VOA မြန်မာပိုင်းအစီအစဉ် သတင်းထောက် ရန်ကုန်မှတိုက်ရိုက်သတင်းပို့

VOA မြန်မာပိုင်းအစီအစဉ် သတင်းထောက် ရန်ကုန်မှတိုက်ရိုက်သတင်းပို့

အရပ်သားအစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးကြိမ် ၅ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ်မစ်ချဲလ် ဟာ ဒီကနေ့မှာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ လှည့်လည်ကြည့်ရှုနေပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း နေပြည်တော်က အစိုးရတာဝန်ရှိသူတွေနဲ့တင်မကဘဲနဲ့ ကျင်းပနေဆဲ လွှတ်တော်ထဲက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံကို သွားရောက်တဲ့ မစ္စတာ မစ်ချဲလ်ရဲ့ ခရီးစဉ်ကိစ္စကို သတင်းယူဖို့အတွက် ဗွီအိုအေ သတင်းထောက် ဒေါ်ခင်စိုးဝင်းဟာ အခု ရန်ကုန်ကိုရောက်ရှိနေပါတယ်။ မစ္စတာမစ်ချဲလ်ရဲ့ ခရီးစဉ်အကြောင်းကို ဒေါ်ခင်စိုးဝင်းက အခုလို သတင်းပို့ပါတယ်။

“နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်အရ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ်မစ်ချဲလ် ဟာ ဒီကနေ့ နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာတွေ မရှိဘဲနဲ့ ကိုယ်ပိုင်အချိန် အဖြစ်နဲ့ နေပြည်တော်တခွင်ကို လေ့လာခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်မှာရှိတဲ့ စေတီတော်ကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။

“မနက်ဖြန်ကျရင်တော့ ရုပ်ရှင်မင်းသားကျော်သူ ဦးစီးတဲ့ နာရေးကူညီမှု အသင်းနဲ့ စေတနာရှင် NLD လူငယ်တွေဖြစ်တဲ့ မဖြူဖြူသင်း ဦးဆောင်တဲ့ လူငယ်အဖွဲ့နဲ့လှုပ်ရှားနေတဲ့ HIV/AIDS ဝေဒနာသည်တွေကို စောင့်ရှောက်ပေးနေတဲ့ ဂေဟာကိုလည်း သွားရောက် လေ့လာဖို့ရှိတယ်လို့ ကြားသိရပါတယ်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုတော့ တနင်္လာနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တွေ့ဖို့စီစဉ်ထားပါတယ်။ NDF အမျိုးသား ဒီမိုကရက်တစ် အင်အားစုပါတီက ခေါင်းဆောင်တွေနဲ့လည်း စက်တင်ဘာ ၁၃ ရက်နေ့မှာ တွေ့ဆုံမယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗွီအိုအေကို ပြောပြပါတယ်။”

ဗွီအိုအေ အနေနဲ့ နှစ်ပေါင်းများစွာကြာပြီးတော့မှ အခု ပထမဦးဆုံးအကြိမ် အနေနဲ့ မြန်မာပြည်ထဲကို ဝင်ပြီး သတင်းယူခွင့် ပြန်ရတာပေါ့နော်။ ဒီတော့ လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေနဲ့ အခု ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေတွေအပေါ် ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။ ဘယ်လိုမြင်ရပါသလဲ။ -

“ပြည်သူတွေရဲ့သဘောထားကို မပြောခင် ဒီနေ့ မင်္ဂလာဒုံလေဆိပ်ကို ရောက်တဲ့အခါ အဆောက်အဦးတွေရဲ့ အနေအထားက လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကျမ တွေ့ခဲ့တာနဲ့စာရင် အတော်လေး တိုးတက်လာတာတွေ့ရလို့ အားတက်မိပါတယ်။ လမ်းဘေးဝဲယာ ကြည့်လိုက်တော့လည်း တိုက်တာကြီးတွေနဲ့ တော်တော်လေးကို တိုးတက်နေပါတယ်။ ကျမ ရောက်တယ်လို့ကြားတာနဲ့ လာတွေ့ကြတဲ့ ဆွေမျိုးတွေကလည်း အများကြီးဆိုတော့ စကားပြောကြတာပေါ့လေ။ အဲဒီအထဲမှာ ကျမကိုလာတွေ့တဲ့ ဆရာတယောက်က မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူက အခုလို ပြောပြပါတယ်။”

ဆရာတယောက်အသံ။ ။ “နယ်နဲ့ ရန်ကုန်နဲ့ အများအားဖြင့် ကုန်းလမ်း ဆက်သွယ်ရေးတွေ တော်တော်လေး ကောင်းလာတယ်။ ဟိုက်ဝေး ဘက်စ်ကြီးတွေ ပုံမှန်ပြေးလာတယ်။ အဲဒီတော့ ရန်ကုန်ကနေပြီးတော့ အထက် မြန်မာပြည်ကိုလည်း သွားလို့ရတယ်။ အထက် မြန်မာပြည်ဆိုရင်လည်း မြို့အသီးသီးပေါ့လေ။ ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း၊ မန္တလေး၊ မုံရွာ၊ နောက်ပြီးတော့ မြစ်ဝကျွန်းပေါ်တွေကိုလည်း သွားလို့ရတယ်။ အရင်တုန်းက မီးရထားကိုပဲ အားကိုးနေရတဲ့ဟာတွေက အခု ကုန်းလမ်းဆက်သွယ်ရေး မှာတော့ သိသိသာသာ တိုးတက်လာပါတယ်။”

“ဒီလို လမ်းပန်းဆက်သွယ်ရေး တိုးတက်တာတွေရှိပေမဲ့လည်း အားရဖို့မကောင်းတဲ့ အခြေအနေ ရှိတယ်ဆိုတာကိုလည်း အခုလို သုံးသပ်ပြပါတယ်။”
ဆရာတယောက်အသံ။ ။ “ခလေးတွေ ကြိုးစားသလောက် အရာမထင်ဘူးလို့ ပြောရမယ်။ ကိုယ့်သားသမီးတွေ ကိုယ်နှိက်ကပဲ သူတို့ကြိုးစားတယ်။ စာမေးပွဲနဲ့ အမှတ်နဲ့ဆိုရင်တော့ သူတို့က ထူးထူးချွန်ချွန် အောင်ကြတယ်။ ဒါပေမဲ့ သူတို့ကို အသုံးချတဲ့နေရာမှာကျတော့ ဘာမှအစီအစဉ်မရှိဘူး။”

“ဒါကတော့ ကျောင်းသားမိဘတဦးလည်းဖြစ်တဲ့ ကျမရဲ့ ဆရာတဦးက ပြောပြသွားတာပါ။ မိတ်ဆွေ အိမ်ရှင်မတဦးကလည်း မြန်မာနိုင်ငံမှာ အခုလောလောဆယ် ဆင်းရဲချမ်းသာ ကွာဟမှုဟာ တနေ့တခြား ကျယ်ပြန့်လာတာကိုလည်း အခုလို ပြောပြပါသေးတယ်။”

အိမ်ရှင်မတဦး။ ။ “အကျင့်စာရိတ္တပိုင်းမှာတော့ တော်တော်ကို ယိုယွင်းနေကြပါတယ်။ လူတန်းစားအနေနဲ့ကြည့်မယ်ဆိုရင်လည်း လူလတ်တန်းစားဆိုတာ မရှိတော့ပါဘူး။ လူတွေရဲ့ ကိုယ်ပိုင်ဝင်ငွေကလည်း အများကြီး ဝင်တဲ့ ဘာနည်းနဲ့ဝင်မှန်းမသိဝင်တဲ့ ကိုယ်ပိုင်ဝင်ငွေရှိမယ်။ ပုံမှန်ဝင်တဲ့သူ ဝင်ငွေကတော့ ကျမတို့မှာ တနေ့တနေ့ စားဝတ်နေရေးအတွက်ကို ဖူလုံတဲ့အဆင့်ကိုတောင် မရှိတဲ့အနေအထားတွေ ရှိနေတဲ့အခါမှာ လူတွေဟာ ပုံမှန်ဝင်ငွေနဲ့ မလုံလောက်တဲ့အတွက်ကြောင့် တရားသဖြင့်ဝင်ငွေအပြင် မတရားသဖြင့် ဝင်ငွေကိုရှာလာရတယ်။ အဲဒီတော့ ပိုပြီးတော့ စာရိတ္တတွေ ဆိုးရွားလာတယ်။ အပြောအဆိုတွေကလည်း ပိုပြီးတော့ ရဲတင်းလာတယ်။ ရှက်ရမယ့်အရာကိုရှက်ရမှန်း မသိတော့ဘူး။ ကြောက်ရမယ့်အရာကို ကြောက်ရမှန်းမသိတော့ဘူး။”

“ဒါကတော့ နိုင်ငံမှာ အဆိုးအကောင်း ဒွန်တွဲနေတဲ့အကြောင်းကို အသိမိတ်ဆွေတွေက ပြောပြသွားတာပါ။ တဆက်တည်းမှာပဲ ဆက်သွယ်ရေးနဲ့ပတ်သက်လို့ ကျမနေနေတဲ့ ဟိုတယ်မှာ အင်တာနက် ဝင်ဆောင်မှုပေးတဲ့ wifi service ကလည်း အတော်လေး ကောင်းပါတယ်။ ဒါပေမဲ့ ဗွီအိုအေ ဝက်ဘ်ဆိုက်ကိုတော့ ဝင်လို့မရပါဘူး။”

ဗွီအိုအေ သတင်းထောက် ဒေါ်ခင်စိုးဝင်း ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။