ကျောက်စိမ်းနဲ့ လက်နက်ကိုင် ပဋိပက္ခ

Global Witness's Jade report

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်က ကျောက်စိမ်းလုပ်ငန်းကို Global Witness အဖွဲ့က အသေအချာ လေ့လာစုံစမ်းပြီး စာတမ်းတွေ ရေးလာတာ နှစ်အတော်ကြာနေပါပြီ။ ကျောက်စိမ်းလုပ်ငန်းကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး၊ ကိုယ်ကျိုးရှာပုံကို ဖော်ပြတဲ့ အစီရင်ခံစာ ၂၀၁၅ မှာ ထုတ်ဝေတဲ့အချိန်ကစပြီး ကျောက်စိမ်းအကြောင်းပြောရင် Global Witness ရဲ့ သုတေသနပါမှ ပြည့်စုံသလို ဖြစ်နေပါတယ်။ ၂၀၁၇ မှာ 'ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်ကြီးများ' ဆိုတဲ့ စာတမ်းကို ထုတ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဇွန်လမှာတော့ Jade & Conflict ကျောက်စိမ်းနဲ့ ပဋိပက္ခဆိုတဲ့ စာတမ်းကို ထုတ်ဝေလိုက်ပါတယ်။

ကျောက်စိမ်းက ရန်ပုံငွေရနေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ တပ်မတော်က ရှေ့ဆုံးက ပါဝင်ပြီး၊ KIA/KIO ကချင်တပ်ဖွဲ့၊ 'ဝ'တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ AA ရခိုင်တပ်တော်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အချို့လည်း အနည်းနဲ့အများ ပါဝင်တယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာ ပြုပြင်ရေးလုပ်ဖို့ ကြိုးစားပေမယ့် ကျောက်စိမ်းကဏ္ဍကို ဒီလက်နက်ကိုင်အဖွဲ့တွေကပဲ ကြီးစိုးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ မှာ NLD အစိုးရက ကျောက်စိမ်းလိုင်စင်သစ် ရပ်ဆိုင်းချိန်ကစပြီး နားလည်မှုနဲ့ ကျောက်စိမ်းထုတ်ယူတာဟာ စစ်ကောင်စီလက်ထက်မှာ ပိုပြီးဆိုးဝါးလာပါတယ်။

မြေပြင်မှာ စစ်ခင်းနေတဲ့ လက်နက်ကိုင်တွေဟာ ကျောက်စိမ်းလုပ်ငန်းမှာတော့ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းမြေမှာ ငွေကြေးရှာဖွေရေးဟာ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်လာပါတယ်။ တပ်မတော်၊ KIA, 'ဝ'တပ်ဖွဲ့နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဟာ တရုတ်ပြည်ကို ကျောက်စိမ်းမှောင်ခို တင်ပို့ရာမှာ ပူးပေါင်းဆောင်ရွက်တာ တွေ့ရှိတယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ ဒေါ်လာသန်းပေါင်း ထောင်ချီတဲ့လုပ်ငန်းဖြစ်လို့ တပ်မတော်နဲ့ KIA တို့က ဖားကန့်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ရဲ့ ဖားကန့်အခြေစိုက် တပ်မ (၁၀၁) တပ်မမှူးနဲ့ KIA တပ်ရင်း (၆) ရဲ့ တပ်မှူးဟာ တိုက်ရိုက်ဖုန်း အဆက်အသွယ်လုပ်ပြီး ကျောက်စိမ်းကိစ္စတွေကို ညှိနှိုင်းတယ်လို့ ဆိုပါတယ်။ UWSA ဝတပ်ဖွဲ့ရဲ့ ကုမ္ပဏီတွေနဲ့ KIA တပ်ရင်း (၆) ဆက်ဆံရေးကောင်းမွန်တာကို ဒေသခံ ကချင်တွေကတောင် မကျေမနပ် ဖြစ်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ကျောက်စိမ်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး KIA နဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ KIA ဟာ တပ်မတော်နဲ့ရော ဝတပ်ဖွဲ့နဲ့ရော ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ဖြေပါတယ်။ KIA တပ်ရင်း (၆) နဲ့ တပ်မတော်တပ်မ (၁၀၁) အကြားမှာ တိုက်ရိုက်ဆက်သွယ်တာ မရှိဘူးလို့ ဆိုပါတယ်။ တပ်မတော်ကိုယ်စားလှယ်ကတော့ Global Witness ရဲ့ စွပ်စွဲချက်ကို တုံ့ပြန်မှု မရှိပါဘူး။ ဒါပေမဲ့ ကျောက်စိမ်းလုပ်ငန်းမှာ အဓိက အကျိုးခံစားရသူဟာ ဒေသခံတပ်မတော် တပ်မှူးတွေ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အစိုးရအရာရှိ၊ ရဲတပ်ဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဒေသခံလောပန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တပြည်လုံးမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ဟာ ကျောက်စိမ်းမြေအထိ ရောက်ရှိလာပါတယ်။ ၁၉၉၀ ပြည့်လွန်ကတည်းက ဖားကန့်ကို ထိန်းချုပ်ထားခဲ့တဲ့ တပ်မတော်ဟာ KIA က ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းတာကို ရင်ဆိုင်လာဖွယ် ရှိပါတယ်။ ဖားကန့်ဒေသနဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ နယ်စပ်ကစခန်းတွေ KIA လက်ထဲ ပြန်ရောက်သွားပါတယ်။ စစ်အာဏာသိမ်းချိန်ကစပြီး ကျောက်စိမ်းထုတ်ယူမှု နှေးကွေးလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းဟာ KIA ရဲ့ အကြီးမားဆုံးဝင်ငွေနဲ့ အသုံးစရိတ်ကို ထုတ်ပြန်တာမျိုး မရှိပေမဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်က ဒုက္ခသည်တွေကို စောင့်ရှောက်ရာမှာ သုံးတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းရန်ပုံငွေကြောင့် နေ့ချင်းညချင်း ကြီးထွားလာတဲ့ ရခိုင်တပ်ဖွဲ့ဟာ ကချင်ပြည်နယ်မှာ မွေးဖွားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာဒေသမှာ စခန်းဖွင့်ခွင့်ပေးပြီး ရခိုင်လူငယ်တွေကို စစ်သင်တန်း ပို့ချပါတယ်။ ၂၀၀၉ မှာ ရခိုင်တပ်ကို တည်ထောင်တာမို့ ၂၀၁၁ မှာ တပ်မတော်နဲ့ စစ်ပြန်ဖြစ်တဲ့အခါ AA ရခိုင်တပ်ဟာ KIA ကို ကူညီနေပါပြီ။ ကျောက်စိမ်းကုန်သွယ်ရေးမှာ ပွဲစားလုပ်ပြီး ကျောက်ကုန်သည်တွေကို အခွန်ကောက်ခံတဲ့နည်းနဲ့ ရခိုင်တပ်က ရန်ပုံငွေ ရှာတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ရခိုင်တွေကလည်း AA ကို ထောက်ပံ့ကြပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ ဦးဖုန်ကြားရှင်လက်ထက်ကတည်းက ခမ်းတီးကျောက်စိမ်းနယ်မြေမှာ ကုမ္ပဏီ တည်ထောင်ခွင့်ရခဲ့တယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ ကျောက်စိမ်းဝင်ငွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆက်စပ်နေတာမို့ စစ်ကောင်စီနဲ့ KIA တို့ရဲ့ ပဋိပက္ခဟာ ဖားကန့်ဒေသရဲ့ လိပ်ခဲတည်းလည်းအခြေအနေကို အများကြီးပြောင်းလဲစေနိုင်တယ်လို့ Global Witness က သုံးသပ်ထားပါတယ်။ လောလောဆယ်မှာတော့ တိုက်ပွဲတွေ ရှိနေပေမယ့် ကျောက်စိမ်းတူးဖော်မှုကတော့ ရပ်ဆိုင်းသွားပုံ မရကြောင်း တင်ပြလိုက်ရပါတယ်။

==== Unicode ====







