ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
အာဆီယံသဘောတူညီချက်ကို မလိုက်နာလို့ အရေးယူတဲ့သဘောနဲ့ စစ်ကောင်စီကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ခွင့်မပေးပါဘူး။ လွန်ခဲ့တဲ့နှစ် ဧပြီလမှာ မြန်မာ့ပြဿနာ ဖြေရှင်းဖို့ အာဆီယံအသင်းဝင်နိုင်ငံတွေ ဂျကားတားမြို့တော်မှာ သဘောတူကြပါတယ်။ (၁) အပစ်အခတ် ရပ်စဲရေး၊ (၂) သက်ဆိုင်သူအားလုံးပါဝင်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရေး၊ (၃) အာဆီယံဥက္ကဋ္ဌရဲ့ ဖြန်ဖြေမှုကို လက်ခံရေး၊ (၄) အားလုံးနဲ့ တွေ့ဆုံမယ့် အာဆီယံကိုယ်စားလှယ်ကို လက်ခံရေး၊ (၅) အာဆီယံရဲ့ လူမှုရေး အကူအညီ လက်ခံရေး စတဲ့ အချက် (၅) ချက်ကို သဘောတူခဲ့ကြတာ တနှစ်နီးပါး ရှိလာပါပြီ။
အစည်းအဝေးတက်တဲ့ တပ်ချုပ်မင်းအောင်လှိုင်ကတော့ ဘာမှမပြောပါဘူး။ “ကျုပ်တို့ပြောတာ သူကြားပါတယ်” လို့သာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။ အပြုသဘောနဲ့ ကြားဝင်တာကို မြန်မာဘက်က မကန့်ကွက်ဘူးလို့ ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ် စစ်ဗိုလ်ဟောင်း Prayut Chan-o-Cha ကတော့ အစည်းအဝေးတောင် မတက်ပါဘူး။ ၂၀၁၄ မှာ Prayut စစ်အာဏာသိမ်းတုန်းကလည်း အာဆီယံအသင်း ဘာမှမတတ်နိုင်ပါဘူး။ ဗိုလ်ချုပ်ကြီး Prayut ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာကို အားကျပြီး တပ်ချုပ်မင်းအောင်လှိုင်က စာရေးပြီး အကူအညီတောင်းတယ်လို့တောင် Prayut က ပြောပါသေးတယ်။
အာဏာတည်မြဲရေးအတွက် ထိုင်းစစ်ဗိုလ်ကို ဆရာတင်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သင့်တော်တာ မဟုတ်တဲ့အတွက် Prayut အစိုးရ ကသိကအောက် ဖြစ်သွားပုံရပါတယ်။ Prayut အာဏာသိမ်းပြီး မကြာမီ ၂၀၁၄ ဇူလိုင်မှာ တပ်ချုပ်မင်းအောင်လှိုင် ဘန်ကောက်သွားရောက်ပြီး အားပေးစကား ပြောဖူးပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်ဟာ ဘုရင့်အတိုင်ပင်ခံ အငြိမ်းစားဗိုလ်ချုပ်ကြီး ‘ပရမ်တေနစူလာနောင်’ ရဲ့ မွေးစားသားဖြစ်ပြီး၊ ထိုင်းဘုရင်ရဲ့ သူရဲကောင်းဘွဲ့ (၂) ခုကို ရရှိထားသူပါ။ ရွေးကောက်ပွဲ နိုင်သူကို ဖြုတ်ချတာဟာ ထိုင်းအစဉ်အလာနဲ့ နီးစပ်ပါတယ်။ ထိုင်းသမိုင်းမှာ ရွေးကောက်တင်မြှောက်ခံအစိုးရကို ထိုင်းစစ်တပ်က ဖယ်ရှားတဲ့အကြိမ် များလွန်းလို့ အတိအကျ မပြောနိုင်ကြပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းစီးပွားရေး ချွတ်ခြုံကျသွားတာမျိုးကို မတွေ့ရပါဘူး။
ဒါကြောင့်မို့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်ဖြန်ဖြေနိုင်မယ့် အာဆီယံနိုင်ငံဟာ ထိုင်းနိုင်ငံပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် မတ်လ (၂၇) ရက်နေ့မှာ ကျင်းပတဲ့ နေပြည်တော် စစ်ရေးပြပွဲကို တက်ရောက်တဲ့ အာဆီယံ (၃) နိုင်ငံဟာ ထိုင်း၊ လာအို နဲ့ ဗိယက်နမ်တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုးအရှည်ဆုံး အာဆီယံအာဏာရှင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်စန် ဖြစ်ပါတယ်။ အာဏာရနေတာ အနှစ် (၄၀) ကျော်ပါပြီ။ ခမာနီကွန်မြူနစ်ပါတီမှာ ဖြုတ်ထုတ်သတ်လမ်းစဉ် ကျင့်သုံးချိန် ၁၉၇၇ မှာ ဟွန်စန်တို့အဖွဲ့ ဗိယက်နမ်မှာ ခိုလှုံကြပါတယ်။ ဗိယက်နမ်တပ်က ကမ္ဘောဒီးယားကို သိမ်းပိုက်ပြီး၊ အစိုးရသစ်ဖွဲ့တော့ (၂၆) နှစ်သား ဟွန်စန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတယ်။ အဲဒီတုန်းကတော့ ဟွန်စန်ဟာ အာဆီယံအသင်းရဲ့ ရန်သူကြီးပါ။ အခုတော့ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌကြီး ဖြစ်နေပါပြီ။
အာဆီယံအသင်းရဲ့ ပဋိညာဉ်စာတမ်းကို အသင်းဝင်နိုင်ငံတွေရဲ့ ဘာသာစကားနဲ့ ဖော်ပြထားပါတယ်။ ဒီမိုကရေစီအခြေခံမူများ၊ တရားဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်များကို လေးစားရာ၊ အကာအကွယ်ပေးရေး၊ စောင့်ထိန်းလိုက်နာရေး စတာတွေကို အာဆီယံရဲ့ ရည်ရွယ်ချက်အဖြစ်အဖြစ် ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဆီယံပဋိညာဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဦးသိန်းစိန် လက်မှတ်ထိုးထားတဲ့စာတမ်းကို တပ်ချုပ်မင်းအောင်လှိုင်က ဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။ အာဆီယံအသင်းဟာ ကိုယ့်အတတ်ကိုယ်စူး ကိုယ့်ရှုးကိုယ်ပတ် ဖြစ်နေပါတယ်။ အကြောင်းကတော့ အသင်းဝင်တွေ လိုက်နာရမယ့် အခြေခံမူထဲမှာ ပြည်တွင်းရေး မစွက်ဖက်ရေး၊ ဖိအားမပေးရေးနဲ့ ဖျက်လိုဖျက်ဆီး မလုပ်ရေးတို့ကို ပြဌာန်းထားလို့ ဖြစ်ပါတယ်။
ဥပမာ အားလုံးသဘောတူထားတယ်ဆိုတဲ့ ဂျကားတာ သဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်တွင်းရေးမှာ မစွက်ဖက်ရေးနဲ့ ဖိအားမပေးရေးဆိုတဲ့ အာဆီယံမူဝါဒတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဒေသတခုလုံးကို အန္တရာယ်ပြုလာမယ့် စစ်ဘေးရှောင် ဒုက္ခသည်ပြဿနာမျိုးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာဟာ အာဆီယံမူဝါဒ ချွတ်ခြုံကျမှု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာဟာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနေရှား အထိရောက်သွားတာဟာ အာဆီယံအသင်းအတွက် သင်ခန်းစာယူစရာတခု ဖြစ်ပါတယ်။
အာဆီယံဆယ်နိုင်ငံမှာ (၁၉၅၁) ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ သဘောတူညီချက်ကို ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကသာ လက်မှတ်ထိုးထားပါတယ်။ ဒါကြောင့် အာဆီယံဒေသမှာ ဒုက္ခသည်တွေဟာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အနိုင်ကျင့်ဆက်ဆံမှုကို ခံနေကြရတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံအားလုံး လက်ခံထားတဲ့ ဂျကားတား သဘောတူချက် (၅) ချက်ကို တပ်ချုပ်မင်းအောင်လှိုင် မထီမဲ့မြင် လုပ်နေတာကို အရေးယူနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေဟာ တလှေတည်းစီး တခရီးတည်းသွားနေတဲ့ စီးပွားဖက်တွေဖြစ်လို့ အရေးယူဖို့ဆိုတာ အပြောလွယ်သလောက် လုပ်ရခက်နေပုံရပါတယ်။
==Unicode ===