Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဘူးသီးတောင်၊ မောင်တောဒေသ လုံခြုံရေးစိတ်မချရတဲ့ အတွက် ဒေသခံ ရခိုင်လူမျိုးတွေ နေရပ်စွန့်ခွါထွက်ပြေးနေကြရတဲ့ အခုအချိန်အခါမှာ လူထုအနေနဲ့ စစ်တပ်ကို ပိုမိုအားကိုးလိုကြတယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စမှာ တဘက်နိုင်ငံနဲ့ ပတ်သက်နေတဲ့ ကိစ္စကိုလဲ ရှင်းလင်းဖေါ်ထုတ်ပြီး ဆွေးနွေးဖြေရှင်းသင့်တယ်လို့ လဲဆိုပါတယ်။ ရခိုင်ဒေသနောက်ဆုံး အခြေအနေ အကြောင်း ဦးကျော်ဇံသာရဲ့ ဆွေးနွေးသုံးသပ်ချက်မှာ ဦးအေးသာအောင်က လက်ရှိလုံခြုံရေးအခြေအနေကို အခုလို စပြောထားပါတယ်။
ဦးအေးသာအောင် ။ ။ ကျေးရွာတွေက ပြန့်ကြဲပြီးတော့ ရှိနေတယ်။ ရွာရဲ့ အနေအထားကလည်း တရွာကိုမှ ရခိုင်၊ ဗုဒ္ဓဘာသာ (၃၀-၄၀) တစ်ရာအောက်ပဲ အိမ်ခြေက ရှိတယ်။ အနီးအနား ပတ်ဝန်းကျင်မှာက ဘင်္ဂလီကျေးရွာ နှစ်ထောင်သုံးထောင်လေးထောင် ဒီလိုအနေအထား ရှိကြတဲ့အခါဆိုတော့ လုံခြုံရေးက အတော့်ကို စိုးရိမ်စရာ ကောင်းပါတယ်။ ဒါကြောင့် ရဲစခန်းရှိတဲ့ရွာကို ပြောင်းရွှေ့တဲ့ရွာတွေက ပြောင်း၊ မောင်တောကနေ စစ်တွေကို ပြောင်းတဲ့လူတွေက ပြောင်း ဒီလို ရွှေ့ပြောင်းလာတာကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ တာဝန်ရှိတဲ့အပိုင်းက ပေးတဲ့လုံခြုံရေးကို သူတို့ ကျေနပ်အားရပါသလား။ ဒါထက် ပိုလုပ်ဖို့ လိုတယ်လို့ သူတို့ ထင်နေကြသလား။ ဘယ်လို သဘောရကြပါလဲ။
ဦးအေးသာအောင် ။ ။ အမှန်ကတော့ အရင့်အရင် ဖြစ်ခဲ့တုန်းက ပြည်သူစစ်တွေကို လက်နက်တွေ တပ်ဆင်ပေးဖို့၊ သေနတ်တွေပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဒါတွေက ဖြစ်မလာဘူး။ ဖြစ်မလာတဲ့အခါကြတော့ ရဲစခန်းနားမှာဆိုရင်လဲ ယခင်ကဆိုရင် လူအင်အား၊ လက်နက်အင်အားကလည်း နည်းပါတယ်။ အခုတော့ လောလောဆယ်မှာ တပ်မတော်က အင်အားဖြည့်ပြီး လုံခြုံရေးကို ဆောင်ရွက်နေပေမယ့် နယ်မြေကကျယ်တယ်။ အားလုံးကို နှံ့စပ်အောင် ကာကွယ်ပေးဖို့ မလွယ်တဲ့အတွက်ကြောင့် တချို့ရွာတွေကို ပြောင်းတယ်။ ဝန်ထမ်းတွေ၊ ကျောင်းဆရာ/မတွေကိုလည်း လုံခြုံတဲ့နေရာတွေကို ပို့နေတာတွေ ရှိတယ်။ ဒါကြောင့် ဒေသခံများက ပိုပြီး စိုးရိမ်တယ်။ မလုံခြုံဘူးလို့ ခံစားရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခြေအနေ ပုံမှန်ဖြစ်ဖို့ ဒေသခံတွေ စိတ်ချရအောင် နေနိုင်မယ့် အခြေအနေကတော့ အတော်လှမ်းဝေးသေးတယ်လို့ ဆိုရမလား။
ဦးအေးသာအောင် ။ ။ ဒီအခြေအနေနဲ့ကတော့ ဒေသခံတွေ ကိုယ့်ရွာကိုယ့်မြို့ ကိုယ့်ရပ်ဒေသမှာ ရပ်တည်ပြီးတော့ နေနိုင်မယ့်အနေအထားက တော်တော့်ကို အလှမ်းဝေးပါတယ်။ အဓိကတော့ လုံခြုံရေးပါပဲ။
ဦးကျော်ဇံသာ ။ ။ အဲဒီလို ပြန်နေနိုင်အောင် တာဝန်ရှိတဲ့လူတွေအနေနဲ့ အစိုးရအနေနဲ့ ဘယ်လိုများ စီစဉ်တယ်လို့ ကြားရပါလဲ။ ပုံမှန် ပြန်ဖြစ်နိုင်တဲ့အထိ လုပ်ဖို့အတွက် အစီအစဉ် ရှိပါလား။
ဦးအေးသာအောင် ။ ။ လောလောဆယ်ကတော့ နယ်မြေကို စစ်ဆေးရေးကာလအနေနဲ့ လုံခြုံရေးကို တိုးမြှင့်ပြီး လုပ်ဆောင်နေတာ ရှိပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်မှာ ဒီဒေသမှာ ရခိုင်တိုင်းရင်းသားများ နေနိုင်ဖို့ဆိုရင် ရွာတွေမှာ ပြည်သူစစ်၊ ရဲစခန်းများကိုလည်း လက်နက်၊ လူအင်အား တပ်ဆင်ပေးပြီး ဒီထက်မက လုံခြုံတဲ့ အနေအထားမျိုး လုပ်ပေးဖို့လိုတယ်။ အထူးသဖြင့်က နယ်စပ်ဒေသမှာ ပင်လယ်ဘက်နဲ့ ကုန်တွင်းကပါ နှစ်ဘက်စလုံးက မလုံခြုံဘူး။ တဘက်နိုင်ငံထဲကို အလွယ်တကူ ဝင်ထွက်နိုင်တယ်။ ဟိုဘက်ကနေ လက်နက် နဲ့ လူ သယ်ဆောင်ဝင်လာပြီးတော့ လုံခြုံရေးကို ထိပါးတဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ အခုတကြိမ်မှမဟုတ်ဘူး၊ အရင်ကလဲ လုပ်ခဲ့တယ်။ နောက်တခုက ပင်လယ်ဘက် - ပင်လယ်ဘက်မှာက ကျနော် သိရသလောက် ဘင်္ဂလီငါးဖမ်းစက်လှေတွေက ဥဒဟို ပင်လယ်ဘက်ကို ထွက်တယ်။ အဝင်မှာ ဘာတွေ ပါလာလဲ။ လက်နက်တွေ၊ လူတွေ ဘယ်လို ပါလာလဲဆိုတာကို သိဖို့က ခက်ပါတယ်။ ဒီတော့ နယ်စပ်ရဲ့ လုံခြုံရေးက ကုန်တွင်း၊ ပင်လယ် နှစ်ဘက်စလုံးက မလုံခြုံဘူး။ ဒါကြောင့် နည်းမျိုးစုံနဲ့ ဝင်လာတယ်။ နည်းမျိုးစုံနဲ့ အကြမ်းဖက်တာတွေ၊ လုံခြုံရေးကို ထိပါးတဲ့ လုပ်ရပ်တွေက အစဉ်မပြတ် ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးအေးသာအောင် က နယ်စပ်တို့၊ တဘက်နိုင်ငံအကြောင်းပြောတော့ အဲဒီကိစ္စကို နည်းနည်း မေးချင်ပါတယ်။ ပထမဦးဆုံးကတော့ ပြင်ပနိုင်ငံတွေရဲ့ ပယောဂ ပါတယ်။ ဒီလို စီးနင်းတိုက်ခိုက်မှုမှာဆိုပြီး ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီကိစ္စက လုံးဝအသံတိတ်သွားပါတယ်။ သူတို့ သေချာမှ ဖော်ထုတ်မယ်ဆိုတော့။ အခု မသေချာလို့လား။ ဘာကြောင့် တရားဝင် အစိုးရဘက်က ဖော်ထုတ်တာ မရှိသေးဘူးလား။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က တရားဝင် ဘာမှပြောတာ ဆောင်ရွက်တာ ကျနော်တို့ မကြားရပါဘူး။
ဦးအေးသာအောင် ။ ။ ကျနော်တို့က အတွေ့အကြုံအရ နိုင်ငံရေးပြဿနာအရဆိုရင် တဘက်နိုင်ငံမှာ ISO စခန်းတွေ ရှိတယ်ဆိုတာ အရင်က တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောပြချက်တွေ ဓါတ်ပုံတွေနဲ့တကွ ကျနော်တို့က ရှင်းပြဖူးပါတယ်။ နောက်တခုက ALP စခန်းတွေကနေ ISO စခန်းတွေကြောင့် စွန့်ခွါလာရတာ၊ ပြောင်းရတာတွေကို ကျနော်တို့ကို ရှင်းပြတယ်။ ဒါကြောင့် တဘက်နိုင်ငံမှာ ISO စခန်းတွေ၊ သင်တန်းကျောင်းတွေ ရှိတယ်ဆိုတာ အတိအကျသိတယ်။ နောက်တခါ အကြားအကြားသတင်းတွေအရ တဘက်နိုင်ငံမှာ ISO စခန်းတွေမှာ သင်တန်းတွေ သွားတက်တယ်။ ပြီးတော့ ဘင်္ဂလီရွာတွေမှာ ပြန်ပြီနေတယ်။ တခါ အခါအခွင့်သင့်ရင် လိုရင်လိုသလို တိုက်ခိုက်ဖို့၊ အကြမ်းဖက်ဖို့၊ နယ်မြေသိမ်းပိုက်ဖို့ ဒီလို အကြံအစည်းတွေနဲ့ လုပ်နေတာတွေကို ကျနော်တို့ သတင်းရပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အဲဒါတွေကို ကျနော်က အခုအခါမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဖော်ထုတ်ပြီးတော့ ဟိုဘက်နိုင်ငံနဲ့ ဆွေးနွေးဖြေရှင်းဖို့ ကြိုးပမ်းနေတာဆိုတာကို ဘာမှ မကြားရပါဘူး။ အဲဒီလုပ်ငန်းတွေ ရှိပါလား။
ဦးအေးသာအောင် ။ ။ ကျနော်တို့ သတင်းတခုမှာ တွေ့တာက ISO အလံတွေ၊ တံဆိပ်တွေ၊ ဒီလိုဟာတွေလည်း အထောက်အထားတွေနဲ့ တွေ့တယ်လို့ သိရတယ်။ ဒါတွေကို ဖော်ထုတ်ရှင်းလင်းပြီးတော့ နှစ်နိုင်ငံ စကားပြောဖို့ လိုကောင်းလိုမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုအချိန်ထိတော့ မလုပ်သေးဘူးပေါ့။
ဦးအေးသာအောင် ။ ။ ကျနော်ကတော့ အတိအကျ လုပ်တယ်မလုပ်ဘူး မသိပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံတကာကတော့ မြန်မာနိုင်ငံ တာဝန်ရှိတဲ့ လုံခြုံရေးပိုင်းက လုပ်ဆောင်ချက်တွေကိုလည်း ဝေဖန်နေတာ တွေ့ရပါတယ်။ ဟိုဘက်က လူတွေကို နိုင်ထက်စီးနင်း မလုပ်ဖို့။ သူတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ် ဆိုပြီးတော့ အပြင်ကလူတွေကလည်း ရေးကြတာတွေ အများကြီးတွေ့ပါတယ်။ နိုင်ငံတကာကလည်း အဲဒါတွေပဲ ပြောနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အခြေအနေ ဘယ်လိုရှိပါလဲ။ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လို တုံ့ပြန်ဖို့ ရှိပါလဲ။ ဒီကိစ္စကို။
ဦးအေးသာအောင် ။ ။ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လို တုံ့ပြန်မယ်ဆိုတာတော့ ကျနော်လည်း အတိအကျ မသိဘူး။ ဒါပေမဲ့ ကျနော့်အမြင် ပြောမယ်ဆိုရင် ဒီရခိုင်ပြည်နယ်ထဲကို ဘင်္ဂလီများသည် ခေတ်အဆက်ဆက် နည်းမျိုးစုံ၊ အကြောင်းမျိုးစုံနဲ့ ရောက်လာကြတယ်။ ရောက်လာကြတဲ့အခါကြတော့ လူဦးရေ တစ်သန်းလောက် ရှိလာတဲ့အခါမှာ ဒီနယ်မြေကို သိမ်းယူဖို့၊ အုပ်စိုးဖို့ တရားဝင်လည်း ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ဒါတွေကို တခွန်းတပါဒမှ မပြောဘဲနဲ့ ရခိုင်လူမျိုးတွေရဲ့ ဒုက္ခ၊ ရခိုင်လူမျိုးတွေရဲ့ နယ်မြေဆုံးရှုံးမှု၊ အကြမ်းဖက်ခံရမှု၊ ဘာသာသာသနာပေါ် တိုက်ခိုက်ခံရမှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြီးတော့ သတင်းမီဒီယာများက ဒါတွေကို စာနာထောက်ထားတာ မပြဘဲနဲ့ တခါလာလဲ ဘင်္ဂလီဘက်က ပြဿနာလိုက်ပြောနေတာ ဒါဟာ မဖြစ်သင့်ဘူး။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီပြဿနာသည် အရင်းခံ တဘက်နိုင်ငံရဲ့ ပြဿနာလို့ ပြောချင်တယ်။ ဒီနိုင်ငံကို အဓိကထားပြီး ပြောရမယ်။ လူဦးရေ ပေါက်ကွဲတယ်။ ဒီလူတွေက နည်းမျိုးစုံနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ရောက်လာတယ်။ ရောက်လာတော့ အလုပ်အကိုင် စသည်အားဖြင့် ရောက်လာပေမယ့် နောက်ပိုင်းမှာ လူဦးရေအရ လွှမ်းမိုးတယ်။ ပြီးတော့ သူတို့ဟာ လူ့အခွင့်အရေးထက် တိုင်းရင်းသားဖြစ်ပြီးတော့ နယ်မြေကို သိမ်းယူဖို့။ အခုဆိုရင် အကြမ်းဖက်တဲ့နည်းတွေ၊ လက်နက်ကိုင် တိုက်ခိုက်နည်းတွေပါ သုံးလာပြီ။ ဒါကိုလဲ မီဒီယာများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်တာ၊ ဝေဖန်တာ တစွန်းတစ မသိရဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေက အမြင်တမျိုး ရှိတယ်။ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းမှာလည်း တဘက်နဲ့တဘက် စည်းလုံးညီညွှတ်မှု ကင်းမဲ့နေတာ ရှိတယ်။ တခါ ရခိုင်ပြည်နယ်အစိုးရပေါ်မှာ လူထုက အယုံအကြည် သိပ်နည်းပါးတာ ရှိတယ်။ တခါ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ဒေသ နိုင်ငံရေးအင်အားစုတွေ၊ ရခိုင်ပြည်သူတွေရဲ့ သဘောထားကွဲလွဲမှုတွေ အတော်များများ ရှိတယ်လို့ ထင်ပါတယ်။ ဒီကိစ္စမျိုးကို တမျိုးသားလုံး ပြဿနာ။ ပြည်ထောင်စုနဲ့ပါ ဆက်စပ်နေတဲ့ ပြဿနာဆိုပြီးတော့ စည်းလုံးညီညွှတ်မှုနဲ့ ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလို ညီညွှတ်မှုမျိုးကို တည်ဆောက်နိုင်မယ့် အလားအလာ ရှိပါလား။
ဦးအေးသာအောင် ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအမြင်၊ သဘောထား ပြီးတော့ တိုင်းပြည်ကို ပုံဖော်တဲ့အခါမှာ အမြင်တွေ၊ သဘောထားတွေ မတူတာ ရှိကောင်းရှိမယ်။ ဒါပေမဲ့ တမျိုးသားလုံးရဲ့အရေး၊ ပြည်ထောင်စုရဲ့အရေးနဲ့ ပတ်သက်လာတဲ့အခါမှာတော့ နိုင်ငံရေးပါတီများ၊ ပြည်သူများ ပြည်ထောင်စုမှာ တာဝန်ရှိကြတဲ့ အစိုးရအဖွဲ့အပါအဝင် တပ်မတော်အားလုံးက တစည်းတလုံးတည်းနဲ့ နယ်မြေရဲ့ လုံခြုံရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ် ကာကွယ်ဖို့။ ပြီးတော့ ဒီနယ်စပ်ဒေသကို လုံခြုံအောင် စီမံဖို့ ကိစ္စများမှာ အခုကတော့ ပြည်ထောင်စုအစိုးရကပဲ တာဝန်ယူဆောင်ရွက်နေတာ ရှိပါတယ်။ တကယ်တော့ ပြည်နယ်အစိုးရ ရှိပေမယ့် ပြည်နယ်အစိုးရမှာ တကယ့်တကယ် လုပ်ပိုင်ခွင့် မရှိဘူး။ အလားတူ ပြည်သူတွေက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့် မရဘူး။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေး၊ နယ်မြေတည်တန့်ခိုင်မြဲရေး။ ပြီးတော့ ဒေသခံ တိုင်းရင်းသားများ၏ ဘဝလုံခြုံရေးအတွက်ကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူများနဲ့ နိုင်ငံရေးပါတီများနဲ့ အစိုးရနဲ့အားလုံး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု ထပ်မေးချင်တာက အခု ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဆိုပြီးတော့ ကိုဖီအာနန်ကို ဦးဆောင်ပြီး ခန့်ထားပါတယ်။ အဲဒီအဖွဲ့အနေနဲ့ ဘယ်လို သုံးသပ်ကြပါလဲ။ ဒီကိစ္စကို သူတို့က ဒီနေရာကိုသွားပြီးတော့ အခြေအနေမှန်ကို သုံးသပ်နိုင်မယ်လို့ ထင်ပါလား။
ဦးအေးသာအောင် ။ ။ အဓိကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝိဝါဒတွေ ကွဲနေတာတွေ ရှိတယ်။ အမြင်မတူတာတွေ ရှိတယ်။ တကယ့်တကယ် ရခိုင်ပြည်နယ်ရဲ့ အဓိက ပြဿနာများကို အမှန်တကယ်ပဲ ဖော်ဆောင်နိုင်ပါ့မလားလို့ သံသယတွေ ရှိတယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ ရခိုင်ဒေသခံ ပြည်သူအများစုက မယုံကြည်ဘူး။ အများစုကတော့ လောလောဆယ်မှာ တပ်ကပဲ ပြည်နယ်ရဲ့ လုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်ပေးဖို့၊ ဆောင်ရွက်ပေးဖို့ ဒီလိုပဲ ပြောနေကြတာရှိတယ်။ လောလောဆယ်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ပါသွားတဲ့ လက်နက်တွေကိစ္စ။ အကြမ်းဖက်တိုက်ခိုက်မှုထဲမှာ ပါဝင်တဲ့ လူတွေက တဘက်နိုင်ငံကို ထွက်သွားပြီလား။ သို့တည်းမဟုတ် ဘူးသီးတောင်၊ မောင်တောနယ်မြေမှာပဲ ရှိနေသေးလား။ သို့တည်းမဟုတ် ဘင်္ဂလီရွာမှာပဲ ရှိနေသေးလား။ ကျနော်တို့လည်း အတိအကျ မသိဘူး။ ဒါကြောင့် ဒါတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင်၊ လုံခြုံစိတ်ချရအောင် လုပ်နေတယ်ဆိုတဲ့ သတင်းတခုပဲ သိတယ်။ ကျနော်တို့ကိုယ်တိုင် အတိအကျ မသိပါဘူး။
ဦးကျော်ဇံသာ ။ ။ ရခိုင်ပြည်သူတွေက ပြဿနာကို တပ်ကပဲ ကိုင်တွယ်ပေးစေချင်တယ်ဆိုတော့ ဒါ ဆိုကြပါစို့ ယုတ်စွအဆုံး ဘူးသီးတောင်၊ မောင်တောဒေသကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပေးစေချင်တဲ့ သဘောလား။
ဦးအေးသာအောင် ။ ။ ဒီလိုတော့ အတိအကျ ပြောဖို့တော့ ခက်တယ်။ ဒါပေမဲ့ ဒီဖြစ်သွားတဲ့ လုံခြုံမှု ကင်းမဲ့တဲ့ လုပ်ဆောင်တဲ့၊ ချိုးဖောက်တဲ့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် အန္တရာယ်ကို မြင်ရတဲ့အခါမှာ ဒီလုံခြုံရေးအတွက် တပ်ကပဲ ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။