Your browser doesn’t support HTML5
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်း ပြဿနာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖေါ်ဆောင်ရေးကို ဘယ်လောက်ထိ ထိခိုက်စေနိုင်ပါသလဲ။ နောက်ပြန်လှည့်ပြီး နိုင်ငံရေးမှာ စစ်တပ်ရဲ့ သြဇာအာဏာ ဒိထက်ပိုကြီးမားလာနိုင်ပါသလား။ ဒီပြဿနာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ခြေခြေမြစ်မြစ်ကော နားလည်ကြပါရဲ့လား။ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးလိုပါတယ်။ ဒီပြဿနာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်မှု ရှိပါသလဲ။
Prof. Steinberg ။ ။ ထိခိုက်စေတဲ့အကြောင်း အများကြီး ရှိပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေး ရှေ့တိုးသွားနေတဲ့အချိန် နိုင်ငံတကာမှာ ဂုဏ်သတင်းကို ထိခိုက်စေပါတယ်။ ပြည်တွင်းက အာဏာတည်ဆောက်ပုံကြောင့် ဒီမိုကရေစီ အပြည့်အဝ မဖြစ်သေးပေမယ့်လည်း မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရွေ့နေတာပါ။ ဒီလို ပြည်ပမှာ ထိခိုက်သလို၊ ပြည်တွင်းမှာလည်း ထိခိုက်စေပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာပြဿနာဟာ စစ်ရေးပြဿနာ ဖြစ်လာတော့ စစ်တပ်က ခိုင်မာတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ ဒီလိုပိုပြီး ခိုင်မာအောင် လုပ်လာတဲ့အတွက် လူ့အသိုင်းအဝိုင်းပေါ်မှာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို လျှော့ချသွားမယ်ဆိုတဲ့ ကိစ္စဟာ ပိုပြီးတော့ ခက်ခဲလာစေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိပ်ပြီးတော့ ဝေဖန်ရှုတ်ချနေကြပါတယ်။ ဒီကိစ္စကို ဘာမှ မပြောဘူး။ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာ အပြည့်အဝ မရှိဘူးဆိုတာကို သူတို့ နားလည်ကြပါလား။
Prof. Steinberg ။ ။ မှန်ပါတယ်။ သူ့မှာ အာဏာအပြည့်အဝ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက နားမလည်ပါဘူး။ မျှော်မှန်းချက်က သိပ်ပြီးမြင့်မားနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မျှော်မှန်းထားခဲ့ကြတာက သိပ်ပြီးတော့ မြင့်လွန်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မဖြစ်နိုင်တာကို မျှော်မှန်းခဲ့ကြတာပါ။ တိုင်းပြည်ရဲ့ အခြေအနေ အစစ်အမှန်ကို သူတို့ သတိမပြု၊ နားမလည်ခဲ့ကြပါဘူး။ တကယ်တော့ သူဟာ အစိုးရနှစ်ရပ်ရှိတဲ့အထဲက တစ်ရပ်ကိုပဲ စီမံနေရတာပါ။ စစ်တပ်ဟာ စစ်တပ်နဲ့ ရဲကိုသာမက အုပ်ချုပ်ရေးကိုပါ ထိန်းချုပ်ထားပါတယ်။ အဲဒါကြောင့် သူလုပ်နိုင်တာက အကန့်အသတ် ရှိနေပါတယ်။ ဒီတော့ မျှော်လင့်ထားသလို ဖြစ်မလာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက အထူးစိတ်ပျက်ကြပါတယ်။ နိုင်ငံတကာ မီဒီယာတွေ၊ အယ်ဒီတာ့အာဘော်တွေက အများအပြား ဝေဖန်တာတွေကို ဖတ်ရပါတယ်။ သူကတော့ ဒီမိုကရေစီ မီးရှူးတဆောင် မဟုတ်ဘူး။ နိုင်ငံရေးသမား ဖြစ်တယ်လို့ လူသိရှင်ကြား ဝန်ခံပြောကြားထားပါတယ်။ ဒီနေရာမှာ ကျနော့်အမြင် ပြောရရင် ကိုယ့်ကိုယ်ကိုတော့ ခံယူနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအမြင်မှာတော့ ဒီမိုကရေစီ မီးရှူးတဆောင်ပါပဲ။ ပြီးတော့ သူဟာ နိုင်ငံရေးသမားစစ်စစ်တယောက် မဟုတ်ပါဘူး။ အတွေ့အကြုံ သိပ်နည်းပါတယ်။ နိုင်ငံရေးသမားစစ်စစ်ဆိုရင် ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ချက်ချင်းလုပ်သင့်တာက စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ ထိပ်တန်းရင်ဆိုင်တာမျိုး မလုပ်သင့်ခဲ့ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကိုလည်း မဖန်တီးသင့်ပါဘူး။ အခု ဒါတွေလုပ်ခဲ့တော့ စစ်တပ်က သူကို မယုံကြည်တော့ပါဘူး။ သူနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆက်ဆံရေးက သိပ်မကောင်းဘူးလို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တချို့က အခု ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒါက စစ်တပ်အကြိုက် ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ စစ်တပ်ကို လိုလားသူတချို့က စစ်တပ်ပြန်ပြီးတော့ အာဏာသိမ်းနိုင်အောင် စစ်တပ်ပြန်လာအောင် တမင်တကာ လမ်းကြောင်းပေးနေတယ်လို့ စွပ်စွဲပြောဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေကြောင့် စစ်တပ်ပြန်ပြီးတော့ အင်အားကောင်းလာမယ်။ အာဏာပြန်ယူလာနိုင်မယ့် အလားအလာကော မြင်ပါလား။
Prof. Steinberg ။ ။ ဒါတော့ သိပ်မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒီလိုလုပ်လို့ စစ်တပ်အတွက် အကျိုးမရှိနိုင်ပါဘူး။ စစ်တပ်က နာမည်ကောင်း လိုချင်ပါတယ်။ သူတို့ဟာ မျိုးချစ်တွေပါ။ သူတို့မှားတဲ့အခါလည်း မှားပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ တိုင်းပြည်ရဲ့ အကျိုးအတွက် အမြဲစဉ်းစားပါတယ်။ တိုင်းပြည်အကျိုးဖြစ်ထွန်းဖို့အတွက်ဆိုရင် ရိုဟင်ဂျာပြဿနာကို တတ်နိုင်သမျှ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ သူတို့ချဉ်းကပ်ဆောင်ရွက်ပုံ မမှန်ကန်ဘူးလို့ ကျနော် ထင်ပါတယ်။ စစ်တပ်ဟာ ဒီပြဿနာကြောင့် အာဏာပိုကြီးလာအောင် လုပ်နေတယ်လို့ မထင်ပါဘူး။ သူတို့က အာဏာကို လိုသလောက် ရထားပြီးပါပြီ။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ စစ်တပ်ကို သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ သူတို့တာဝန်က တိုင်းပြည်ကို ကာကွယ်ရမယ်။ သူတို့အခေါ် အမိမြေကို တလက်မတောင် အထိမခံနိုင်ဘူးဆိုပြီးတော့ ပြောနေကြတာပါ။ အခုကိစ္စက နယ်စပ်ခြံစည်းရိုး ကျိုးပေါက်လာတဲ့ကိစ္စ ဖြစ်တယ်။ အချုပ်အခြာ အာဏာကိစ္စဖြစ်လို့ ငါတို့ ကာကွယ်မယ်ဆိုပြီး ကာကွယ်နေတာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာက သူတို့စစ်တပ်ပြောသလို မြင်ကြပါရဲ့လား။
Prof. Steinberg ။ ။ မှန်ပါတယ်။ သူတို့ တကယ်ပဲ ကာကွယ်ရမှာပါ။ ဒါပေမဲ့ သူတို့ တုံ့ပြန်မှု အတိုင်းအတာနဲ့ ပတ်သက်ပြီးတော့ မေးစရာ ရှိလာပါတယ်။ သူတို့ဟာ နိုင်ငံကို ကာကွယ်ဖို့ လုပ်တဲ့နေရာမှာ အလွန်အကျွံ ဖြစ်နေသလား။ နောက်တနည်းပြောရရင် ဖိနှိပ်တဲ့ လုပ်ရပ်တွေ မလိုအပ်ဘဲ လုပ်ခဲ့သလားဆိုတာပါ။ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ လူဒါဇင် အနည်းငယ်သေခဲ့ရတာဟာ စိတ်မကောင်းစရာပါ။ ဒါပေမဲ့ နယ်စပ်ဒေသမှာ သူတို့လုပ်နေသလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်စရာ မလိုပါဘူး။ အန္တရာယ်ရှိနေတဲ့ ပမာဏနဲ့ အချိုးညီတဲ့ တုံ့ပြန်မှုမျိုးသာ ဖြစ်ရပါလိမ့်မယ်။ အခု လူ (၄) သိန်းလောက် ထွက်ပြေးရလောက်အောင် လုပ်တာဟာ အလွန်အကျွံ တုံ့ပြန်သလို ဖြစ်နေပါတယ်။ ဒါဘာကို ဖော်ပြနေသလဲဆိုတော့ မြန်မာစစ်တပ်ရဲ့ အန္တရာယ် သူတို့အပေါ် ကျရောက်နေတယ်ဆိုတဲ့ ယူဆချက် ရှိနေလို့ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်တုန်းကလည်း နှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ၁၉၉၀ တဝိုက်မှာတခါ နှစ်သိန်းကျော် သူတို့အများစုက ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ ပြန်လာခဲ့ကြပါတယ်။ အခု အခြေအနေက ပိုပြီးဆိုးနေပါတယ်။
ဦးကျော်ဇံသာ ။ ။ စကားမစပ် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲတုန်းက မြန်မာနိုင်ငံဘက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က လူပေါင်း (၅) သိန်းကျော် ဝင်ခဲ့ပါတယ်။ အထူးသဖြင့် ပါကစ္စတန်နဲ့ ဆက်လက်ပေါင်းပြီး နေချင်တဲ့လူတွေ ဖြစ်ပါတယ်။ ဒီလူတွေ ဝင်လာတဲ့ကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးကို ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗြိတိသျှသံရုံးက ထွက်လာတဲ့ အထောက်အထားတခုခုကို ဆရာကြီး တွေ့ဖူးပါလား။
Prof. Steinberg ။ ။ မတွေ့ဖူးပါဘူး။ ဒါကို နားလည်နိုင်ပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာက သူတို့က ဒီဘက်မှာ အစဉ်အမြဲ နေလာတယ်လို့ ပြောဆိုကြလို့လား။ မူစလင် လူနည်းစုတချို့အတွက်တော့ မှန်ပါတယ်။ မူစလင်လူနည်းစုတချို့အတွက်တော့ မှန်ပါတယ်။ (၁၆-၁၇) ရာစုကတည်းက နေထိုင်လာတဲ့လူတချို့ ရှိတယ်ဆိုတာ အထောက်အထားတွေ ရှိပါတယ်။ နောက်ပြီးတော့ ဗြိတိသျှလက်အောက်မှာတုန်းက မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆန်စပါး အထွက်တိုးအောင် အိန္ဒိယဘက်ကလူတွေ အများအပြား ဝင်လာခဲ့ပါတယ်။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲ ဒါတွေဟာ ဟိုဘက်ကလူတွေ ဝင်လာစေခဲ့တဲ့ ဖြစ်ရပ်ကြီးတွေပါ။
ဦးကျော်ဇံသာ ။ ။ ကျနော်က ကိုလိုနီခေတ်တို့ ဘာတို့ကို မပြောလိုတော့ဘူး။ ထားလိုက်ပါတော့။ ၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲတုန်းက လူ (၅) သိန်းလောက် ဝင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။
Prof. Steinberg ။ ။ အဲဒီအထဲက ဘယ်နှစ်ယောက် ပြန်သွားခဲ့ကြသလဲ ဆိုတာကို သိရသလား။ မသိရဘူး မဟုတ်လား။ ထားပါတော့ သူတို့ ပြန်မသွားဘဲ နေကြတယ်ထားပါအုံး။ သူတို့ကတော့ နိုင်ငံသား မဖြစ်ထိုက်တာ သေချာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ မွေးဖွားလာကြတဲ့ သူတို့သားသမီးတွေကြတော့ကော။
ဦးကျော်ဇံသာ ။ ။ ကျနော်က အဓိကပြောချင်တာက ဒီလိုပါ ဆရာကြီး - ၁၉၇၁ ဆိုတာဟာ ကမ္ဘာပေါ်မှာလည်း မီဒီယာလည်း သိပ်ထွန်းကားနေတဲ့အချိန် ဘင်္ဂလားဒေ့ရှ် စစ်ပွဲကိုလည်း နိုင်ငံတကာက မျက်စေ့ဒေါက်ထောက် ကြည့်နေခဲ့တဲ့ ဖြစ်ရပ်ပါ။ အဲဒီအချိန်က လူပေါင်း (၅) သိန်းကျော် သန်းတဝက်နီးပါး ဒီဘက်ကို ဝင်လာတာကို အဲဒီတုန်းက ဘယ်သူမှ ဘာမှမပြောခဲ့ကြဘူး။ မြန်မာအစိုးရလည်း မကန့်ကွက်ခဲ့ဘူး။ နိုင်ငံတကာကလည်း ဘာကြောင့် မပြောကြခဲ့ဘူးဆိုတာကို ပြောချင်တာပါ။ အခုကြမှ ဘာကြောင့် အရေးတကြီး ပြောနေကြသလဲဆိုတာ ပြောချင်တာပါ။
Prof. Steinberg ။ ။ ဒီနေရာမှာ ခင်များ ထောက်ပြတဲ့အချက် မှန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက် နိုင်ငံသားပေးရေးကိစ္စမှာ အဓိက အဖုအထစ် ဖြစ်နေတာကတော့ ရိုဟင်ဂျာနာမည်နဲ့ ပတ်သက်ပါတယ်။ ရခိုင်လူမျိုးတွေသာမက ဗမာအပါအဝင် လူသားအများအပြားဟာ ဒီနာမည်ကို လက်မခံနိုင်ကြပါဘူး။ မြန်မာနိုင်ငံက မူစလင်တချို့တောင် ဒီနာမည်ကို လက်မခံကြပါဘူး။ ဒါပေမဲ့ ဒီလူတွေက သူတို့ လိုချင်တဲ့နာမည်ခေါ်မှသာ နိုင်ငံသား အသိအမှတ်ပြုရေးကို လက်ခံမယ်ဆိုပြီး တင်းခံနေကြပါတယ်။
Prof. Steinberg ။ ။ လွတ်လပ်ရေး အစောပိုင်းကာလတုန်းကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မူစလင်တချို့ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ဖို့ လိုလားခဲ့ကြပါတယ်။ အဲဒီကိစ္စကတော့ ပြီးသွားခဲ့ပါပြီ။ သူတို့က အခု ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုချင်နေကြပါတယ်။ ပြဿနာက သူတို့အနေနဲ့ ဒီလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထူထောင်နိုင်ဖို့အတွက် နဲ့ နိုင်ငံသားဖြစ်ခွင့် ရရှိဖို့အတွက်၊ တိုင်းရင်းသားတရပ်ဖြစ်ဖို့ လိုအပ်နေပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကလည်း အသိအမှတ်ပြု တိုင်းရင်းသားမဟုတ်ရင် သူတို့ရဲ့ ဘိုးဘွားစဉ်ဆက်ဟာ ၁၈၂၃ ခုနှစ်ကတည်းက မြန်မာပြည်မှာ အခြေချနေထိုင်ခဲ့ပြီးသာ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီလို နေခဲ့တယ်ဆိုတာ တကယ်တမ်းကြတော့ ဘယ်သူမှ သက်သေမပြနိုင်ပါဘူး။ ဆိုတော့ ဒီလူတွေဟာ နိုင်ငံမဲ့တွေ ဖြစ်နေပါတယ်။ နိုင်ငံသားလည်း မဖြစ်နိုင်ပါဘူး။ စစ်တပ်ကရော မြန်မာပြည်သူတွေကပါ သူတို့ကို အပယ်ခံတွေလို ဆက်ဆံကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူတို့ကို ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်ထိုက်သူကို နိုင်ငံသားပေးမယ်လို့ လုပ်ပါတယ်။ အဲဒါကို သူတို့ကလည်း သူတို့ကြိုက်တဲ့ နာမည်ကို ခေါ်တဲ့အတွက်ကြောင့် လက်မခံဘူး ငြင်းဆိုပါတယ်။
Prof. Steinberg ။ ။ တကယ်တော့ နိုင်ငံသား ပေးမယ်ဆိုတာ မူစလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ခွဲခြားပေးအပ်ရတာ မဟုတ်ပါဘူး။ မြန်မာသမ္မတနိုင်ငံအတွင်းမှာ နေထိုင်သူများအနေနဲ့ ပေးရတာပါ။ နိုင်ငံသားနာမည်ပဲ လိုတာပါ။ ဘာသာရေးတို့ ဘာတို့ မလိုအပ်ပါဘူး။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဆိုတာ ဖော်ပြတာကိုယ်နှိုက်က မှတ်ပုံတင်ကဒ်ပြားရဲ့ အားနည်းချက်တရပ် ဖြစ်နေပါတယ်။ ဘယ်နိုင်ငံမှာမဆို အဲဒီလို မဖြစ်သင့်ပါဘူး။ လူတွေဟာ ကိုးကွယ်ချင်တာကို ကိုးကွယ်မယ်။ ဘယ်ဘာသာမှ မကိုးကွယ်ရင်လည်း နေလို့ရပါတယ်။ ဒါတွေကို ဖော်ပြနေရတယ်ဆိုတာ ခေတ်သစ်နိုင်ငံသား ဖြစ်ရေးကို လွဲမှားစွာ သတ်မှတ်ထားခြင်းသာ ဖြစ်ပါတယ်။ အဲဒီ ၁၉၈၂ ခုနှစ်မှာ ဒေါက်တာမောင်မောင် ရေးဆွဲခဲ့တဲ့ နိုင်ငံသားဥပဒေဟာ အတော့်ကို လွဲမှားနေတဲ့ကိစ္စ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မှတ်ပုံတင်ကဒ်ပြားမှာ အဲဒီလို လူမျိုး၊ ဘာသာ စတာတွေကို ဖော်ပြတာ ၁၉၈၂ နိုင်ငံသားဥပဒေ မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက အဲဒီဥပဒေမပေါ်ခင်က ကျနော်တို့က အမျိုးသားမှတ်ပုံတင်ကဒ်ပြား ရခဲ့ပါတယ်။ အဲဒီထဲက ကျနော်တို့ကို ဘယ်လူမျိုး၊ ဘယ်ဘာသာဆိုပြီး ဖော်ပြထားပါတယ်။
Prof. Steinberg ။ ။ အဲဒီလိုဆိုရင် ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသားဆိုတာ အမြဲတမ်း တမျိုးတည်း ပြတ်ပြတ်သားသား ရှိခဲ့တာ မဟုတ်ပါဘူး။ ဆိုပါတော့ ကချင် နဲ့ ရှမ်း လက်ထပ်ထားကြတယ်။ ကရင် နဲ့ ဗမာ လက်ထပ်ထားကြရင်ကော - ဒါတွေဟာ နိုင်ငံသားကိစ္စမှာ အဓိကကျတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ တကယ်တော့ ကျနော် ဖြစ်စေချင်တာက ဘယ်တိုင်းရင်းသား၊ ဘယ်ဘာသာဝင် ဆိုတာကို ဖော်ပြမထားတဲ့ မှတ်ပုံတင်ကဒ်ပြားပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား (၁၃၅) မျိုးဆိုတာလည်း တိုင်းရင်းသားတွေ အင်အားကြီးကြီးမားမား မရှိစေချင်လို့ တမင်လုပ်ခဲ့တဲ့ နိုင်ငံရေးပရိယာရ် Political Tactics သာ ဖြစ်ပါတယ်။ ချင်းတမျိုးထဲမှာ (၅၃) မျိုး ခွဲထားတာဟာ သိပ်အဓိပ္ပါယ် ကင်းမဲ့နေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ဆရာကြီး လက်ရှိအခြေအနေ ပြေလည်ရေးအတွက် လုပ်သင့်တာတွေကို ပြောပါ။
Prof. Steinberg ။ ။ အခုလောလောဆယ်မှာ လုပ်သင့်တာကို ပြောရမယ်ဆိုရင်တော့ အစိုးရက ဒီဒေသဆီကို ကုလသမဂ္ဂအကဲခတ်တွေကို သွားခွင့်ပေးသင့်ပါတယ်။ ပြီးတော့ အကြမ်းဖက်မှု ကင်းမဲ့ရေးအတွက် အာမခံပေးသင့်ပါတယ်။ ဒါပေမဲ့ ဖြစ်လာမယ်လို့တော့ ကျနော် မထင်ပါဘူး။