတာတွေ များနေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ မကြိုက်တာ မလုပ်လိုတဲ့အတွက် ‘ဝ’ပြည်မှာ ဘိန်းစိုက်ပျိုးမှု မရှိတော့ပေမယ့်၊ စိတ်ကြွဆေးပြားမျိုးစုံ ထုတ်လုပ်ရာမှာ ‘ဝ’ပြည်ဟာ နာမည်ကြီးပါတယ်။ စစ်အင်အားမှာလည်း အကောင်းဆုံး ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်အစိုးရ ထောက်ခံအားပေးတဲ့ ဗကပရဲ့ လက်အောက်ခံ ‘ဝ’တပ်ဖွဲ့မှာ တရုတ်တပ်သားရော၊ တရုတ်သင်တန်းဆရာရော ပါဝင်တာမို့ မော်စီတုန်းရဲ့ စစ်ဗျူဟာနဲ့ လက်ပွန်းတတီး ရှိခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်မှာ တရုတ်ထောက်ပံ့မှု လျော့နည်းသွားတဲ့အခါ ဘိန်းလုပ်ငန်းနဲ့ ရန်ပုံငွေ ရှာပါတယ်။ ဘိန်းလုပ်ငန်းကို စွန့်လွှတ်လိုက်တဲ့နောက်ပိုင်း ‘ဝ’ပြည်မှာ တရုတ်ရင်းနှီးမှု တိုးပွားလာပါတယ်။ တရုတ်ပြည် တိုးတက်လာတာနဲ့အတူ ‘ဝ’ပြည်လည်း တိုးတက်လာတာ ဖြစ်ပေမယ့် အတုအပအဆင့်မှာပဲ ရှိတယ်လို့ ပါမောက္ခ ‘စတိန်းမူလာ’ က သုံးသပ်ပါတယ်။ ဒါပေမဲ့ တရုတ်လွှမ်းမိုးတဲ့ ကြားခံဒေသဖြစ်တဲ့အတွက် အနောက်တိုင်းသဘောတရားဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ‘ဝ’ပြည်က ဂရုမစိုက်နိုင်ပါဘူး။ တရုတ်ပုံစံအတိုင်း ခေတ်မီအောင် လုပ်ဖို့သာ စိတ်ကူးထားပုံ ရတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ ကျင့်သုံးတဲ့ တပါတီအာဏာရှင်စနစ်၊ တရုတ်ရဲ့ အရင်းရှင်စီးပွားရေး၊ တရုတ်ယဉ်ကျေးမှုနဲ့ တရုတ်စစ်ဗျူဟာကို လက်ခံကျင့်သုံးရင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် ‘ဝ’ပြည်က လုပ်ထားပါတယ်။ ဒါကြောင့်လဲ ‘ဝ’ဒေသကို တရုတ်ပြည်လေးလို့ တင်စားပြောဆိုကြတာ ဖြစ်ပုံရတယ်လို့ ‘စတိန်းမူလာ’ က ဆိုပါတယ်။ ဒါပေမဲ့ သုတေသီ Bertil Lintner ကတော့ တရုတ်ရဲ့ ထောက်ပံ့မှုတွေ ရနေပေမယ့် တရုတ်သြဇာခံတော့ မဟုတ်ဘူးလို့ မြင်ပါတယ်။ ‘ဝ’ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် ‘ဖက်ဒရယ်နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ’ ဝင်တွေ အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်မထိုးတဲ့ကိစ္စမှာ တရုတ်လည်း ဘာမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ နေရယူဖို့ ကြိုးပမ်းနေတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RC တပ်ဖွဲ့ ၂၀၁၇ ကတည်းက ခြေကုတ်ယူထားတဲ့ ကျေးသီးမြို့နယ် လွိုင်ဟွန်းစခန်းကို လွန်ခဲ့တဲ့နှစ်က ဆုတ်ပေးလိုက်ရတာဟာ ‘ဝ’ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ အောင်ပွဲခံဖို့ အစပျိုးတာဖြစ်ကြောင်း ဝါရင့်သုတေသီ Anthony Davis က သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်တွေ အခြားနေရာမှာ အလုပ်ရှုပ်နေချိန်မှာ ‘ဝ’ တပ်ဖွဲ့က သြဇာနယ်မြေ တည်ဆောက်နေတာ အတော်လေး ခရီးရောက်နေပြီဖြစ်လို့ တရုတ်အတွက်တော့ သတင်းကောင်းဖြစ်မှာ သေချာတယ်လို့ ဆိုပါတယ်။

==Unicode==







