VOA ရဲ့ နှစ်သစ် ဆုတောင်း

ဒီကနေ့ဟာ မြန်မာ့ နှစ်ဆန်းတရက်နေ့ အခါသမယ ဖြစ်တာနဲ့အညီ မြန်မာ နိုင်ငံတဝှမ်းလုံးမှာရှိကြတဲ့ မိဘ ပြည်သူတွေနဲ့တကွ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပြည်ပနိုင်ငံ အသီးသီးမှာ ရောက်နေကြတဲ့ မြန်မာနွယ်ဖွားတွေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ရွှင် ချမ်းမြေ့စွာနဲ့ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဗွီအိုအေ ဝိုင်းတော်သူ ဝိုင်းတော်သားအပေါင်းက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အစဉ်အလာအရ ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်းမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတာ၊ အကြွေးအမွေးနဲ့ အလှုဒါနပြုတာတွေအပြင် ငါးတွေ လွတ်ပေးတာ၊ ဥပုဒ်စောင့် သီလယူတာ စတဲ့ ကုသိုလ်ရစေမယ့် အလုပ်တွေကို လုပ်ဆောင်ကြတဲ့ နေ့လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကျင်းပနေကြတဲ့ မနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ အတာသင်္ကြန် အတက်နေ့ကို ပျော်ရွှင်စွာ ဆင်နွဲနေကြတဲ့အချိန်မှာပဲ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း Maarutha ဟာ ရခိုင်ကမ်း ရိုးတန်းဒေသကို ဖြတ်ကျော်ပြီး ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် ဆက်လက် ဝင်ရောက်ခဲ့တာကြောင့် သင်္ကြန်အတက်နေ့ ဆင်နွဲနေသူတွေအတွက် အနှောက်အယှက် ဖြစ်သွားစေခဲ့ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း Maarutha ဝင်ရောက် တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း လူ ၃ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦး ထိခိုက် ဒဏ်ရာခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့အတွင်းက လေပြင်း တိုက်ခတ်မှုတွေကြောင့် နေရာတချို့မှာ သစ်ပင်တွေ ပြိုကျပြီး မော်တော်ယဉ်တွေနဲ့ တခြား အဆောက်အဦး တချို့ ထိခိုက် ပျက်ဆီးသွားကြောင်းနဲ့ ရန်ကုန်မြို့အတွင်းက မြို့နယ် တချို့အပါအဝင် နေရာဒေသ အတော်များများမှာ ရေကြီး ရေလျှံမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီမုန်တိုင်းဟာ လေတိုက်နှုန်း လျော့ကျသွားပေမယ့် အားပျော့ ပျက်ပြယ်ခြင်း မရှိသေးပဲ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးမှာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ ရှိတဲ့ လေတိုက်နှုန်းနဲ့ တိုက်ခတ်နေဆဲဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

VOA ရဲ့ နှစ်သစ် ဆုတောင်း