အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ အစိုးရက ဦးဆောင်ပြီး အသွင်ကူးပြောင်းတဲ့နည်း၊ အစိုးရနဲ့ ပြည်သူလက်တွဲပြီး အသွင်ကူးပြောင်းတဲ့နည်း နဲ့ ပြည်သူလူထု ဦးဆောင်ပြီး ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထု ဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ (၁၉၈၈) နဲ့ (၁၉၉၀) မှာ ကြိုးစားတာကို စစ်တပ်က လက်မခံနိုင်တဲ့အတွက် အချည်းနှီးဖြစ်သွားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက အသွင်ပြောင်းဖို့ လုပ်နေတာမို့ အရပ်သားလူထု ပါဝင်နိုင်တဲ့ အတိုင်းအတာကို စောင့်ကြည့်ရပါလိမ့်မယ်။
စစ်ခုံရုံးက ထောင်ဒဏ် (၁) နှစ် ပေးထားတဲ့ မုဒိမ်းမှုတရားခံစစ်သားကို မူဆယ်မြို့နယ် တရားရုံးက ပြန်လည်စစ်ဆေးပြီး ထောင်ဒဏ် (၁၃) နှစ် ချမှတ်တဲ့အမှုကို အရပ်သားတရားစီရင်ရေး အောင်ပွဲခံတဲ့သဘောနဲ့ ဒီဇင်ဘာ (၁၁) ရက်နေ့ထုတ် Open Democracy အင်တာနက်သတင်းမှာ ဖော်ပြပါတယ်။ အရပ်သားအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် စစ်ခုံရုံးက စစ်ဆေးအပြစ်ပေးပြီးသာ မုဒိမ်းမှုကို အရပ်တရားရုံးကို လွှဲပြောင်းပေးတာဟာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးမှာ အရေးပါတယ်လို့ မြင်ကြပါတယ်။ တကယ်တော့ ဒီဆက်ဆံရေးဟာ လက်ရှိ စစ်ဗိုလ်၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားတို့ရဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။
စစ်မှုထမ်းမှာ အမိန့်နာခံမှုဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်မှုထမ်းဟာ အပြစ်မရှိဘဲ အမိန့်မနာခံသူသာ အပြစ်ရှိတယ်လို့ သတ်မှတ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတဲ့ ဗိုလ်မှူးတဦးကို အမိန့်မနာခံမှုနဲ့ မကြာမီက ထောင်ဒဏ် (၂) နှစ် ချလိုက်ပါတယ်။ အမိန့်နာခံသူဟာ အမှားအမှန် ဝေဖန်ပိုင်းခြားရေးကို ဂရုမစိုက်ပါဘူး။ ဒါကြောင့် အထက်ကခိုင်းလို့ လူ့အခွင့်အရေးမှန်သမျှ ချိုးဖောက်တာကို အပြစ်မရှိဘူးလို့ စစ်မှုထမ်းက ယူဆပါတယ်။ စစ်တပ်နဲ့ ကင်းကွာလာတဲ့အခါကြမှ စစ်ဗိုလ်ဟောင်းမှာ ဝေဖန်နိုင်တဲ့စွမ်းရည် ရှိလာတာ တွေ့ရပါတယ်။ အရပ်သားဘဝမှာ အနေကြာလာလေလေ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည် တိုးပွားလေလေ ဖြစ်တာမို့ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ်ဟောင်းအချို့ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုကြပါတယ်။
ဒါပေမဲ့ စစ်တပ်ကိုယ်စားလှယ်နဲ့ ကာချုပ်ကြီးကတော့ ဦးသန်းရွှေ စီစဉ်ခဲ့တဲ့ ပုံစံအတိုင်းသာ လုပ်လိုပြီး အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်မဝင်စားပါဘူး။ အမိန့်နာခံဖို့သာ အဓိက ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ယူတဲ့ လှုပ်ရှားမှုမှာ လက်မှတ်မထိုးဖို့ စစ်တပ်မှာ အမိန့်ထုတ်ထားပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှာ ဆွေးနွေးတဲ့ စစ်ဗိုလ်ဟာ အမိန့်မနာခံသူအဖြစ် အရေးယူခံရဖွယ် ရှိပါတယ်။ ဒီသဘောတရားနဲ့ ကြည့်မယ်ဆိုရင် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်အတိုင်း လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်တပ်ကိုယ်စားလှယ်ဟာ အမှားအမှန်ကို မမြင်နိုင်ပါဘူး။ ဒီလူတွေကို နိုင်ငံရေးဆွေးနွေးအောင် ကြံ့ဖွံ့အမတ် စစ်ဗိုလ်ဟောင်းတွေကတောင် စည်းရုံးနိုင်မှာ မဟုတ်ပါဘူး။
၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်ဟာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားပေါင်းစည်းပြီး တစ်ပါတီ ဆိုရှယ်လစ်စနစ် တည်ဆောက်တဲ့အစီအစဉ် ဖြစ်ပါတယ်။ စစ်တပ်ကတော့ ပြည်တွင်းစစ်မှာ တိုက်ခိုက်ဖို့ကိုသာ အဓိကထားပါတယ်။ ဒါပေမဲ့ လွှတ်တော်နဲ့ ပါတီဟာ ဦးနေဝင်းရဲ့ လက်အောက်ခံ ဖြစ်နေပါတယ်။ ဒီသဘောကို ဆန့်ကျင်ဖို့ ပါတီက ကြံစည်တဲ့ ၁၉၇၇ တတိယညီလာခံမှာ လက်ဝဲဝါဒီအရပ်သားနဲ့ စစ်ဗိုလ်ဟောင်း အများအပြားကို ပါတီက ထုတ်ပစ်လိုက်ပါတယ်။ စစ်ဗိုလ်ကိုကြိုးကိုင်ပြီး နိုင်ငံရေးလုပ်ရင် မအောင်မြင်ကြောင်း ဂျပန်ပညာရှင် Dr. Yoshihiro nakanishi က Strong Soldiers: Failed Revolution စာအုပ်မှာ ဖော်ပြထားပါတယ်။ အခုလဲ ဦးနေဝင်းပုံစံမျိုး ဖြစ်ပေမယ့် ဦးသန်းရွှေက ကိုယ်ပိုင်နည်းပရိယာယ်ကို သုံးထားပါတယ်။
ဦးနေဝင်းဟာ သူ့ကိုယ်ရံတော် ထောက်လှမ်းရေးနဲ့ ထိပ်ပိုင်းစစ်ဗိုလ်တစ်စုကတဆင့် နိုင်ငံရေးကစားသူဖြစ်ပြီး စနစ်တစ်ခုတည်ဆောက်ဖို့ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ ထောက်လှမ်းရေးကို အားကိုးပြီး ဖြုတ်ထုတ်ဖမ်း လမ်းစဉ်ကို ကျင့်သုံးသူဖြစ်လို့ စစ်ဗိုလ်ကြီးတွေ ကျီးလန့်စာစား ဖြစ်ကြရပါတယ်။ ၁၉၈၈ အရေးတော်ပုံကြောင့် မဆလ နိဂုံးချုပ်ပြီး စစ်အစိုးရတက်လာတဲ့အခါ ဦးနေဝင်းရဲ့ ကိုယ်ရံတော် ဗိုလ်ခင်ညွှန့် အရေးပါလာပါတယ်။ ဒါပေမဲ ဦးနေဝင်းသေပြီး (၂) နှစ်အကြာမှာတော့ ဗိုလ်ခင်ညွှန့်အုပ်စုကို ဖြုတ်ပစ်နိုင်တာကိုကြည့်ရင် စစ်အာဏာရှင်ဟောင်းရဲ့ သြဇာအရှိန်အဝါ အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။
စစ်တပ်နဲ့ ကင်းကွာသွားတဲ့ ဦးနေဝင်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုပ်သမျှ ခံရတဲ့ဘဝကို ရောက်သွားပါတယ်။ ဦးနေဝင်းလို့ ဇာတ်သိမ်းမကောင်းမှာ စိုးရိမ်တဲ့အတွက် အခြားစစ်ဗိုလ်တွေနဲ့ ဝေစားမျှစားလုပ်တဲ့ လက်ရှိစနစ်ကို ဦးသန်းရွှေ တည်ထွင်ထားတာ ဖြစ်ပါတယ်။ အခွင့်ထူးခံ ဓနရှင်စစ်ဗိုလ်လူတန်းစား ဦးသန်းရွှေလက်ထက်မှာ ပေါ်ထွက်လာပါတယ်။ အခြေခံဥပဒေနဲ့ နေပြည်တော်ဟာ ဦးသန်းရွှေနဲ့ စစ်အုပ်စု တည်ဆောက်ထားတဲ့ ခံတပ်ကြီး ဖြစ်ပါတယ်။ ဦးသန်းရွှေ မသေခင် ပြောင်းလဲဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ဈေးကွက်စနစ်၊ ပါတီစုံစနစ်၊ အရပ်သားအဖွဲပအစည်း၊ ပြုပြင်ရေးနဲ့ နိုင်ငံခြား ကူညီမှုတွေ အားကောင်းလာရင် ကောင်းသလို အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး အသွင်ကူးပြောင်းနိုင်ဖွယ် ရှိပါတယ်။