နေစကြဝဠာ ပြင်ပက ဂြိုဟ်တလုံးရဲ့လေထုထဲမှာ ရေရှိနေတာကို ပထမဆုံး အကြိမ် ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ ဗြိတိသျှ သိပ္ပံ ပညာရှင်တွေက ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၁၁၀ အကွာအဝေးမှာ ရှိပြီး သက်ရှိတွေနေနိုင်တဲ့ အပူချိန်ရှိတဲ့ ဂြိုဟ်တလုံးမှာ ရေငွေ့ရိပ်တွေ ရှိနေတာကို ရှာဖွေတွေ့ရှိတာဖြစ်တယ်လို့ University College London က သုတေသန ပညာရှင်တွေက ပြောခဲ့တာပါ။
အခုချိန် အထိတော့ နေစကြဝဠာရဲ့ပြင်ပမှာ ဂြိုဟ်ပေါင်း ၄၀၀၀ ကျော်ကို ရှာဖွေ တွေ့ရှိထားခဲ့ပေမဲ့ ဒီ ဂြိုဟ်မှာသာ သက်ရှိတွေ အတွက် လိုအပ်တဲ့ ရေ၊ အပူချိန်နဲ့ မာကျောတဲ့ ကျောက်သား မျက်နှာပြင် ရှိတာလို့လည်း အဲဒီ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာကြီးထက် နှစ်ဆကြီးပြီး သိပ်သည်းဆ ၈ ဆ ပိုတဲ့ အဲဒီ ဂြိုဟ်ပေါ်မှာ စီးဆင်းနေတဲ့ ရေ ရှိမရှိကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ Super Earth လို့ ခေါ်ဆိုတဲ့ ဂြိုဟ် အတန်းအစားထဲမှာ ပါဝင်တဲ့ အဲဒီ ဂြိုဟ်နဲ့ အဲဒီ ဂြိုဟ်တည်ရှိတဲ့ နေမင်းကြီးတို့အကြား အကွာအဝေးဟာ သက်ရှိ တွေ ရှင်သန် ရပ်တည်နိုင်တဲ့ အကွာအဝေးလို့ ဆိုပါတယ်။
K2-18b လို့ နာမည် ပေးထားတဲ့ အဲဒီ ဂြိုဟ်ကို အမေရိကန် အမျိုးသား လေကြောင်းနဲ့ အာကာသ အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၅ ခုနှစ်မှာ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဆယ်စုနှစ်တွေအတွင်း နေစကြဝဠာ ပြင်ပက ရာနဲ့ချီတဲ့ ဂြိုဟ်တွေဆီကို အာကာသ စူးစမ်းရေး ယာဉ်တွေ ပစ်လွှတ်ဖို့ သိပ္ပံပညာရှင်တွေ မျှော်လင့် နေကြပါတယ်။
Your browser doesn’t support HTML5