မြန်မာ့အရေး နိုင်ငံရေးဘောဂဗေဒကိုပါ အာရုံစိုက်သင့်

တပ်မတော်နေ့အခမ်းအနား

စစ်တပ်ထဲမှာ ဇာတ်တူသား စားကြတော့မှာလား။ တော်လှန်ရေးအလွန်မှာ အာရုံစိုက်ဖို့လိုလာတဲ့ နိုင်ငံရေးဘောဂဗေဒ

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အကျယ်ချုပ်နဲ့ စစ်ဆေးခြင်းခံနေရတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာထွက်ပေါ်ခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ သူ့ရှေ့က စီနီယာဗိုလ်ချုပ်တွေကို ကျော်ကာ ရာထူးတက်ခဲ့သူဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စိတ်အချရဆုံး၊ အားအကိုးရဆုံး လူယုံတစ်ဦးလို့ အကဲခတ်တွေက ဆိုကြပါတယ်။ ဒု ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)နဲ့ နိုင်ငံခြားငွေကြေး ကြီးကြပ်ရေးကော်မတီ (FESC) တွေမှာလည်း ဥက္ကဋ္ဌဖြစ်ပါတယ်။ဒါကြောင့်လည်း ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသတင်းကို ဘာကြောင့်လဲ၊ဘယ်လိုဖြစ်တာလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ ပထမဆုံး ပြည်ထဲရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းနဲ့ မြဝတီဘဏ်က တာဝန်ရှိတွေအပါအဝင် စီးပွါးရေး လုပ်ငန်းရှင်တွေ ခေါ်ယူစစ်ဆေးခြင်းခံနေရတဲ့ဆိုတဲ့သတင်းတွေလည်း စီးပွါးရေး လုပ်ငန်းရှင်တွေကြားမှာ ပြန့်နေပါတယ်။ အခုလိုထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ သူ့ရဲ့အကိုဖြစ်သူ စီးပွါးရေးလုပ်ငန်းရှင် ဦးနေအောင်တို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေကတော့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ ရေတပ်အတွက်ရတဲ့ ဘတ်ဂျက်ငွေတွေကို သူ့အကိုရဲ့ဘဏ် ယူနိုက်တက် အမရာဘဏ်ထဲကို ထည့်ထားခဲ့တဲ့အတွက် စစ်ဆေးခြင်းခံရတာလို့ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးမိုးအောင်ကို စုံစမ်းစစ်ဆေးတယ်ဆိုတဲ့ သတင်း မှန်၊မမှန် မီဒီယာတွေက မေးမြန်းတဲ့အခါ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ သူရဲ့တာဝန်တွေကို ထမ်းဆောင်နေပါတယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။စစ်ဆေးခြင်းခံရတာ ဟုတ်တယ်၊မဟုတ်ဘူးဆိုတာကိုတော့ တိတိကျကျ ပြန်လည်ဖြေကြားခဲ့တာ မတွေ့ရပါဘူး။

အခုလို စစ်ကောင်စီထိပ်ပိုင်းက စစ်တပ်ခေါင်းဆောင်တွေရဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ စက်တင်ဘာ ၁၂ ရက်နေ့ က ဧရာဝတီသတင်းဌာနမှာ ဆောင်းပါးတစ်ပုဒ် ဖတ်ရှုရပါတယ်။ “လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား” ဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဧရာဝတီက အခုလိုရေးပါတယ်။

"ကုန်ဈေးနှုန်းကြီးမြင့်မှုအား ဖြိုခွဲစဉ် ကုန်သွယ်ရေးအကြီးအကဲ ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက အဂတိလိုက်စားမှုအတွက် အမည်ဆိုးကျော်ကြားသူ သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်”

"စစ်ကောင်စီက ထုတ်ကုန်သွင်းကုန်သမား ရာပေါင်းများစွာကို ဖမ်းဆီးစစ်ဆေးပြီးနောက်ဖြစ်လာသည့် ရန်နောင်စိုးအား ဖမ်းဆီးမှုက စစ်ကောင်စီတွင် အဆင့် ၆ နေရာတွင်ရှိသည့် မိုးမြင့်ထွန်းကို နက်ရှိုင်းသော အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်စေပြီး ရာထူးမှဖြုတ်ချခံရမည့် အန္တရာယ် ကျရောက်နေစေသည်”

ဧရာဝတီဆောင်းပါးက အခုလိုဖမ်းဆီးစစ်ဆေးနေတာတွေဟာ စီးပွါးရေးလုပ်ငန်းတွေ၊သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လာဘ်ပေး၊လာဘ်ယူကိစွတွေကြောင့်လို့ ရေးသားထားပါတယ်။ တချိန်တည်းမှာပဲ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ညိုစောကို ဗိုလ်ချုပ်ရန်နောင်စိုးရဲ့ ကုန်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးကော်မတီနေရာမှာ အစားထိုးလိုက်ကြောင်းနဲ့ စစ်ကောင်စီခေါင်းဆောင်ဟာခုချိန်မှာ သူ့ရဲ့ လူယုံ မိုးမြင့်ထွန်းကို ရာထူးက ဖယ်၊မဖယ် ဆုံးဖြတ်ရမယ့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရပြီလို့ မှတ်ချက်ပေးကာ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ရန်ကုန်မြို့က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကလည်း အခုလို ရာထူးအဆင့်မြင့် စစ်ဗိုလ်ချုပ်တွေ ဖမ်းဆီးစစ်ဆေးခံရတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"လာဘ်စားလို့ ဖမ်းဆီးစစ်ဆေးတယ်ဆိုရင်တော့ ဘယ်ဗိုလ်ချုပ်များ ကင်းလို့လဲဗျာ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့သားသမီးတွေရော ကင်းလို့လား။ ပိုတောင်ဆိုးသေးတယ်လို့ပြောရမယ်။ ခုဟာက တိုင်းပြည်စီးပွါးရေးအခြေအနေက ပိုဆိုးလာတယ်။ ပြည်တွင်းမှာ မတည်ငြိမ်ဘူး။ အာဏာသိမ်းပြီးတဲ့နောက် စီးပွါးရေးပိတ်ဆို့တာတွေက ပို ပြင်းထန်လာတယ်။ ဒီတော့ စီးပွါးရေးလုပ်ကွက်၊စီးပွါးရေး ခွင် က ကျဉ်းလာတယ်။အဲဒီတော့ စီးပွါးရေးဝေစုကနည်းလာတယ်။စားကျက်လုရင်းက ခုလို ဖြုတ်ထုတ်၊ဖမ်းဆီးတာတွေ ဖြစ်လာတာနေမှာပေါ့”

အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲ အရပ်သားအစိုးရလက်ထဲက အာဏာသိမ်းပြီး ၂ နှစ်ကျော်လာချိန်မှာ စစ်တပ်ထဲမှာ မတည်မငြိမ်ဖြစ်လာတာတွေ့ရပါတယ်။နိုင်ငံ အနှံ့ကတိုက်ပွဲတွေမှာအောက်ခြေတပ်သားတွေအကျအဆုံးများလာတယ်။ ရာထူးကြီးပိုင်းတွေမှာလည်း အဖြုတ်အထုတ်၊အရွှေ့အပြောင်းတွေများလာကာ ဒီနေ့ မှာ တိုင်းမှူး၊ဒီနေ့မှာ ဗိုလ်ချုပ်၊နောက်နေ့မှာ ဘာဖြစ်မယ်ဆိုတာ မသေချာ၊မရေရာတဲ့အနေအထားမျိုးဖြစ်လာတာတွေ့ရပါတယ်။ဒါကြောင့်လည်း မြန်မာ့စစ်တပ်အကြောင်း စောင့်ကြည့်လေ့လာနေတဲ့ သုတေသီ ရဲမျိုးဟိန်းက "ထင်သလောက်အင်အားမရှိဘဲ တရှိန်ထိုး အင်အားကျဆင်းချိနဲ့လာတဲ့ မြန်မာစစ်ကောင်စီတပ်”ဆိုတဲ့ စာတမ်းတစ်စောင်ရေးသား ထောက်ပြခဲ့တာပါ။ဒါအပြင် ရဲမျိုးဟိန်းက သူ့ရဲ့စာတမ်းမှာ စစ်ကောင်စီဟာ ခုခံတော်လှန်ရေးအင်အားစုတွေကို နိုင်နင်းအောင် ထိန်းချုပ်နိုင်ပြီး နိုင်ငံကို တည်ငြိမ်အောင်လုပ်နိုင်မယ်လို့ ယူဆတာဟာ ကျိုးကြောင်းဆီလျော်မှု မရှိတော့ဘူးလို့လည်း အလေးအနက် သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံရေးအရရော၊ စီးပွါးရေးအရပါ လက်ဝါးကြီးအုပ် ကြီးစိုးလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အထူးသဖြင့် ၁၉၉၀ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ စီးပွါးရေးလုပ်ငန်းရှင် ခရိုနီ လူတန်းစားတစ်ရပ်မွေးဖွားပြီး စစ်ဗိုလ်ချုပ်တွေဟာ သူတို့မိသားစု၊ ဆွေမျိုးတွေပါ ကုမ္ပဏီမျိုးစုံတည်ထောင်ပြီး စီးပွါးရေးမှာ တိုက်ရိုက်ပါဝင် ချုပ်ကိုင်လာကြတာပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဒေါက်တာစိုင်းလတ်ရေးတဲ့ ပဋိပက္ခ၊ အာဏာရှင်ဘောဂအုတ်မြစ်နှင့် နိုင်ငံရေးထွက်ပေါက်(အပိုင်း-၁) ဆောင်းပါးကို စက်တင်ဘာလ ၅ ရက်နေ့က Myanmar Now မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒေါက်တာစိုင်းလတ်က မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်အကြောင်းတွေကိုပဲ ဦးစားပေးပြောလေ့၊ ဆွေးနွေးလေ့ရှိကြတယ်။ အရေးကြီးတဲ့ အချက်တစ်ချက် ကွယ်ပျောက်နေတယ်။ အဲဒါကတော့ လူနည်းစုဆီမှာ ဥစ္စာ ဓန၊အရင်းအနှီးစုပြုံနေမှုကိုခွင့်ပြုထားတဲ့ နိုင်ငံရဲ့ ဘောဂဗေဒ အုတ်မြစ်(wealth concentration)ကို ခွင့်ပြုထားတာပဲဖြစ်တယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။ ဆောင်းပါးမှာ

"အာဏာရှိတဲ့ လူနဲ့ ဓနရှိတဲ့ လူတွေ အပိုင်စီးထားတဲ့ တိုင်းပြည်မှာ နိုင်ငံရေး၊ တော်လှန်ရေး လှုပ်ရှားမှုဟာ စစ်အစိုးရနဲ့ သူ့အပေါင်းပါ ခရိုနီတွေရဲ့ ဓနအင်အားအုတ်မြစ် (Material foundation) ဖြစ်တဲ့နိုင်ငံရေးဘောဂကို ဘေးချထားတယ်လို့ သုံးသပ်ချင်ပါတယ်”

"နိုင်ငံရေးဘောဂစနစ်ဖွဲ့တည်မှုကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ (structural reform) ဆိုတာဟာ တော်လှန်ရေးအီကွေးရှင်းတွေမှာ ပျောက်သလောက်နီးပါးလို့ ဆိုလိုချင်တာပါ”လို့ လည်းရေးသားထားတာတွေ့ရပါတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးအနေနဲ့ အနာဂတ်မြန်မာ့နိုင်ငံရေးကိုချဉ်းကပ် အဖြေရှာမယ်ဆိုရင် အမှတ်သညာအခြေပြုနိုင်ငံရေး(Identity Politics)နဲ့အတူ နိုင်ငံရေးဘောဂဗေဒ(Political Economy)ပြုပြင်ရေးကိုပါ တပြိုင်တည်းထည့်စဉ်းစားသင့်တယ်။ ဒါမှသာ စီးပွါးရေးတရားမျှတမှု၊အများပြည်သူ ဖူလုံငြိမ်းချမ်းမှုတွေရရှိစေနိုင်ပြီး ဆင်းရဲ ချမ်းသာကွာဟမှုပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ဒေါက်တာစိုင်းလတ်က အကြံပြုရေးသားထားပါတယ် ခင်ဗျား။