၂၀၁၆ မြန်မာနှစ်ချုပ် သုံးသပ်ချက်

Your browser doesn’t support HTML5

၂၀၁၆ မြန်မာ့အရေး နှစ်ချုပ်သုံးသပ်ချက်


ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ကုန်ဆုံးတော့မယ့်၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အောင်မြင်မှု၊ စိမ်ခေါ်မှု၊ ရပ်ဆိုင်းနေတဲ့ မျှော်လင့်မှုတွေနဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

ကုန်ဆုံးတော့မယ့် ၂၀၁၆ ဟာ မြန်မာနိုင်ငံ သမိုင်းလမ်းကြောင်းမှာ အဆစ်အချိုးတကွေ့ ဖြစ်တယ်လို့ ယတိပြတ် ပြောနိုင်ပြီလားဆိုတဲ့ မေးခွန်းနဲ့ ဒီနှစ်ချုပ်သုံးသပ်ချက်ကို စတင်လိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အောင်ပွဲရခဲ့ပေမယ့် ပြည်သူလူထုအနေနဲ့ ပွင့်ပွင့်လင်းလင်း မပျော်နိုင်ဘဲ အာဏာတကယ် လွှဲပါ့မလားဆိုပြီး စိုးရိမ်နေခဲ့ကြတာပါ။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အသေးစိတ်ကို မသိကြရပေမယ့် အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်တယ်လို့ သဘောပေါက်ထားကြတဲ့အတွက် နှစ်ဘက်သဘောတူညီမှု ရပါစေကြောင်း လူတိုင်း ဆုတောင်းနေခဲ့ကြပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာတော့ ရာစုဝက်ကျော် မြန်မာ့သမိုင်းမှာ ရွေးကောက်ခံလွှတ်တော်ကိုယ်လှယ် (၇၅)% နဲ့ ဖွဲ့စည်းထားတဲ့ ပထမဦးဆုံးသော ပြည်သူ့လွှတ်တော် ပေါ်ထွက်လာပါတယ်။ သက်တမ်း (၄) နှစ်တာအတွက် အောက်လွှတ်တော် အစည်းအဝေးကို စတင်ကျင်းပခဲ့တဲ့ အခါ ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသလို နိုင်ငံတကာကလဲ ကောင်းချီးသြဘာ ပေးခဲ့ကြပါတယ်။

“အောက်ခြေကအစ အလုပ်သမားတွေ၊ လယ်သမားကအစ အလုပ်တွေရမယ်။ အကုန်လုံးကလဲ ပညာရေးကအစ အစစအရာရာ ဈေးနှုန်းတွေကျမယ်။ ဘာညာ ကုန်ဈေးနှုန်းတွေ အစုံပါပဲ အားလုံးပြောင်းလဲစေချင်တာပေါ့။ မီးတွေလင်းရမယ်။ လမ်းတွေကောင်းရမယ်ပေါ့။ အများကြီးတော့ ပြောင်းလဲမယ်လို့ ထင်ပါတယ်။”

ဒီအချိန်၏မှာ လူတိုင်း အထူးစိတ်ဝင်စားနေတဲ့ကိစ္စကတော့ ဘယ်သူ သမ္မတဖြစ်လာမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် အကွက်ဆင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉(စ) ကို ပြင်ဖို့အားထုတ်မှုတွေ အရာမရောက် ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူ့အခန်းကဏ္ဍကို သူက အခုလို ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးဖြစ်ပါတယ်။

“ကျမတို့ အနိုင်ရရင် NLD က အစိုးရဖွဲ့မယ်။ ကျမက သမ္မတအပေါ်မှာ ရှိနေမယ်။ ဒါ ရှင်းရှင်းပြောတာပဲ။”

မတ် (၃၁) ရက်နေ့မှာတော့ ဖွဲ့စည်းပုံဥပဒေနဲ့အညီ နိုင်ငံတော်သမ္မတ အဖြစ် NLD က ရွေးချယ်တဲ့ ဦးထင်ကျော်ကို တင်မြှေက်လိုက်ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူးသစ်ကို ဥပဒေပြု ဖန်တီးရယူလိုက်ပါတယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲအကြိုကာလက အဓိက ပဟေဠိတရပ်ဖြစ်နေခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးမဖြစ်ရေးကိစ္စဟာ အခိုက်အတန့်အားဖြင့် ငြိမ်သက်သွားခဲ့ပါတယ်။ ဒီရာထူးကို အောင်အောင်မြင်မြင် ဖန်တီးရယူနိုင်လိုက်ခြင်းဟာ ၂၀၁၆ အတွင်း NLD အစိုးရသစ်ရဲ့ ပွဲဦးထွက်အောင်ပွဲဖြစ်သလို အကြီးအားဆုံးသောအောင်ပွဲလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်သူတွေ လိုလားကြတာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး-မဖြစ်ရေးဆိုတာအပြင် ပိုအရေးကြီးတဲ့ကိစ္စတွေလည်း ရှိနေပါတယ်။ ရွေးကောက်တင်မြှောက်လိုက်တဲ့ လူထုကိုယ်စားလှယ်တွေအကြား ဘယ်သူမှ မရွေးကောက် မတင်မြှောက်ဘဲနဲ့ တပ်မတော်ကိုယ်စားလှယ်ဆိုပြီး စစ်သားတွေ ပါဝင်နေတာ။ တခါ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ပုံစံမျိုး ရေးဆွဲထားပြီး တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိတာစတဲ့ ကိစ္စတွေလဲ ရှိနေတာပါ။

ဒါကြောင့်လဲ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ရာထူးလက်ခံတုံးကေ ပြောကြားခဲ့တဲ့ သမိုင်းဝင် (၃) မိနစ်ကြာ မိန့်ခွန်းမှာ “ဒီမိုကရေစီ စံချိန်စံညွန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်” လို့ အလေးအနက်ထား ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတော်နဲ့ သင့်တော်မယ့်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာခြင်းအတွက် ဆောင်ရွက်ရမယ့်တာဝန် ရှိပါတယ်။”

တကယ်တော့ ဒီတာဝန်ဟာ NLD ပါတီရဲ့ အဓိကရွေးကောက်ပွဲ ကတိတခုလည်း ဖြစ်ခဲ့ပါတယ်။ NLD အစိုးရတက်လာပြီး ၂၀၁၆ ကုန်ဆုံးတော့မယ့် အချိန်အထိ ဒီအရေးကို ပြန်မကိုင်တော့သလောက် ပစ်ထားခဲ့တာ တွေ့ရပါတယ်။ သုံးသပ်သူတချို့ကတော့ ဖွဲစည်းပုံပြင်ဆင်ရေးကို အလေးထားလုပ်ဆောင်နေရင် တခြားလုပ်ငန်းတာဝန်တွေပါ ရှေ့မတိုးနိုင် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

လက်တွေ့မှာတော့ နိုင်ငံရေးမှာ စစ်တပ်ပါဝင်ကြီးစိုးနေတဲ့အတွက်ပဲ ကျန်အရေးတွေ ရှေ့မတိုးနိုင် ဖြစ်နေရတာပါ။ အထင်ရှားဆုံးပြသနာကတော့ ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က ရရှိခဲ့တဲ့ ပြည်လုံးကျွတ် အပစ်ရပ်သဘောတူညီချက်ကို အခြေခံပြီး (၂၁) ရာစု ပင်လုံညီလာခံ ခေါ်ယူခဲ့တာဟာ ၂၀၁၆ ခုနှစ်အတွက် မှတ်တမ်းတင်ရမယ့် ဖြစ်ရပ်တခုပါ။ သို့သော် ကံမကောင်းအကြောင်းမလှစွာဘဲ ၁၉၄၇ ပင်လုံညီလာခံလိုတော့ သမိုင်းတွင်လောက်တဲ့ ဖြစ်ရပ်တခုတော့ ဖြစ်မလာခဲ့ပါဘူး။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့တချို့ပါ တက်ရောက်ဖြစ်ခဲ့ပါသော်လည်း ဧည့်ခံကြိုဆိုရေး အစီအစဉ်တာဝန်ရှိသူ တချို့ရဲ့ စေတနာကင်းမဲ့တဲ့ အပြုအမူတွေကြောင့် ငြိုငြင်စရာတွေ ဖြစ်ခဲ့ရပါတယ်။ လက်နက်အင်အားအကြီးဆုံ UWSA ဝတပ်ဖွဲ့ဟာဆိုရင် ညီလာခံကို ဆက်မတက်ဘဲ ပြန်လည်ထွက်ခွါသွားခဲ့ပါတယ်။ ထိုစဉ်က စစ်ရေးပဋိပက္ခ ဖြစ်နေဆဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဟာလဲ ဘာမဟုတ်တဲ့ စကားအသုံးအနှုန်းတခုမှာ တပ်မတော်နဲ့ သဘောကွဲတဲ့အတွက် မတက်ရာက်ဖြစ်ခဲ့ပါဘူး။

ဒီလို (၂၁) ရာစု ပင်လုံညီလာခံ ထင်တိုင်းမပေါက် ဖြစ်ခဲ့ရတာဟာ တပ်မတော်ရဲ့သဘာထားတချို့ကြောင့် ဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိကြပါတယ်။

“အဓိကတော့ တပ်မတော်ဘက်မှာရှိတဲ့ စဉ်းစားချက်တခုပေါ့။ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ပင်လုံညီလာခံကို တက်ခဲ့သော်လဲပဲ NCA တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးသေးတဲ့အတွက် ထိုးလာအောင်လို့ စစ်ရေးအရ ဖိအားပေးရမယ်လို့ သူတို့ စဉ်းစားထားချက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာက အဲဒီလို တိုက်လိုက်တဲ့အတွက် လက်မှတ်ထိုးဖို့ အနေအထားက ပိုပြီးတော့ ခက်ခဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေဘက်က ယုံကြည်မှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ဘက်က နောက်သဘောထားတခုက ဘာရှိနေလဲဆိုတော့ စေ့စပ်ရေးတွေ မပြေလည်လို့ ဥပမာ NCA လက်မှတ်မထိုးလို့ တချိန်ပြန်တိုက်ရတယ်ဆိုပါတော့ အဲဒီအချိန်မှာ တပ်မတော်အနေနဲ့ နယ်မြေအသာစီးမှု လိုချင်ပါတယ်။ တိုင်းရင်းသားတွေ နယ်မြေတွေ၊ တပ်တွေ ရှိနေမယ့်အနေအထားမျိုးကို သူတို့က စိုးရိမ်လေ့ ရှိပါတယ်။ နောက်ဆုံးတချက်ကတော့ ဒီနယ်မြေတွေထဲက သယံဇာတတွေ အများကြီးကြွယ်ဝနေတော့ နယ်မြေပိုရလေလေ၊ သယံဇာတကရတဲ့ အမြတ်တွေကများလေလေ ဖြစ်တဲ့အတွက် ဒါကိုတော့ နှစ်ဘက်စလုံးက အပြိုင်အဆိုင် လိုချင်ကြတာ ဖြစ်ပါတယ်။”

မြန်မာ့အရေး သုံးသပ်သူ ဦးဝင်းမင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

(၂၁) ရာစု ပင်လုံဟာညီလာခံဟာ သတင်းကြီးသလောက် ခရီးမရောက် ဖြစ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အကောင်းဘက်က ရှုမြင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူအစိုးရဘက်က သဘောထား နဲ့ ကာချုပ်နဲ့ စစ်ဘက်ကအမြင် မတူညီမှုကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ရှေ့မတိုးဖြစ်နေရတာ်လို့ UNFC (ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ) တွဲဘက်အထွေထွေ အတွင်းရေးမှူးဦးထွန်းဇော် က သုံးသပ်ပါတယ်။

“အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာ၊ တိုက်ခိုက်တာတွေလည်း ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ကျမကလည်း ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာ မရှိဘူးလို့ ဒီလိုပဲ ယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာကို စိုးရိမ်စရာ မရှိပါဘူး။ ပြဿနာမရှိယောင် ဆောင်ထားတာ၊ ဆောင်နေရတာ ဒါကသာ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဆောင်နေလို့ရှိရင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ဒီပြဿနာတွေကို ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်မယ့် အရည်အချင်းတွေကို မွေးထုတ်မယ်။ ကျမတို့ အတူလက်တွဲပြီးတော့ တဦးကိုတဦး ကူညီမယ်။ ဖေးမမယ်။ တဦးရဲ့အမြင်ကို တဦးက လေးစားမယ်။ နားထောင်မယ်။ သဘောချင်း မတိုက်ဆိုင်ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့သဘောတွေ ရှိနေတာလဲဆိုတာကို စဉ်းစားမယ်။ ဒါမှ ကျမတို့အားလုံးဟာ ညီညီညွှတ်ညွှတ်နဲ့ ဆက်ပြီးတော့ လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။”

သို့သော်လဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရဘက်က သဘောထားနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်ဘက်အမြင်က မတူညီမှုကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု မတူညီကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ရှေ့မတိုးနိုင် ဖြစ်ရတယ်လို့ UNFC ညီညွှတ်သော တိုင်းရင်းသားဖယ်ဒရယ် ကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော် က ရှင်းပြပါတယ်။

“ကျနော်တို့ အတွေ့အကြုံရတော့ အစိုးရက သူ့မှာ မူရှိတယ်။ ဆွေးနွေးတဲ့နေရာမှာ သူ့မူက ဘာလဲဆိုတော့ အရာအားလုံးက ညှိနှိုင်းလို့ရတယ်။ ဆွေးနွေးလို့ရတယ်။ အဲဒီမူနဲ့ ရပ်တည်ပြီး ဆွေးနွေးတယ်။ ဒါပေမဲ့ တပ်ဘက်က ကိုယ်စားလှယ်များကတော့ အဲဒီလို မဟုတ်ဘူး။ တပ်ဘက်ရဲ့ ကိုယ်စားလှယ်များက အရာအားလုံး ညှိနှိုင်းဆွေးနွေးလို့ မရဘူး။ သူက NCA အပေါ်မှာ အသေရပ်နေတယ်။ နောက်ပြီးတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အပေါ်မှာ အသေရပ်နေရတယ်။ ဆိုတော့ ဒီမတူညီမှုနှစ်ခုအပေါ်မှာ ကျနော်တို့က အခြေခံပြီးမှ နည်းလမ်းရှာတဲ့အခါကြတော့ ကျနော်တို့ဘက်က တော်တော်လေး ကြပ်ပါတယ်။ “

ဒီနောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးအလားအလာ ကောင်းမွန်တိုးတက်မှုထက် ဆုတ်ယုတ်ကျဆင်းမှုက ပိုများလာတယ်လို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတချို့တို့ဟာ ပြည်ထောင်စုသားအားလုံးနဲ့ ဆိုင်တဲ့မြေပေါ်မှာ သူနယ်ငါ့နယ်ခွဲ တဘက်နဲ့တဘက် ကျူးကျော်တယ်လို့ အပြန်အလှန်စွပ်စွဲပြီး တိုက်ခိုက်မှုတွေ ပြန်စတင်ခဲ့ကြပါတယ်။

တိုင်းရင်းသား ပြဿနာ ပြေလည်ရေးကို ပိုအလှမ်းဝေးစေခဲ့တဲ့ နောက်ဖြစ်ရပ်တခုကတော့ ပြည်နယ်တချိုမှာ ရွေးကောက်ပွဲနိုင်တဲ့ ဒေသခံတိုင်းရင်းသားပါတီ က လိုလားသူကို ဝန်ကြီးချုပ်ရာထူးမပေးဘဲ NLD ပါတီဝင်တွေကို ခန့်အပ်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်မှာဆိုရင် ရခိုင်အမျိုးသားပါတီ (ANP)က မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့်၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ NLD ပါတီဝင်အမတ် ဦးညီပုကို ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့် ANP အမတ်အများစုကြီးစိုးတဲ့ ရခိုင်ပြည်နယ်လွှတ်တော်နဲ NLD ဝန်ကြီးချုပ်တို့အကြား အပေးအယူလုပ်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပါတီဝင် တချို့ကိုလည်း သက်ဆိုင်ရာပါတီနဲ့ ညှိနိုင်းခြင်းမရှိဘဲ ခေါင်းခေါက်ခေါ်ယူပြီး ရာထူးပေးခဲ့တဲ့အတွက် တိုင်းရင်းသားတွေဘက်က မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

“ဆရာဦးအေးသာအောင် ကို နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုတယ်။ ကျနော်တို့ ဝမ်းသာပါတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့လည်း ဂုဏ်ယူစွာနဲ့ လက်ကမ်းကြရမှာ ဖြစ်ပါတယ်။ လွှတ်တော် ဦးအေးသာအောင်သည်လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်းကောင်း ကျနော်တို့ ရခိုင်အမျိုးသားပါတီဆိုတဲ့ ပါတီကဲ့သို့ ရခိုင်လူထု အများစု ထောက်ခံမှုရခဲ့တဲ့ ပါတီတခုကို ပါတီအချင်းချင်း တန်းတူဆက်ဆံတယ်ဆိုတဲ့ အစဉ်အလာလေးတခု ဖြစ်ထွန်းစေချင်ပါတယ်။ ဦးအေးသာအောင်ဘက်က ပါတီဌာနချုပ်ကို အကြောင်းမကြားသေးဘူး။ ဒီလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရခိုင်အမျိုးသားပါတီရဲ့ CEC တဦးကို အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုတယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျနော်တို့ကို ချဉ်းကပ်မှု မရှိတဲ့အခါမှာ ဒီအခင်းအကျင်းလေးက လူထုကြားထဲမှာ မေးစရာမြန်းစရာလေးတွေ ဖြစ်လာပါတယ်။”

တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခ ပြဿနာ တွေထက် ၂၀၁၆ အတွင်း အပူတပြင်းဖြစ်လာတဲ့ ပြဿနာတရပ်ကတော့ မောင်းတောမြို့နယ် နယ်စပ်ရဲစခန်းကို မူဆလင် အကြမ်းဖက်သမားတချို့ စီးနင်းတိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် လျစ်လျူရှုထားခဲ့ပြီး နိုင်ငံရေးအမြတ်ထုတ်မှု ကိုယ်ကျိုး စီးပွါးအတွက် အသုံးချခဲ့မှုတွေကြောင့် ဆိုးသထက်ဆိုးလာနေတဲ့ ရခိုင်ပြည်နယ် အနောက်မြောက် ဘာသာကွဲ လူ့အသိုင်းအကြား တင်းမာမှုဟာ တကယ်တော့ မြန်မာနိုင်ငံ စတင်ပွင့်လင်းချိန်မှာ အထင်းသားပေါ်ထွက်လာတာ ဖြစ်ပါတယ်။

သူတို့ကိုယ်သူတို့ ”ရိုဟင်ဂျာ” လို့ သတ်မှတ်၊ ဦးသိန်းစိန်အစိုးလက်ထက်က “ဘင်္ဂါလီ” လက်ရှိ NLD အစိုးရလက်ထက်မှာ “ရခိုင်ပြည်နယ်က မူဆလင်တွေ” လို့ ခေါ်ဝေါ်အသုံးအနှုန်းတွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရသစ်ကို အပြင်အထန် ဝေဖန်ရှုတ်ချလာခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမှုတွေဟာ တဖက်သတ်ဆန်ပြီး ပြဿနာ ကို မီးထိုးပေးနေကလို ဖြစ်တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။ ဒီပြဿနာကို လေ့လာအကြံပေးဖို့ ကုလသမဂ၈္ဂ အတွင်းရေးမှူးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တခုကိုလဲ ဖွဲ့စည်းပေးခဲ့ပါတယ်။

အဲဒီနောက်မကြာခင် အောက်တိုလ (၉)ရက်နေ့မှာ ပြင်ပက အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ မူဆလင် အကြမ်းဖက်သမားတချို့က မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်လာခဲ့တယ်။ ဒါကိုတပ်မတော်က တုံ့ပြန်ရာမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကဆိုရင် မြန်မာနိုင်ငံရဲ့ အာဆီယံအသင်းဝင် ဖြစ်မှုကို ပြန်စဉ်းစားသင့်တယ်လို့ ပြောဆိုလာပါတယ်။

မလေးဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခThitinan Pongsadirak ကတော့…

“မူဆလင်ဦးရေး အများစုနေထိုင်တဲ့ မလေးရှားဟာ ပြည်တွင်းမှာ အဂတိအချုပ်တော်ပုံကြောင့် အစိုးရပြဿနာတက်နေရတာကို အာရုံလွှဲဖို့အတွက် ရိုဟင်ဂျာတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လူမျိုးတုံး သတ်ဖြတ်နေတယ်၊ မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်မှုကို ပြန်သုံးသပ်ဖို့ပြောလာတယ်” လို့ ဒီဇင်ဘာ (၂၀) ထုတ် Nikkei Asian Review မှာ သုံးသပ်ရေးသားခဲ့ပါတယ်။ မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို ခေါ်ယူစည်းဝေပြီး ရှင်းပြညှိနှိုင်းခဲ့ပါတယ်။

၂၀၁၆ အတွင်း ဒီလိုနိုင်ငံရေးဘက်မှာ အပိတ်အဆို့ အတားအဆီးတွေ ရှိနေခဲ့ပေမယ့် ပြည်ပနိုင်ငံရေး ဒါမှမဟုတ် နိုင်ငံခြားဆက်ဆံရေးမှာ ထူးခြားတိုးတက်မှုတွေ ရှိခဲ့တယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ပထဆုံးတချက်ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထာင်စုက ပြန်လည်ရုပ်သိမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က အခုလို ရှင်းပြခဲ့ပါတယ်။

“ဒဏ်ခတ်ပိတ်စို့မှုတွေ ရုတ်သိမ်းတန်ပြီလို့ ကျမတို့ ဆုံးဖြတ်ခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ နိုင်ငံရေး၊ စီးပွားရေးအရ စွန့်စားရတဲ့သဘောပါ။ ဘာကြောင့်လဲဆိုတော့ ဒဏ်ခတ်မှု ရုတ်သိမ်းချိန် မတန်သေးဘူးလို့ တချို့ကလဲ ယူဆနေဆဲပါ။ ဒါပေမဲ့ ကျမတို့ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ရှေ့ဆက်လျှောက်သင့်ပြီလို့ ယုံကြည်ပါတယ်။”

တဘက်မှာလဲ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးကို ပိုအရှိန်မြှင့်ပြီး အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ ပိုမိုနီးစပ်တယ်ဆိုတဲ့အမြင်ကို ပယ်ချက်ဖို့ အားထုတ်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံပုံရိပ်ကို မြင့်မားလာစေသလို မြန်မာ့နိုင်ငံခြားရေးဝါဒကို အစဉ်အလာအတိုင်း ဘက်မလိုက်လမ်းကြောင်းပေါ် အောင်အောင်မြင်မြင် တည်မတ်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အခုလို ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ပေမယ့် ပြည်တွင်းဖွံ့ဖြိုးတိုတက်မှုကတော့ မျှော်လင့်ထားသလောက် တဟုန်ထိုး တက်မလာခဲ့ပါဘူး။ ရာစုဝက်ကျော်ကျော် ယိုယွင်းလာခဲ့တဲ့ အခြေအနေတွေကို လပိုင်းအတွင်း မပြုပြင်နိုင်သေးပါဘူး။ ဒါကို နားလည်သဘောပေါက်စွာနဲ့လည်း ပြည်သူလူထုကလဲ NLD အစိုးရကို ဆက်လက် ထောက်ခံပြီး မျှော်လင့်ချက်ထားနေကြဆဲပါပဲ။ တကယ်တော့ နိုင်ငံရေးမှာ လူထုထောက်ခံမှုက အရေးကြီးတယ် မဟုတ်ပါလား။ လူထု ပါဝင်ထောက်ခံမှု အင်အားအခြေခံ အတွေ့အကြုံကို အသုံးချပြီး ကြုံနေရတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်မဲ့ အခြေအနေကို လာမဲ့နှစ်တွေအတွင်း ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

၂၀၁၆ မြန်မာနှစ်ချုပ် သုံးသပ်ချက်