မြန်မာ့ဒီမိုကရေစီ အောင်မြင်ရေး နှင့် လူထုတာဝန်

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီ အောင်မြင်ရေး နှင့် လူထုတာဝန်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်း အစီအစဉ်မှာ ဒီမိုကရေစီစနစ်ရဲ့အရေးအကြီးဆုံးအခြေခံတရပ်ဟာ ပြည်သူလူထုပါဝင်ရေးဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေ ဘယ်လိုနားလည် သဘောပေါက်ကြပါသလဲ။ မြန်မာ့ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ မြန်မာပြည်သူတွေ တာဝန်သိသိ ပါဝငေ်ဆာင်ရွက်နေကြပါသလား။ VOA မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်း၊ မြန်မာ့အရေးသုံးသပ်သူ ဦးဝင်းမင်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးဝင်းမင်း ။ ။ မတူညီနဲ့အမြင်တွေကို ကျနော်တို့ နားထောင်တာ ကျနော်တို့ အသိုင်းအဝိုင်းမှာ အားနည်းတယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုမှာပဲကြည့်ကြည့်၊ ကျောင်းမှာပဲကြည့်ကြည့် - မိသားစုမှာဆိုရင် အဖေ၊ အမေက ပြောတာ၊ အကို၊ အမတွေက ပြောတာကို အငယ်တွေက နားထောင်ရတယ်။ ကျောင်းတွေမှာဆိုရင်လည်း ဆရာ၊ ဆရာမတွေပြောတာကို ၏၊ သည်မရွေး ပြန်ဖြေရတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းကို ရောက်တဲ့အခါမှာလည်း ဦးဆောင်သူတွေကပဲ အများစုလုပ်လေ့ရှိြ့ပီးတော့ မတူတဲ့အမြင်တွေကို နားထောင်တယ်ဆိုတာ နည်းလာတာကို တွေ့ရပါတယ်။ အလားတူပဲ နောက်တဆင့်ဖြစ်တဲ့ မတူတဲ့အမြင်တွေကို ရောပြီးတော့ အားလုံးအတွက်ကောင်းမယ့် အဖြေရှာတဲ့အခါမှာလည်း အပေးအယူ လုပ်ရတာပေါ့။ အဲဒီမှာပဲ အားနည်းတာကို တွေ့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကိုဝင်းမင်း ပြောတဲ့အတိုင်းပါပဲ မတူညီတဲ့အမြင်တွေကို လက်ခံဖို့ဆိုတာ We agree to disagree စကားအတိုင်းပဲ လက်ခံဖို့အတွက်က တော်တော်လေးကို ခဲယဉ်းနေပါတယ်။ ဥပမာ တိုင်းရင်းသားတွေကြားမှာကော၊ မြန်မာအစိုးရ အုပ်ချုပ်ရေးပိုင်းမှာကော အဲဒီဥစ္စာက တော်တော်လေးကို ညှိနှိုင်းရ ခက်နေသေးတဲ့ ပြဿနာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ပြည်သူတွေဟာ ဒီမိုကရေစီမှာ အခွင့်အရေး ရပိုင်ခွင့်ရှိသလို Responsibility တာဝန်ဝတ္တရားလည်း ရှိတယ်။ အဲဒါကိုကော မြန်မာပြည်သူတွေ သိကြပါသလား။ ဘယ်လောက် တာဝန်ကျေကျေ သူ့တို့အခန်းကဏ္ဍကို သူတို့ဆောင်ရွက်ကြတယ် ထင်ပါလဲ။

ဦးဝင်းမင်း ။ ။ ယေဘုယျအားဖြင့်တော့ ပြည်သူတွေမှာ ရှိတဲ့တာဝန်က မဲပေးလိုက်ရင် ပြီးပြီလို့ ပြည်သူတွေက သုံးသပ်လေ့ရှိပါတယ်။ တကယ်တမ်း ဒီမိုကရေစီရဲ့ အနှစ်သာရအရ Participatory Democracy လို သူတို့ခေါ်တယ်။ Liberal လို့လည်း ခေါ်ကြတယ်။ အဲဒါက အစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ပြည်သူတွေက တွန်းတွန်းတိုက်တိုက် ဝင်ပြောဆို အကြံပေး ပူးပေါင်းဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အဲဒီလို အနေအထားမျိုးဆိုရင်တော့ ကျနော်တို့ အားနည်းတာကို တွေ့ရပါတယ်။ အစိုးရတွေကိုယ်တိုင်ကလည်း ငါတို့ကို ရွေးပြီးပြီဆိုရင် ငါတို့ လုပ်ပိုင်ခွင့်ရှိတယ်။ အများနဲ့ တိုင်ပင်လို့ရှိရင် အချိန်ကုန်တယ်ဆိုပြီးတော့ ဟိုအရင် ဦးနုလက်ထက် ဒီမိုကရေစီ ရှိကတည်းက Elected Democracy လို့ ခေါ်တာပေါ့ ရွေးကောက်ပွဲကိုပဲ ဒီမိုကရေစီလို့ သတ်မှတ်ပြီးတော့ အစိုးရဖြစ်လာတဲ့အခါမှာ ဒီမိုကရေစီကျကျ ပြည်သူ့အသံကို နားထောင်ပြီးတော့ Liberal Democracy မျိုး၊ ပူးပေါင်းပါဝင်မှုရှိတဲ့ ဒီမိုကရေစီမျိုးဖြစ်အောင် မဖော်ဆောင်တာကို တွေ့ရပါတယ်။ ဒီနေရာမှာ နှစ်ဘက်စလုံးမှာ တာဝန်ရှိတာကို တွေ့ရတယ်။ ပြည်သူတွေဘက်ကလည်း အခုလို အကြံပေးနိုင်ဖို့ဆိုရင် ဖြစ်နေတဲ့ အခြေအနေတွေကို လေ့လာဖို့၊ သတင်းတွေကို နားထောင်ဖို့ ဒါတွေအားလုံးကို ကျနော်တို့ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ တခါတရံမှာ အစိုးရကတော့ ပြောတာပေါ့ အပြုသဘောဆောင်တဲ့ အကြံပေးမှုမျိုးကို လက်ခံတယ်။ ဒါပေမဲ့ ဒီမိုကရေစီမှာကြတော့ အပြုသဘောတွေ မရှိတော့ ဒီမှာက ထိရောက်တဲ့ အကြံပေးနိုင် မပေးနိုင်ဘဲ ရှိတယ်။ အဲဒါပဲရှိတယ်။ ကြမ်းရင်လဲကြမ်းမယ်။ ချောရင်လဲချောမယ်။ နားခံသာရင်လဲ ခံသာမယ်။ ဒါပေမဲ့ နားထောင်ဖို့နဲ့ ပြည်သူတွေဘက်ကလည်း ပြောဖို့လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းပြောတဲ့ ပြည်သူတွေဘက်ကလည်း တာဝန်သိပြီးတော့ Participate ဖြစ်ရမယ်။ အစိုးရကလည်း ပြည်သူတွေပြောတာကို လက်ခံရမယ်ဆိုတဲ့ နှစ်ပိုင်းပေါ့။ ပြည်သူနဲ့ အစိုးရ နှစ်ဘက်စလုံး တာဝန်ကျေရမယ်ဆိုတဲ့အပိုင်း။ ဒီအပိုင်းကိုတော့ ဒေါ်ခင်စိုးဝင်း က လက်တွေ့ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ VOA က ဗျူရိုအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒေါ်ခင်စိုးဝင်းရဲ့ လက်တွေ့အတွေ့အကြုံကို ပြောပါအုံး။

ဒေါ်ခင်စိုးဝင်း ။ ။ လူထုရဲ့ ပါဝင်မှုအပိုင်းကို အရင်ပြောရမယ်ဆိုရင် ဥပမာ ရန်ကုန်မြို့မှာ အများပြည်သူလူထု သယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲတယ်ဆိုလို့ရှိရင် CSO ဆိုတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက အတော်လေးကို ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်တာကို တွေ့ရပါတယ်။ အဲဒါကိုလဲ အားလုံးက Appreciate လုပ်ပါတယ်။ လူထုတွေ သွားရေးလာရေး အခက်အခဲဖြစ်တဲ့ နေရာတွေမှာ သူတို့တွေ ဘယ်လို ဝိုင်းဝန်းကူညီကြမလဲဆိုပြီးတော့ အင်တိုက်အားတိုက် ကိုယ့်ထမင်းကိုယ်စားပြီးတော့ တကယ့်ကို စေတနာဝန်ထမ်း ကူညီခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒါကိုတော့ ကျမ အင်မတန်ကိုမှ ချီးကျူးပါတယ်။ ဒါ လူထုရဲ့ ပါဝင်မှုအပိုင်းပေါ့။ ဒါကတော့ ဒီလိုမျိုး စနစ်တခု ပြောင်းလဲတဲ့နေရာမှာ ငါတို့လည်း ပါဝင်မှဖြစ်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိတာကို တွေ့ခဲ့ရပါတယ်။ တဘက်မှာလဲ မပါဝင်ဘဲနဲ့ ဂွကန့်လန့်တိုက်နေတဲ့ လူတွေလည်းရှိတယ်။ သူတို့က ဘယ်လိုဟာမျိုးတွေလည်းဆိုရင် ရန်ကုန်မြို့ကြီးရဲ့ အမှိုက်ပြဿနာ။ ရန်ကုန်မြို့ကြီးရဲ့ အမှိုက်ပြဿနာကို စည်ပင်သာယာကနေ အမှိုက်တွေကိုရှင်းသွားတယ်။ ကိုယ့်အမှိုက်ကို ကိုယ်မသိမ်းနိုင်ဘဲနဲ့ စည်ပင်ကို အပြစ်ပြောပြီး၊ စည်ပင်က မသိမ်းလို့ဆိုပြီးတော့ အပြစ်တင်တဲ့ လူထုရှိတယ်။ ဒါကလဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အမှိုက်ကစပြီးတော့ ကိုယ်တိုင်စည်းကမ်းတကျ ပါဝင်ရမယ်ဆိုတာကို အားနည်းတယ်ဆိုတဲ့ လူထုရဲ့အပိုင်း။ အစိုးရပိုင်းအနေနဲ့ကို ကြည့်မယ်ဆိုရင်လည်း အစိုးရပိုင်းက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လုပ်နိုင်စွမ်းရှိသလောက် သူတို့ လုပ်နိုင်တဲ့ ဘောင်အတွင်းကနေ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတာ ကျမ တွေ့ရတယ်။ ဒါပေမဲ့ အောင်မြင်တာ မအောင်မြင်တာကတော့ အချိန်အတိုင်းအတာတခုအထိ အကန့်အသတ်တခုတော့ ရှိပါလိမ့်မယ်။ အဲဒါကိုတော့ စောင့်ကြည့်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်းပြောတဲ့ အမှိုက်ကိစ္စ။ အဲဒီအမှိုက်ကိုတော့ မြူနီစပယ်ကို သိမ်းစေချင်တယ်ဆိုပေမယ့်လဲ အခွန်ကိုတော့ ပြည်သူတွေက အပြည့်အဝ ဆောင်ကြပါရဲ့လား။ သူတို့ကို အစိုးရဘက်က ဝန်ဆောင်မှု ပေးစေချင်တယ်။ ပြည်သူကရော တာဝန်ကျေကျေနဲ့ သတ်မှတ်ထားတဲ့ အခွန်ပေးဆောင်တဲ့ စနစ်ကရော ထိထိရောက်ရောက် ဖြစ်နေပြီလို့ ထင်ပါလား။ ကိုဝင်းမင်း ဘယ်လို သဘောရပါလဲ။

ဦးဝင်းမင်း ။ ။ လောလောဆယ်တော့ ထိရောက်မှု မရှိသေးပါဘူး။ အစိုးရဘက်ကလည်း အင်တိုက်အားတိုက် မလုပ်သလိုဘဲ။ အင်တိုက်အားတိုက် မလုပ်ဘူးဆိုတာ ခေါင်းဆောင်ပိုင်းက မူဝါဒအရ ပြောတာတော့ ရှိတာပေါ့။ ဒါပေမဲ့ လုပ်ငန်းစဉ်အရ အသေးစိတ်ကို အသေအချာလုပ်တာ မရှိသလို ပြည်သူတွေဘက်ကလည်း ချမ်းသာတဲ့လူတွေက ကျနော် ကြုံခဲ့ရပါတယ် အခွန်မပေးချင်ကြပါဘူး။ ဒီနေရာမှာတော့ တိုင်းသူပြည်သားတွေမှာ တာဝန်က အခွန်ပေးရတာလည်းပါပါတယ်။ ဒါမှ ကိုယ့်အစိုးရလို့ ပြောနိုင်တယ်။ အရင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ အစိုးရတွေကတော့ တိုင်းပြည်ရဲ့ သယံဇာတတွေကိုပဲ ထုတ်သုံးပြီးတော့ ပြည်သူတွေဆီကငွေနဲ့ ငါလုပ်တာ မဟုတ်ဘူးကွ။ ငါပိုင်တဲ့ နယ်မြေနဲ့ သယံဇာတငွေနဲ့ လုပ်တာကွဆိုပြီး စဉ်းစားခဲ့ပေမယ့် ဒီမိုကရေစီအစိုးရမှာကြတော့ ပြည်သူတွေက ထောက်ပံ့တဲ့ငွေနဲ့ လုပ်တယ်ဆိုတဲ့ အသိစိတ်ရှိဖို့ အစိုးရမှာ လိုပါတယ်။ အဲဒီအတွက် ပြည်သူတွေက အခွန်ပေးဖို့ လိုပါတယ်။ အဲဒီတော့ ဒီနေရာမှာ ပြည်သူတွေဘက်ကလည်း အခွန်နဲ့ ပတ်သက်ပြီး ပို့ပေးလာဖို့အတွက် - တချို့ကတော့ ပြောတာပေါ့ အစိုးရက ဘယ်မှာသုံးမှာလဲ။ အကျိုးရှိမှာလား။ အစိုးရဘက်ကလည်း အကျိုးရှိအောင် လုပ်ပြရမှာ ဖြစ်ပါတယ်။ နှစ်ဘက်စလုံးမှာတော့ တာဝန်ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခွန်ုပြဿနာနဲ့ ပတ်သက်လို့ ပြောရရင် အစိုးရအနေနဲ့ ပြည်သူလူထု လိုအပ်တဲ့ ဝန်ဆောင်မှုပေးဖို့အတွက် အခွန်ဘဏ္ဍာဆိုတာ လိုအပ်တယ်။ အဲဒီ အခွန်ဘဏ္ဍာ လိုအပ်တယ်ဆိုတာကို ပြည်သူလူထုသိအောင် ပညာပေးဖို့ လိုပါတယ်။ ဥပမာဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ပဲ ယှဉ်ပေါ့။ ကျမနေတဲ့ ပြည်နယ်မှာ ကျမပေးတဲ့ အခွန်ကြောင့် ကျမရဲ့ သားသမီးတွေ ပညာရေးအခမဲ့ရမယ်။ ကျမအတွက်ကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုရမယ်။ ဒီအခွန်ပေးရတဲ့အတွက်ကြောင့် အခွန်နဲ့ ဒီပြည်နယ်ကို လည်ပတ်နေတဲ့အတွက်ကြောင့် ပြည်နယ်အစိုးရကို ပေးတဲ့အခွန်ဟာ ပေးထိုက်တယ်၊ ပေးသင့်တယ်ဆိုတာကို ကျမ ခံယူတယ်။ အဲဒီလိုပဲ အလားတူပဲ အခွန်ကောက်တဲ့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ။ ကောက်ထားတဲ့အခွန်တွေကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးမယ်။ ဘယ်လိုနေရာတွေမှာ ဝန်ဆောင်မှုပေးမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း မြင်သာအောင် ချပြလို့ရှိရင် ပြည်သူလူထုအနေနဲ့ သဘောပေါက် နားလည်လာပါလိမ့်မယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း နောက်တခုက အစိုးရအုပ်ချုပ်ရေးပိုင်းက ဒီမိုကရေစီမှာ ပြည်သူလူထုကို တန်းတူဆက်ဆံရမယ်။ Equal treatment ပေးရမယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေ၊ အစိုးရဝန်ထမ်းတွေက ပြည်သူလူထုကို တန်းတူဆက်ဆံပါလား။ ဆင်းရဲချမ်းသာ ဆက်ဆံတာ ကွဲပြားနေသလား။ နောက်တခုက အထူးသဖြင့် မြို့ကြီးပြကြီးတွေနဲ့ နယ်စွန်းနယ်ဖျားနဲ့ တန်းတူဆက်ဆံခြင်း ခံရတယ် ထင်ပါလား။

ဦးဝင်းမင်း ။ ။ ဒီမေးခွန်းက သိပ်အရေးကြီးတဲ့ မေးခွန်းပါ။ ဒီမိုကရေစီမှာ အများစုကနေ အနည်းစုကို မဲနဲ့နိုင်တယ်ဆိုပြီးတော့ အနည်းစုရဲ့ ခံစားချက်တွေကို ကိုယ်စားမပြုနိုင်ရင် သာတူညီမျှရှိတယ်လို့ မသတ်မှတ်ပါဘူး။ အဲဒီလို သာတူညီမျှမှုမျိုး ရှိဖို့ လိုပါတယ်။ ဆင်းရဲချမ်းသာ၊ မြို့ပြနဲ့ကျေးလက် ဒီနေရာတွေမှာ လူမျိုးရေးအရ၊ ဘာသာရေးအရ အများစုနဲ့ အနည်းစုတွေ အမြဲတမ်း အားသာတဲ့ဘက်တွေ၊ အားနည်းတဲ့ဘက်တွေ ရှိကြပါတယ်။ ကျနော်တို့ လူမှု့အသိုင်းအဝိုင်းမှာလည်း တစုံတရာ သာတူညီမျှမှုကို ကျနော်တို့ ငယ်ငယ်ကတည်းက သိပ်ပြီးတော့ ပျိုထောင်ပေးခဲ့တာ မရှိတာကို တွေ့ရပါတယ်။ ဥပမာ မိသားစုတွေမှာ မိသားစုတွေက သားအကြီးလေးကို အချစ်ဆုံးပဲ။ သမီးငယ်လေးကို အချစ်ဆုံးပဲ။ အဲဒီလို လုပ်တဲ့အခါမှာ ကြားမှာရှိတဲ့ သားလတ်တွေ၊ သမီးလတ်တွေ အားလုံးက သာတူညီမျှမှု မရဘူးဆိုပြီးတော့ ကြိုးစားသင့်သလောက် မကြိုးစားဘဲနဲ့ မိသားစုအတွင်းမှာ အားနည်းမှုမျိုးတွေ ကြုံရပါတယ်။ အလားတူပဲ ကျောင်းတွေမှာလည်း ဆရာ၊ ဆရာမတွေက ဒီကျောင်းသားလေးတွေကိုတော့ ချစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာတော်တယ်။ မတော်တဲ့ ကျောင်းသားတွေကို မချစ်ဘူး။ အဲဒီလို လုပ်လိုက်တဲ့အခါမှာ စွန့်ပယ်ခံရတဲ့ သာတူညီမျှ ဆက်ဆံမှု ခံရတဲ့အပိုင်းက မကျေမနပ် ဖြစ်တာပေါ့။ အဲဒီအခါကြတော့ တိုင်းပြည်အတွက် ဆုံးရှုံးတာပေါ့။ ဒီနေရာမှာ အစိုးရအနေနဲ့လည်း တာဝန်ရှိပါတယ်။ နောက်ကျကျန်ခဲ့တဲ့ နေရာတွေ၊ ဒေသတွေ၊ အရမ်းဆင်းရဲနေတဲ့ လူတွေရဲ့ လိုအပ်မှုကို Equity လို့ခေါ်တဲ့ နိမ့်ကျနေတဲ့နေရာတွေကို ပိုပြီး ဦးစားပေးတဲ့အဆင့်မျိုးကို ကျနော်တို့ သွားရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ ကြားဖြတ်ပြီးတော့ ပြောချင်တာ ပညာရေးနဲ့ ပတ်သက်လို့ပေါ့။ ကိုဝင်းမင်း ပြောတာနဲ့ ပြောင်းပြန် ဘာလဲဆိုတော့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တယောက်ကနေ ပြောပါတယ်။ ဆရာ၊ ဆရာမတွေ Performance စွမ်းဆောင်ရည် တိုးတက်အောင် လုပ်ကြပါ။ စွမ်းဆောင်ရည် မကောင်းဘူးဆိုလို့ရှိရင် အရည်အချင်း မပြည့်မီဘူးဆိုရင် နယ်ပို့ပြစ်လိုက်မယ်တဲ့။ အဲဒီတော့ နယ်ဘက်က ကလေးတွေက အရည်အချင်းမရှိတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားချက်ကို ခံယူရမယ်ဆိုတော့ ပြည်နယ်ပြည်မ ခွဲခြားဆက်ဆံတာ ပညာရေးစနစ်မှာတောင် ဒီလိုဖြစ်နေတယ်။ အရည်အချင်းမရှိတဲ့ ဆရာ၊ ဆရာမတွေ နယ်ပို့ဆိုတဲ့အခါကြတော့ နယ်ကကလေးတွေက စာကောင်းကောင်း မသင်ရတော့ဘူးဆိုတဲ့ အခြေအနေပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်နယ်ပြည်မ ခွဲခြားဆက်ဆံတာ ဒီနေ့အထိ ရှိနေတုန်းပါပဲရှင့်။

ဦးဝင်းမင်း ။ ။ နောက်တခု အရေးကြီးတာက စည်းမျဉ်းစည်းကမ်းနဲ့ လုပ်တာပါ။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်ထက်စာရင် Rule of Law, Rule of Man မဟုတ်ပါဘူး။ ဒီနေရာမှာ ကျနော်တို့ မြန်မာလူမျိုးမှာ ဖြစ်တတ်တာက ကျနော်တို့ရဲ့ စိတ်ဆန္ဒအလျောက် ပိုချစ်တဲ့လူ၊ ပိုခင်တဲ့လူ ကိုယ်နဲ့နီးစပ်တဲ့လူကို ဦးစားပေးတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း တိုးတက်ချင်တယ် ဆိုလို့ရှိရင်တော့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စာသင်ခန်းမှာဆိုရင်လဲ စာသင်ခန်း စည်းမျဉ်းစည်းကမ်းအတိုင်း အမှတ်ပေးစနစ်ကအစ စည်းမျဉ်းစည်းကမ်းအတိုင်း။ အလုပ်ခွင်မှာလဲ အလားတူအတိုင်း ကိုယ့်အမျိုးမို့၊ ကိုယ်နဲ့နီးစပ်တဲ့လူမို့ ဦးစားပေးတာမျိုးထက် အခုနက စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ဆောင်မှုမျိုးကို လုပ်ချင်အားဖြင့် နိုင်ငံရေးလောကကို သွားတဲ့အခါကြရင် အလားတူပဲ စည်းနဲ့ဘောင်နဲ့ အဖွဲ့အစည်းအတွင်းမှာ နိုင်ငံအတွင်းမှာ လုပ်ဆောင်မှုတွေ ပိုတွေ့လာရပြီ ပုဂ္ဂိုလ်ရေးအရ နှစ်သက်ခုံမင်မှုတွေကို နောက်ဆုတ်သွားတာမျိုးကို တွေ့ရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်း နဲ့ ကိုဝင်းမင်းတို့ ပြောတဲ့အထဲမှာ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်။ စိတ်ဓါတ်မှာ စည်းကမ်းထုတ်ပြီးတော့ လုပ်နိုင်တဲ့အပိုင်း ရှိပါလိမ့်မယ်။ အခွန်ပေးရမယ်ဆိုရင် မပေးရင် အရေးယူမယ်။ အမှိုက်မပစ်နဲ့ ပစ်ရင် ဖမ်းမယ်ဆီးမယ်၊ အရေးယူမယ်ဆိုရင် ဒါမျိုးတွေကို ပြုပြင်နိုင်မယ်။ ဒါပေမဲ့ ပြန်လှန်ဆွေးနွေးခြင်းကို လူကြီးတွေက လက်မခံတာ။ အခုန ကိုဝင်းမင်းပြောတဲ့ မိသားစုအတွင်းမှာကို လိမ္မာတဲ့ကလေးမို့ ပိုချစ်တာတို့ အဲဒီလို စိတ်ဓါတ်မျိုးကြတော့ ပြင်ဖို့တော်တော် ခဲယှဉ်းမယ် ထင်ပါတယ်။ ဒေါ်ခင်စိုးဝင်း အဲဒါကို ဘယ်လိုသဘောရပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ နိုင်ငံဖြစ်တဲ့အလျောက် ကျမ သွားလေရာမှာ တကယ့်ကို လေးစားကြည်ညိုဖွယ်ရာကောင်းတဲ့ ဆရာတော်ကြီးတွေရဲ့ တရားပွဲတွေနဲ့ ကျမ မကြာခဏ တိုးပါတယ်။ ဆရာတော်ကြီးတွေကလည်း မေတ္ဆာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြမ္မာစိုးတရား (၄) ပါးနဲ့ ကျင့်ကြံနေထိုင်ဖို့ ဟောကြားတယ်ဆိုတာ ကျမ သိပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီးတွေ ဟောရင်းနဲ့သာ ပျံတော်လွန်မူမယ် လူတွေက အဲဒီတရားတွေကို မလိုက်နာ မကျင့်သုံးတဲ့အပြင် လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေဆဲပါ။

ဦးဝင်းမင်း ။ ။ ဒီမိုကရေစီကို စပြောင်းခါစနိုင်ငံတွေ၊ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့လူတွေမှာ ပြောချင်တာတွေက များပြီးတော့ ပြောခွင့်ရလာတဲ့အခါမှာ ဖိနှိပ်သူတွေ သုံးသလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ပြန်ပြောမိကြပါတယ်။ အရိုက်ခံရတဲ့ သားသမီးက သူတို့ မိဘပြန်ဖြစ်လာတဲ့အခါမှာ ပြန်ရိုက်တယ်ဆိုတဲ့ သဘောမျိုး။ သူတို့မှာ တခြားနည်းနဲ့ သားသမီးကို သွန်သင်နိုင်တယ်ဆိုတာကို မလေ့လာမိတဲ့အခါမှာ - ဒါကတော့ ကျောင်းပညာရေးတွေမှာပါ ပြည်သူ့နီတိသဘောမျိုးတွေ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကိစ္စမျိုးတွေ လေ့ကျင့်ပျိုထောင်ပေးရမယ့်အပိုင်းမှာ ရှိပါတယ်။