မြန်မာနိုင်ငံခြားရေးဝါဒ စိမ်ခေါ်မှုများ

U.S. President Barack Obama speaks with Myanmar opposition leader Aung San Suu Kyi

Your browser doesn’t support HTML5

မြန်မာနိုင်ငံခြားရေးဝါဒ စိမ်ခေါ်မှုများ


ဒီတပတ်မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းမြောက်မှုအန္တရာယ်ကို အမေရိကန်က အထူးအလေးထားနေချိန်မှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေရှိနေသေးတယ်လို့ သံသယရှိခံနေရပါတယ်။ ဒါဟာ မြန်မာ-အမေရိကန်ဆက်ဆံရေးကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ မြန်မာနိုင်ငံခြားဆက်ဆံရေးမှာ တခြားဘယ်လိုစိမ်ခေါ်မှုတွေရှိနေပါသလဲ။ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်နေတဲ့ ဒီလိုအချိန်မျိုးမှာ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုကို မျှော်ကြည့်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က မြန်မာပြည်အပေါ် သဘောထားဟာ အရင်လို နွေးနွေးထွေးထွေး မဟုတ်တော့ဘူးဆိုတာ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်ပြောင်းလဲသွားပါလဲ။
David Steinberg ။ ။ Obama လက်ထက် အခြေအနေတွေကို အရင်ပြန်ကြည့်ရပါလိမ့်မယ်။ အဲဒီတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှအတွင်း တစ်ခုတည်းနဲ့ စစ်မှန်တဲ့ နိုင်ငံခြားမူဝါဒ အောင်မြင်မှုဟာ မြန်မာနိုင်ငံ ဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ ဆက်ဆံရေးကောင်းလာလို့ ASEAN နဲ့ ဆက်ဆံရေးလည်း လိုက်ပြီးတော့ တိုးတက်လာပါတယ်။ ဒါကို သူတို့ လိုလိုလားလား လုပ်ဆောင်ခဲ့ပါတယ်။ Trump အစိုးရကြတော့ Obama ရဲ့ သဘောထားတွေကို ပြောင်းလဲဖို့ လုပ်လာပါတယ်။ ဥပမာ ကျူဘားနဲ့ ပတ်သက်ပြီးတော့ Obama လုပ်ခဲ့တာ အားလုံးကို ပြောင်းလဲပြစ်ဖို့ လုပ်နေသလို၊ မြန်မာနဲ့ ဆက်ဆံရေးကိုလည်း အလားတူ ပြောင်းလဲပြစ်မှာကို စိုးရိမ်တယ်လို့ ကျနော့်ကို မြန်မာတဦးက ပြောင်းပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလိုနဲ့ မြန်မာနဲ့ ပတ်သက်ပြီးတော့ ဆက်ဆံရေး ပြောင်းလဲမယ့်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်နေလို့များလား။ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ကျန်ရှိနေသေးတယ်ဆိုပြီးတော့ ယူဆချက်တချို့လည်း ရှိနေပါသေးတယ်။ Trump အစိုးရက ဒါကို ဘယ်လောက်အထိ အလေးအနက်ထားပြီး စိုးရိမ်နေပါလဲ။
David Steinberg ။ ။ နောက်ကြောင်းနည်းနည်း ပြန်ကြည့်ရမယ်ဆိုရင် Obama အစိုးရဟာ မြန်မာ၊ မြောက်ကိုရီးယား ဆက်ဆံရေးကို သိပ်ပြီးတော့ အရေးတကြီး စဉ်းစားခဲ့ပါတယ်။ မြန်မာနဲ့ ဆက်ဆံရေး ကောင်းချင်ရင် မြောက်ကိုရီးယားကိစ္စကို ကိုင်တွယ်ရမယ်လို့ နိုင်ငံခြားရေး မိတ်ဆွေတဦးက ပြောခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ချမှတ်ထားတာအားလုံးကို လိုက်နာရမယ်လို့ ဆိုပါတယ်။ ဒါက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ မကြာခင်က ပြန်လည်အားဖြည့်လာတာပါ။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်းစမ်းသတ်မှု၊ နျူကလီးယားစမ်းသပ်မှုတွေကြောင့် ပိုပြီးတော့ အရေးကြီးလာတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Joseph Yun က မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အတော်လေး ပြင်းပြင်းထန်ထန် ပြောတဲ့သဘော The Diplomat မှာ ပြောထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်နိုင်တဲ့ အလားအလာကို မပစ်ပယ်သေးဘူးလို့ ပြောထားတာကို တွေ့ရပါတယ်။
David Steinberg ။ ။ ဒီလောက်ထိတော့ ဖြစ်လာလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ အတိအကျတော့ မသိပါဘူး။ သံအမတ်ကြီး Yun ကို ကျနော် သိပါတယ်။ သူဟာ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်းပါ။ မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပါတယ်။ ကျနော်နဲ့ ဆွေးနွေးတိုင်း မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။ အခုအခါမှာ စိုးရိမ်စရာက ပိုပြီးတော့ များလာပါတယ်။ ဆိုတော့ ဘယ်အစိုးရပဲဖြစ်ဖြစ် မြောက်ကိုရီးယား နဲ့ မြန်မာ ဆက်ဆံရေးကို ဒီအချိန်မှာ အရေးတယူ လုပ်ကြမှာပါ။ မြောက်ကိုရီးယားနဲ့ မလေးရှား ဆက်ဆံရေးကိုလည်း ဒီလိုပဲ စိုးရိမ်ကြတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါနဲ့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာကိုကော ဘယ်လောက် ခိုင်လုံပါလဲ။ အထောက်အထားတွေ ရှိပါရဲ့လား။
David Steinberg ။ ။ အထောက်အထား ရှိမရှိဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမဲ့ ဆက်ဆံရေး အကြွင်းအကျန်တချို့တော့ ရှိနိုင်သေးတယ်လို့ ကျနော်ကို ပြောတဲ့လူတချို့ ရှိပါတယ်။ ဘယ်ပုံဘယ်နည်းလဲဆိုတာတော့ အတိအကျ မသိပါဘူး။

ဦးကျော်ဇံသာ ။ ။ တခါ မြန်မာဘက်က ကြည့်မယ်ဆိုရင်ကော မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဟာ ဘယ်လောက်အထိ အရေးပါလို့လဲ။
David Steinberg ။ ။ သိပ်အရေးကြီးတယ်လို့ မထင်ပါဘူး။ တချိန်တုန်းကတော့ အရေးကြီးတယ်လို့ မှတ်ယူခဲ့ကြမှာပါ။ ကျနော်က ခန့်မှန်းပြောတာပါ။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ အမေရိကန်ကို ရင်ဆိုင်ဆန့်ကျင်နိုင်တဲ့ နျူကလီးယားဆိုင်ရာ တိုးတက်မှုတွေ ရှိနေတယ်လို့ မြန်မာခေါင်းဆောင်တချို့က ယူဆခဲ့ကြတယ် ထင်ပါတယ်။ ငါတို့လည်း နျူကလီးယားပိုင်ဆိုင်ထားရင် ကောင်းမယ်ဆိုပြီးတော့ ပညာတော်သင်တွေ အများကြီး ရုရှားကို စေလွှတ်ခဲ့ပါတယ်။ တကယ်တမ်း သုံးသပ်ကြည့်မယ်ဆိုရင် ဒါဟာ မမှန်ပါဘူး။ အမေရိကန်ဟာလည်း မြောက်ကိုရီးယားအပေါ်မှာ နျူကလီးယားသုံး တိုက်ခိုက်နိုင်စရာအကြောင်း မရှိပါဘူး။ မြန်မာဘက်က ဒီလိုမျိုး တွက်ခဲ့မယ်ဆိုရင် ဒါဟာ မှားယွင်းတဲ့ တွက်ချက်မှုပါ။ အခုတော့ မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံတာ သူတို့အတွက် အခွင့်အလမ်းတရပ်လို့ မထင်လောက်တော့ပါဘူး။ တရုတ်ကလည်း ဒါကို ရှင်းပြလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြောက်ကိုရီးယားကို အထင်ကြီးပါ့မလား။ အထင်ကြီးရလောက်အောင် ဒီလောက်အထိ အတွေးခေါင်မလား ကျနော် မေးချင်တာက။
David Steinberg ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို မစဉ်းစားပါဘူး။ သူဟာ သိပ်ပြီးတော့ ထက်မြတ်ပါတယ်။ တော်ပါတယ်။ ဒီလောက် မညံ့ပါဘူး။ သူလုပ်နေတာအားလုံး မှန်တယ်လို့ ကျနော် မဆိုလိုပါဘူး။ သူဟာ နိုင်ငံရေးသမားတယောက်အနေနဲ့ နိုင်ငံတကာအခန်းကဏ္ဍ နဲ့ ပြည်တွင်းအခန်းကဏ္ဍတို့ကို ထိန်းညှိဖို့ ကြိုးစားနေပါတယ်။ ဒါဟာ အင်မတန် ခက်ခဲတဲ့အလုပ် ဖြစ်ပါတယ်။ စစ်တပ်နဲ့ ပတ်သက်လို့၊ ရိုဟင်ဂျာအရေး၊ မူစလင်အရေးနဲ့ ပတ်သက်လို့ရော သိပ်အတိမ်းအစောင်း မခံနိုင်တဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်။ စစ်တပ်ရဲ့သြဇာ သိပ်မကြီးထွားလာအောင်လည်း ဂရုစိုက်ရပါတယ်။

ဦိးကျော်ဇံသာ ။ ။ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ ပြည်တွင်းဖိအားတွေ ဘယ်လိုပုံစံမျိုး ရင်ဆိုင်နိုင်တယ်လို့ ထင်ပါလဲ။

David Steinberg ။ ။ ကျနော် မသိပါဘူး။ ဒါပေမဲ့ ကျနော်တို့ သိထားတာက ၂၀၀၈ ခုနှစ်လောက်တုန်းကလို့ ထင်ပါတယ်။ ဦးရွှေမန်း မြောက်ကိုရီးယားကို သွားပါတယ်။ ဒီသတင်း ပေါက်ကြားခဲ့ပါတယ်။ သူဟာ စစ်ဘက်နေရာ အများအပြားကို သွားရောက်ခဲ့ပြီးတော့ စစ်ရေးဆိုင်ရာသဘောတူညီမှုတွေလည်း လုပ်ခဲ့ဟန် ရှိပါတယ်။ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စရဲ့ လက်ကျန်အခြေအနေတချို့ ဆက်ပြီးတော့ ရှိနေနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးသတိထားရပါလိမ့်မယ်။ သံတမန် ဆက်ဆံရေးကို လုံးဝဖြတ်တောက်ပြစ်စရာ မလိုပါဘူး။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ တားဆီးပိတ်ပင်မှုတွေကို ချိုးဖောက်တဲ့နိုင်ငံ မဖြစ်ဖို့ကသာ အရေးကြီးတာပါ။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မစ္စယန်ဟီလီရဲ့ အစီရင်ခံစာအတိုင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဝေဖန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြောက်ကိုရီးယားအစိုးရက ရှုတ်ချထားတာ တွေ့ရပါတယ်။ ဒါဟာ အမေရိကန်အစိုးရ အလိုအတိုင်း ဝေဖန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

David Steinberg ။ ။ ဒေါက်တာယန်ဟီလီ ကို ကျနော် သိပါတယ်။ မြောက်ကိုရီးယားက စွပ်စွဲသလိုမျိုး မဟုတ်ပါဘူး။ သူဟာ ကုလသမဂ္ဂရဲ့တာဝန် ပေးချက်အရ သူ့တာဝန်ကို အလေးအနက် ထမ်းဆောင်နေတာပါ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ တာဝန်ပေးချက်အတိုင်း လုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ မြန်မာပြည်အတွင်း သဘောထားတချို့နဲ့ ပဋိပက္ခ ကြုံနေရပါတယ်။ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရ ကောင်းစွာသဘောပေါက်ပါတယ်။ အဲဒီပြဿနာကြောင့် နိုင်ငံတကာက ဝေဖန်မှုတွေ အများအပြား ကြုံနေရပါတယ်။ ဒါကို တစုံတရာ မလုပ်ဆောင်နိုင်လို့ရှိရင် စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ သူတို့ ဘာလုပ်မယ်ဆိုတာကိုတော့ မသိနိုင်ပါဘူး။ ရိုဟင်ဂျာပြဿနာမှာ စစ်တပ်က အဓိက ချုပ်ကိုင်ထားတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မြောက်ကိုရီးယား ကြေညာချက်နဲ့ ပတ်သက်ပြီး နည်းနည်းပြန်ကောက်ချင်ပါတယ်။ ယန်ဟီလီကို ရှုတ်ချတဲ့ ဒီကြေညာချက်ဟာ တနည်းအားဖြင့် မြန်မာနိုင်ငံကို ကာကွယ်ထားတဲ့ မြောက်ကိုရီးယားရဲ့ ကြေညာချက်ဖြစ်နေတော့ မြန်မာအစိုးရအပေါ်မှာ ဒီအချက်ဟာ ဘယ်လို ထိခိုက်နိုင်မယ် ထင်ပါလဲ။
David Steinberg ။ ။ ထိရောက်မှု အများကြီးရှိမယ်လို့တော့ ကျနော် မထင်ပါဘူး။ တချို့တလေကလွဲပြီးတော့ လူအများအပြားက ကုလသမဂ္ဂရဲ့ ကြေညာချက်ကို မြောက်ကိုရီးယား မြင်သလို မြင်ကြမှာ မဟုတ်ပါဘူး။ အဲဒီ အစီရင်ခံစာထဲမှာလည်း မှတ်တမ်းတင်ထားတာက အများကြီးပါ။ ဘာလုပ်မယ်ဆိုတာကို သိပ်ပြီးတော့ မတွေ့ရပါဘူး။ ကုလသမဂ္ဂရဲ့ ထောက်ခံတင်ပြချက်တချို့ကိုတော့ အကောင်အထည်ဖော်သင့်တယ်လို့ တချို့က ဆိုကြပါတယ်။ အကောင်အထည်ဖော်နိုင်ရင် ကောင်းပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ ခက်ခဲပါတယ်။ ရိုဟင်ဂျာပြဿနာဟာ လက်ရှိ မြန်မာနိုင်ငံအတွက် အခက်အခဲဆုံး ပြဿနာ ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ခက်ခဲတယ်ဆိုတဲ့ နေရာမှာ ပြည်တွင်းနိုင်ငံရေအတွက် ခက်ခဲတာလား။ ပြည်ပဆက်ဆံရေးအတွက် ခက်ခဲတာလား။
David Steinberg ။ ။ နိုင်ငံခြား ဆက်ဆံရေးမှာ ဒါဟာ အခက်အခဲဆုံး ပြဿနာပါ။ ပြည်တွင်းမှာဆိုရင်တော့ လူအနည်းစု ပြဿနာဟာ အရေးကြီးပါတယ်။ ရိုဟင်ဂျာသာမကပါဘူး ကချင်၊ ရှမ်းအပါအဝင် လူနည်းစုတိုင်းရင်းသားတွေရဲ့ ပြဿနာဟာ အရေးအကြီးဆုံးပါ။

ဦးကျော်ဇံသာ ။ ။ အမေရိကန်ပြည်ထောင်စု အထူးသဖြင့် အခုလို ရီပတ်ဘလင်ကန် (Republican) အစိုးရက ပြည်တွင်းလူ့အခွင့်အရေး ပြဿနာကြောင့် မြန်မာနိုင်ငံကို တရုတ်ဘက် ပိုယိမ်းသွားမယ့်ကိစ္စကို ဒီအတိုင်း လက်ပိုက်ကြည့်နေမယ် ထင်ပါလား။
David Steinberg ။ ။ မဟုတ်ပါဘူး။ ပထမဦးဆုံး ပြောချင်တာက အမေရိကန်က မြန်မာနိုင်ငံကို ဘယ်ဘက်မှ ပါသွားအောင် မလုပ်နိုင်ပါဘူး။ ဘယ်ဘက်သွားမယ်ဆိုတာက မြန်မာကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ ကျနော် မြင်ရတာကတော့ မြန်မာနိုင်ငံဟာ မျှတတဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို လိုက်ချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဆိုလိုတာက အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို အလေးထား မဆက်ဆံတော့ဘူး။ မထောက်ခံ အားမပေးတော့ဘူး။ ရင်းနှီးမြုပ်နံှမှုတွေလည်း မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ တရုတ်ဘက်ကို အလိုလိုပါသွားနိုင်တယ်လို့ ဆိုလိုတဲ့သဘောပါ။
David Steinberg ။ ။ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို အဓိက အကူအညီပေးမယ့် အစီအစဉ် ရှိပါတယ်။ အမေရိကန်အစိုးရဆီက ကျနော် နောက်ဆုံးရရှိထားတဲ့ စာရင်းဇယားတွေအရဆိုရင် နှစ်အတော်ကြာအတွင်း ဒေါ်လာ (၁၈၆) သန်း ပေးဖို့ရှိနေပါတယ်။ ပြဿနာက ဒါဟာ သိပ်မမြင်သာတဲ့ ပညာရေး၊ လေ့ကျင့်ရေး၊ လူ့မှုအဆောက်အအုံတွေ တည်ဆောက်ရေး စတာတွေအတွက် ပေးမှာသာ ဖြစ်ပြီးတော့၊ လမ်းပန်အဆက်အသွယ် တည်ဆောက်ရေးအတွက် မဟုတ်ပါဘူး။ လမ်းပန်အဆက်အသွယ်တွေကို တရုတ်က လုပ်နိုင်ပါတယ်။ ဂျပန်ကတော့ သီလဝါတို့လို စီးပွားရေးဇုန်တွေ လုပ်နိုင်ပါတယ်။ သူတို့လုပ်တာက သိသာမြင်သာပြီးတော့ အမေရိကန် လုပ်တာကတော့ သိပ်ပြီးတော့ မသိသာပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်တို့က ဝေစုအကြီးကြီးရနေတာ၊ ခံစားနေတာကို အမေရိကန်အစိုးရက မမူဘူး၊ ဂရုမစိုက်ဘူးဆိုတဲ့ သဘောပေါ့။
David Steinberg ။ ။ အခွင့်ထူးရရှိခံစားနေရတယ်။ Enjoying ဆိုတာက မှန်ကန်တဲ့ အသုံးအနှုန်း မဟုတ်ပါဘူး။ သူတို့ဟာ မြစ်ဆုံစီမံကိန်းမှာ ထိခိုက်ခဲ့ရတဲ့ကိစ္စကို ပြန်ပြီးတော့ အဖတ်ဆယ်ဖို့ ကြိုးစားနေတာပါ။ မြန်မာပြည်တွင်းမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ၊ မီဒီယာတွေ အရေးအသားတွေ အများကြီး ရှိနေပါတယ်။ ဒါကို ပြန်လည်နလန်ထူနိုင်အောင် ကူညီဖို့ ကြိုးပမ်းနေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကူညီနေပါတယ်။ တရုတ်ဟာ သူတို့နယ်စပ်အရေးမှာ အမေရိကန်မပါဝင်စေချင်ပါဘူး။ မြောက်ကိုရီးယားကလည်း ဒီသဘောထား ရှိတယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာလူမျိုးစုပြဿနာ ပြေလည်ရေးကို တရုတ်လက်ထဲမှာထားလိုက်ရမှာကို အမေရိကန်က မစိုးရိမ်ဘူးဆိုတဲ့ သဘောပေါ့။

David Steinberg ။ ။ ဒါကိုမှန်တယ်လို့ ကျနော် မထင်ပါဘူး။ သိပ်ပြီးတော့ သတိထားဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးနေရမှာပါ။ တချိန်ထဲမှာပဲ ဒီပြဿနာဟာ တရုတ်နယ်စပ် ပြဿနာလည်း ဖြစ်နေလို့၊ သိပ်ပြီးတော့ အကဲဆတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့ အနောက်ဘက် နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကရော ဒီကိစ္စမှာ တရုတ်ကို ဘယ်လောက် ထိန်းညှိနိုင်မယ် ထင်ပါသလဲ။

David Steinberg ။ ။ မြန်မာနိုင်ငံအနေနဲ့ ထိန်းညှိနိုင်ပါလိမ့်မယ်။ ဒီထိန်းညှိရေးဝါဒဟာ စစ်အေးကာလမှာ အသုံးတဲ့ခဲ့ပါတယ်။ အခုလည်း အသုံးတဲ့ပါလိမ့်မယ်။ မြန်မာဟာ ပထဝီအနေအထားအရ အချက်အချာ ဖြစ်နေပါတယ်။ တရုတ်နဲ့လည်း သင့်တင့်ရမယ်။ အိန္ဒိယနဲ့လည်း သင့်တင့်ရမယ်။ အာဆီယံနဲ့လည်း သင့်တင့်ဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို အမေရိကန်ပြည်ထောင်စုက လုံးဝဝင်မယူနိုင်ပါဘူး။ အင်မတန်မှ အလှမ်းဝေးပါတယ်။