ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အခုတနှစ်ကြာလာတဲ့အချိန်မှာ ရခိုင်ပြည်နယ်အတွင်းကအခြေအနေတွေ ငြိမ်းချမ်းမှုတွေရှိလာနေပြီးတော့ ဒုက္ခသည်တွေကို ပြန်ပြီးတော့ လက်ခံဖို့လည်း မြန်မာအစိုးရဘက်က အဆင်သင့်ပြင်ထားတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာသံအမတ် ဦးဟောက်ဒိုစွမ်း က VOA ကိုပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် မာဂရက်ဘာရှာက သံအမတ် ဦးဟောက်ဒိုစွမ်းကို ဆက်သွယ်မေးမြန်းထားတာပါ ။ အဲဒီဆက်သွယ်ချက်ထဲက နိဒါန်းပိုင်းကို ဒေါ်လှလှသန်းက တင်ပြပါလိမ့်မယ်။
ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၂၅ ရက်နေ့က စလို့ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ၁ နှစ်ပြည့်တဲ့ အခုလိုအချိန်မျိုးမှာ လက်ရှိအခြေအနေဟာ ဘယ်လိုရှိပါသလဲဆိုတာကို မေးမြန်းရာမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက အခုလိုဖြေခဲ့ပါတယ်။
"ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြသူတွေ နေရပ်ရင်းပြန်ခေါ်ဖို့ အစီအစဉ် စတင်လုပ်ဆောင် နေပြီဖြစ်ပါတယ်။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စပြီးထွက်ပြေးတာ ပြီးခဲ့တဲ့နှစ်ကတင် မဟုတ်ပါဘူ။ အဲဒီနှစ် မတိုင်ခင် ၂၀၁၆ အောက်တိုဘာ ၉ရက်က ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ တိုက်ခိုက်ခဲ့ချိန်က စခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ လူတချု့ိဟာ တဘက်နိုင်ငံကို ထွက်ပြေးခဲ့ကြတာဖြစ်ပေမယ့် ၂၀၁၇ သြဂုတ်လကစပြီး အကြမ်းဖက် သမားတွေ ထပ်မံတိုက်ခိုက်ခဲ့ချိန်မှာတော့ အစုလိုက်အပြုံလိုက် ထွက်ပြေးမှု စတင်ဖြစ်ပွားခဲ့တာပါ ။"
ရခိုင်ပြည်နယ်မှာ အခြေအနေဟာ တိတ်ဆိတ်နေပါတယ် လို့ သံအမတ်ကြီးက ဖြေခဲ့တဲ့အတွက်ကြောင့် လက်ရှိ မြေပြင်အခြေအနေကိုဆက်ပြီး သိလိုကြောင်းမေးမြန်းရာမှာတော့သံအမတ်ကြီး က အခုလိုဖြေခဲ့ပါတယ်။
"အခုလက်ရှိ မြေပြင်အခြေအနေဟာ တိတ်ဆိတ်နေပြီး အဲဒီဒေသမှာ ငြိမ်းချမ်းတည်ငြိမ်နေပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သမား တွေရဲ့တိုက်ခိုက်မှုအန္တရာယ်က ရှိနေဆဲဖြစ်တာကြောင့် ကျနော်တို့ အမြဲသတိထား စောင့်ကြည့်နေရပြီး အကြမ်းဖက် အုပ်စုက ပြန်ပြီး မတိုက်ခိုက်ဘူးလို့ လျှော့တွက်လို့ မရပါဘူး။ အခုချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြသူတွေ နေရပ်ရင်း ပြန်ခေါ်ဖို့ အပြည့်အဝ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ထွက်ပြေးသွားသူတွေ ပြန်ခေါ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့ သဘောတူစာချုပ်ကို ပြီးခဲ့တဲ့နှစ်ကုန်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ပေးခဲ့တဲ့ လူ(၈၀၀၀)စာရင်းနဲ့ ကျနော်တို့ဘက်က လူ(၃)ထောင်ကျော်တို့ကို စိစစ်ပြီးဖြစ် ပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေလို့ ကျနောတို့က အတည်ပြုနိုင်တဲ့ လူ( ၁ထောင့် ၂ရာ)ခန့် စာရင်း ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးခဲ့ပါတယ်။ အဲဒီထဲမှာ ဟိနူတွေအပြင် မူဆလင်တချို့လည်းပါဝင်ပါတယ်။ ဒါကြောင့် စာရင်းထဲမှာ ကျနော်တို့ဘက်ကပေးတဲ့ လူ( ၁၂၀၀)အပြင် ကျနော်တို့ စိစစ်ပြီးဖြစ်တဲ့ လူ(၃)ထောင်ကျော်တို့ရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်ကို ပေးခဲ့ပါတယ်။ အခု ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နေရပ်ရင်း ပြန်ပို့တာ စတင်ဖို့ ကျနော်တို့ စောင့်နေပါတယ်။ သူတို့တတွေကို လက်ခံဖို့ ကျနော်တို့ အစီအစဉ်တွေအားလုံး လုပ်ဆောင်ခဲ့ပြီး သူတို့တွေရဲ့ နေရပ်ရင်း ဒါမှမဟုတ် အနီးဆုံးနေရာမှာ အခြေချပေးဖို့ဖြစ်ပါတယ်။"
ဒါ့အပြင် သံအမတ်ကြီးအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌထံ စာပေးပို့ခဲ့ရာမှာ ဒုက္ခသည်များလက်ခံတဲ့ စခန်း၂ ခုနဲ့ ယာယီသခန်းတခု တည်ဆောက်ထားတယ်လို့ ဖော်ပြခဲ့ရာမှာ ဘယ်နေရာမှာ တည်ဆောက်ထားပါသလဲ ၊ စဖွင့်ပြီလား တကယ်ပဲ စတင်ပြီးတော့ လက်ခံနေပြီလား ၊ ဒါမှမဟုတ် စတင်ဖို့ ပြင်ဆင်နေပြီလားလို့ ရှင်းရှင်းလင်းလင်းဖြေကြားဖို့ မေးမြန်းခဲ့ရမှာတော့ သံအမတ်ကြီးက အခုလိုပြန်ဖြေခဲ့ပါတယ်။
"တဖက်နိုင်ငံကို ထွက်ပြေးခဲ့ကြသူတွေ လက်ခံတဲ့ စခန်း၂ခုနဲ့ ယာယီစခန်း တခုဟာ ဘင်္ဂလာဒေ့ရှ် နယ်စပ်အနီးမှာရှိပြီး သူတို့ တတွေကို အမြန်ဆုံးနဲ့ အဆင်အပြေဆုံး ပြန်လက်ခံနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံကို ပထမဦးဆုံး အသုတ် ပြန်ရောက်ဖို့ စောင့်နေဆဲဖြစ်ပါတယ်။"
ဆက်လက်ပြီး သံအမတ်ကြီးက ဘယ်သူ့ကို တဖက်နိုင်ငံ ကနေ ပြန်လက်ခံခဲ့ခြင်းမရှိသေးဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ အခုလိုထွက်ပြေးရာမှာ ဘယ်နှစ်ဦးသေဆုံးခဲ့ပါသလဲ၊ စာရင်းရှိပါသလား၊ အကြမ်းဖက်မှု လူ့အခွင့်အရေးချိုးဖောက်မှု ၊ ရက်စက်ကြမ်းကြုတ်မှု တွေ ကျူးလွန်ခဲ့တာတွေ အများကြီးထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ မှတ်တမ်းရှိပါသလား ၊ ဒီသတင်းတွေနဲ့ ပတ်သက်လို့ မှန်ကန်မှုရှိမရှိ၊ သံအမတ်ကြီးတို့ဘက်က စုံစမ်းအတည်ပြုကြိုးပမ်းခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုတော့ သံအမတ်ကြီးက အခုလိုပြန်ဖြေခဲ့ပါတယ်။
"ကျနော်အရင်က ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ကံမကောင်း အကြောင်းမလှလို့ ဖြစ်ခဲ့ရတဲ့ ဒီကိစ္စဟာ အကြမ်းဖက် တိုက်ခိုက်မှုကို လုံခြုံရေးတပ်တွေက အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာ အခြေခံအကြောင်းရင်းဖြစ်ပါတယ်။ လုံခြုံရေးတပ်တွေရဲ့ တရားဝင် ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း လူ(၄၀၀)ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သေဆုံးသူအရေအတွက် ခန့်မှန်းချက်ပါ၊"
ဒါ့အပြင် အရပ်သားသေဆုံးမှုနဲ့ ပတ်သက်လို့ မှတ်တမ်းတွေရှိပါသလားဆိုတဲ့မေးခွန်းကိုတော့ သံအမတ်ကြီးက အခုလိုဖြေကြားခဲ့ပါတယ်။
"တကယ်တော့ အရပ်သားတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင်ထားတာတော့ မရှိပါဘူး ။ ဒီလိုပြောပေမယ့် အရပ်ဘက်က သေဆုံးမှုမရှိဘူးလို့တော့ မဆိုလိုပါဘူး ၊ ဒါဟာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်တွေကြား လက်နက်စွဲကိုင် တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးမှုကတော့ ရှိနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂နှစ်ကစလို့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်တွေ စုံစမ်းဖို့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။"
သံအမတ်ကြီးနဲ့ ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် မာဂရက်ဘာရှာတို့ ဆက်သွယ်မေးမြန်းခန်းမှာ ARSA အကြမ်းဖက်သမားတွေ အကြောင်း ၊ ရခိုင်အကြံပေးအဖွဲ့တွေအကြာင်း၊ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် နောက်ဆုံးချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေအကြောင်း ၊ ဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ အမှုအကြောင်းနဲ့ ရိုဟင်ဂျာပဋိပက္ခအပေါ် သတင်းယူမှုအကြောင်း၊ ကွဲပြားမှုတွေအကြောင်းကိုလည်း သံအမတ်ကြီးကို မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ နောက်ပိုင်းအစီအစဉ်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5