ရခိုင်တပ် တည်ထောင်ဖို့အတွက် KIA ကချင်တပ်ဖွဲ့ချုပ်ကိုင်တဲ့ မြန်မာ-တရုတ်နယ်စပ် လိုင်ဇာဒေသမှာ ရခိုင်လူငယ် (၂၆) ယောက်ကို KIA စစ် သင်တန်းပေးနိုင်တာကြောင့် ရခိုင်တပ်တော် ပေါ်ပေါက်လာရတာကို လူသိများပါတယ်။ ဆယ်နှစ်ကျော်ကာလအတွင်း ရခိုင်တပ်မှာ အင်အားထောင်သောင်းချီ ရှိလာတာကိုလည်း တအံ့တသြ ဖြစ်နေကြပါတယ်။ ကချင်ပြည်နယ် နေရာအနံှ့အပြားမှာ ရောက်နေတဲ့ ရခိုင်လူငယ်တွေရဲ့ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်ပုံကို ရခိုင်တပ်တော် တည်ထောင်ပြီး၊ ပြသလိုက်သလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲ ဝင်လာတဲ့ ၂၀၁၅ မှာ ရခိုင်တပ်တော် အင်အား (၃၀၀၀) ဝန်းကျင် ရှိနေပါပြီ။
အစ္စရေးနိုင်ငံ တည်ထောင်ဖို့အတွက် ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေတဲ့ ဂျူးလူမျိုးတွေ ဥရောပမှာ စုဝေးနေကြတဲ့ သမိုင်းဖြစ်စဉ်နဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောနိုင်ပါတယ်။ ကျောက်မျက်ရတနာ ကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ရခိုင်လူငယ်တွေ ရောက်နေတာကြာပါပြီ။ ဖားကန့်ကျောက်စိမ်းမြေမှာ အလုပ်လုပ်ဖို့ လာသူတွေထဲမှာ ရခိုင်လူငယ်တွေ အများအပြား ပါဝင်ပါတယ်။ ကချင်ပြည်နယ်မှာ AA ရခိုင်တပ်တော် တည်ထောင်တဲ့အခါ ကျောက်စိမ်းမြေက ရေမဆေးသမားအုပ်စုဟာ စစ်သားစုဆောင်းရာအရပ် ဖြစ်လာပါတယ်။ ရခိုင်တပ်တော် တည်ထောင်ဖို့ ရခိုင်ပြည်နယ်မှာ စစ်သားစုဆောင်းစရာ မလိုတော့ပါဘူး။
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကျောက်စိမ်းမြေမှာ ရေမဆေးသမား ဖြစ်နေကြတဲ့ ရခိုင်လူငယ်တွေဟာ KIA ကချင်တပ်မှာ စစ်သင်တန်း တက်လိုက်တာနဲ့ ရခိုင်တပ်သား ဖြစ်သွားပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ ရခိုင်စစ်သည်တွေ နေ့ချင်းညချင်း အလုံးအရင်းနဲ့ တိုးပွားလာတာ ဖြစ်ပုံရပါတယ်။ ရခိုင်တပ်တော်ထဲ ဝင်ချင်ရင် ဖားကန့်မြေမှာ AA ဓါတ်ခဲ ဘယ်မှာရနိုင်မလဲလို့ မေးလိုက်တာနဲ့ စစ်သင်တန်းတက်ဖို့အတွက် AA ကိုယ်စားလှယ်နဲ့ အဆက်အသွယ် ရသွားတယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ မြန်မာ့အလုပ်သမားဦးရေ (၂) ရာခိုင်နှုန်းဟာ ရေမဆေးသမားတွေ ဖြစ်ပါတယ်။ ကျောက်စိမ်းအရည်အသွေးကို သိနိုင်ဖို့အတွက် ရေဆေးပြီးသွေးရပါတယ်။ ရေမဆေးရင် ကျောက်စိမ်းတန်းဖိုး မသိနိုင်ပါဘူး။ ရေမဆေးရသေးတဲ့ အရိုင်းတုံးတွေကို မြေစာပုံမှာ ကောက်ယူပြီး ရောင်းဝယ်သူဟာ ရေမဆေးသမား ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်လို လောပန်းလို့ခေါ်တဲ့ လုပ်ငန်းရှင်တွေရဲ့အခန်းဟာ အရေးပါလာပါတယ်။
ကျောက်တူးဖော်သူ တဝက်လောက်သာ ဒေသခံလောပန်းတွေနဲ့ အဆက်အသွယ်ရှိကြောင်း သိရပါတယ်။ လက်လုပ်လက်စား တူးဖော်သူရဲ့ စားဝတ်နေရေးကို လောပန်းက ထောက်ပံ့ပြီး၊ ရေးမဆေးကျောက် တွေ့တဲ့အခါမှာ ရရှိတဲ့ အကျိုးအမြတ်ကို ဝေစုခွဲကြပါတယ်။ ရေမဆေးသမားထဲမှာ လောပန်းဖြစ်လာသူတွေလည်း ရှိပါတယ်။ အများစုကတော့ မန္တလေးတိုင်းက တရုတ်တွေနဲ့ ရခိုင်က ရွှေ့ပြောင်းလာသူတွေက လောပန်းလုပ်ကြတယ်လို့ ဆိုပါတယ်။ လောပန်းတဦးမှာ ရေမဆေးသမား (၃၀) လောက်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆက်ကြေးအဆင့်ဆင့် ပေးပြီးတဲ့အခါ (၃၀) ရာခိုင်နှုန်းသာ ရေမဆေးသမားအတွက် ကျန်တယ်လို့ ခန့်မှန်းကြပေမယ့် လောပန်းနဲ့ဆက်ထားသူတွေက များပါတယ်။
လောပန်းတွေဟာ ရခိုင်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း အဆက်အသွယ် ရှိတယ်လို့ ဆိုပါတယ်။ ရေမဆေးကျောက် ရှာဖွေသူထဲမှာ မူးယစ်ဆေးစားသုံးသူ အများအပြား ရှိတာမို့ မူးယစ်ဆေးဝါးကရတဲ့ ငွေမည်းကို ကျောက်စိမ်းလုပ်ငန်းမှာ ပြန်သုံးတာတွေ ရှိပါတယ်။ ရခိုင်တပ်နဲ့ ချင်းတပ်အတွက် လက်နက်ခဲယမ်း ဝယ်ယူရာမှာလည်း ကျောက်စိမ်းငွေကို အသုံးပြုတတ်လို့ ဆိုပါတယ်။ မူးယစ်ဆေးစွဲမှုနဲ့ မြေပြိုမှုဟာ ကျောက်စိမ်းရှာသူ ရင်ဆိုင်ရတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး မြေစာပုံပြိုကျလို့ သေဆုံးရသူပေါင်း (၂၀၀၀) ကျော်နေပြီလို့ လွန်ခဲ့တဲ့ ဒီဇင်ဘာ (၂၆) ရက်နေ့ထုတ်၊ Eleven ဂျာနယ်မှာ ခန့်မှန်းထားပါတယ်။ ရေမဆေးသမား ရှာဖွေတွေ့ရှိတဲ့ ကျောက်စိမ်းရိုင်း အများစုဟာ ယူနန်ပြည်နယ်က ရွှေလီ၊ ဂျယ်ဂေါင်နဲ့ ရင်ကျန်းမြို့တွေမှာ သွားစုတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရခိုင်တပ်တော်မှာ အမျိုးသမီးစစ်သည်တွေ ရှိနေပါပြီ။ လက်နက်ကိုင်တော်လှန်မှ ရခိုင့်အရေး အောင်မြင်မယ်လို့ ယုံကြည်ပြီး၊ တပ်ထဲဝင်လာတဲ့ အမျိုးသမီးတွေ ရှိသလို၊ အလုပ်အကိုင်မရှိလို့ စစ်ထဲရောက်လာသူတွေလည်း ရှိပါတယ်။ အမျိုးသမီးစစ်သည်တွေဟာ အသက် (၂၀) ဝန်းကျင် အရွယ်တွေ ဖြစ်ကြပြီး၊ လိုင်ဇာဌာနချုပ်မှာ (၂) လ သင်တန်းတက်ရတယ်လို့ သိရပါတယ်။ သင်တန်းကာလမှာ ရုံးလုပ်ငန်း၊ စီမံအုပ်ချုပ်မှုနဲ့ စာရင်းအင်း အတတ်ပညာတွေကိုလည်း လေ့လာကြရပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသမီး စစ်သည်တွေဟာ ရုံးအလုပ်နဲ့ ထောက်ပို့ရေးအလုပ်တွေကို လုပ်ကြရတာများတယ်လို့ ဆိုပါတယ်။
ကရင်၊ ကချင်နဲ့ ဝတပ်တွေမှာလည်း အမျိုးသမီးစစ်သည်တွေ ရှိတာမို့ ရခိုင်တပ်တော်ကလည်း အမျိုးသမီးစစ်သည် စုဆောင်းတာဟာ စည်းရုံးရေးအတွက် ဖြစ်ပုံရတယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ထူးခြားတာကတော့ တော်လှန်ရေးထဲ ပါဝင်လာတဲ့ အမျိုးသမီးစစ်သည်တွေမှာ ရှေ့တန်းကနေ တိုက်ခိုက်ချင်စိတ် ပြင်းထန်နေကြတာပါ။ ဖားကန့်မှာ လူဦးရေ (၁၃၀,၀၀၀) ကျော် ရှိတယ်လို့ မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၂၀ အောက်တိုဘာလထုတ် ဒေသဆိုင်ရာ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေပါ ထည့်သွင်းရင် လူဦးရေလေးသိန်းကျော်မယ်လို့ ခန့်မှန်းကြပါတယ်။
===Unicode ====