ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးရေး ဆက်လက်တောင်းဆိုနေရတဲ့ သဘောထား၊ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သတ်တဲ့အမြင် စတာတွေကိုလည်း ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။ အခုလို မအားမလပ်တဲ့ကြားက ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အခု ပြီးခဲ့တဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ သမ္မတကြီးဦးသိန်းစိန်နဲ့လည်း ကျနော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ သဘောအရဆိုလို့ ရှိရင်တော့ ဒီ အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့လွယ်နိုင်ပါဦးမလား၊ ဖြစ်နိုင်ပါဦးမလားဆိုတာကို သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ အလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ် ဆိုတာကတော့ အဓိက ယုံကြည်ပါတယ်။ ဒီဟာက ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့အပေါ်မှာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်။ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန် ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့ အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲတော့ မြန်လေ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့ အဓိကအကြောင်းရင်းတွေက ဒီတပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ မဲပေးမယ့် ဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့် ပုံစံမျိုး သဘောမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တပ်မတော်က ခါးခါးသီးသီးဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ဖြစ်အောင် အတိုး အလျှော့လုပ်နိုင်မလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက ညှိနှိုင်းတယ်ဆိုတဲ့ စကားကို သုံးသွားတယ်။ ဒါကြောင့်မို့လို့မို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက် တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး။ မနေ့ တနေ့ကမှ၊ တလ နှစ်လကမှ မဟုတ်ပါဘူး။ တစိုက်မတ်မတ် NLD က နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ် ဆိုတာ အဲဒီ မူပေါ်မှာရပ်တည်ရတယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ် စောစောပိုင်း ကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ဟာ တောင်းခဲ့တဲ့ဟာ ဒီလို ပြဿနာတွေကို ကြိုတင်ပြီးတော့ ပြေလည်အောင်လုပ်ဖို့ပါ။

ခုနက ပြောတဲ့အထဲမှာ ခါးခါးသီး- ဆိုတဲ့ အသုံးကို သုံးသွားတယ်နော်။ အဲလို ခါးခါးသီး- ဆိုတဲ့ ပုံစံတွေကို မပေါ်စေချင်လို့ တဖက်နဲ့တဖက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အများပြောနေကြတာကတော့ ဒီလို ညှိနှိုင်းတဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ထောက်ပြပြောတာ ပိုများပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့နေရာမှာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါတယ်လေ။ အထူးသဖြင့် အများစုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားဆန္ဒတွေလည်း ရှိတယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံပြင်ရေး အချက်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လိုလားချက်နဲ့ ဒီ ပြည်ခိုင်ဖြိုးအဖွဲ့ရဲ့ လိုလားချက်တွေကရော နီးစပ်ရဲ့လားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီ အဓိက ဖြစ်တဲ့ ၄၃၆ နဲ့ ပတ်သက်လို့ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေ ပြည်ခိုင်ဖြိုး အပါအဝင်ပေါ့နော် တခြားပါတီတွေရဲ့ အမြင်တွေက သိပ်မကွဲပြားပါဘူး။ ပြည်ခိုင်ဖြိုးကလည်း ဒီလိုပဲ ဒီ ၄၃၆ ကို ပြင်သင့်တယ်ဆိုတာကိုလည်း တင်ပြတာလည်း ကြားခဲ့မှာ ဖြစ်ပါတယ်။ အဲတော့ ဒီလောက် မကွာခြားပါဘူး။ ဘယ်လိုပုံစံနဲ့ ပြင်မလဲဆိုတာကတော့ အဖွဲ့တခုနဲ့တခု မတူဘူးပေါ့နော်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဥပမာ ဆိုလို့ ရှိရင် တိုင်းရင်းသား အဖွဲ့နှစ်ဖွဲ့က ဘယ်လိုပုံစံနဲ့ ပြင်ချင်သလဲဆိုတာ တင်ပြတာတွေ ရှိပါတယ်။ အဲဒါဆိုရင် ကျမတို့ NLD တင်ပြတဲ့ပုံစံနဲ့ တထပ်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါညှိလို့ရတဲ့ကိစ္စပါ။ သဘောကတော့ အတူတူပါပဲ။ ဦးတည်ချက်က အတူတူပါပဲ။ ဦးတည်ချက်ကဘာလဲ ဆိုတော့ ပြည်သူတွေထဲ ပြည်သူတွေက ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေး၊ မပြင်ရေးကို ဆုံးဖြတ်ပိုင်ခွင့် ရှိနိုင်ရမယ်ဆိုတဲ့ မူပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ မနေ့ကလည်း. ဟို.. ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက ဒီ Time Line ပေါ့နော်။ သူ့ရဲ့အချိန်ဇယားကို ရှင်းပြပါတယ်။ ဒီ အခု ၂၅ ရက်နေ့မှာ ဆွေးနွေးပြီးပြီ ဆိုလို့ရှိရင် လာမယ့် ၁၂ ကြိမ်မြောက်မှာ အကြမ်းရေးဆွဲထားတာကို တင်ပြပြီးတော့ မဲခွဲဆုံးဖြတ်မယ့်အရေး ရှိပါတယ်။ အဲဒါမှာ လိုအပ်လို့ရှိရင် လူထုဆန္ဒခံယူပွဲလုပ်ပါမယ်။ အဲဒီ လူထုဆန္ဒခံယူပွဲလုပ်ပြီးတာတောင်မှပဲ ပြင်ရမယ့်အချက်တွေကို ဒီ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာမှ ပေါ်လာမယ့် နောက်လွှတ်တော်အသစ်ကမှ အတည်ပြုပေးရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာပါတဲ့ အရေးကြီးတဲ့အချက်တွေဟာ အခု အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ယန္တယား - မဏ္ဍိုင်တွေကို ရုတ်ချည်း မထိခိုက်သွားစေလို့ ဆိုတဲ့ အကြောင်းပြချက်ရှိပါတယ်။ ဒီအကြောင်းပြချက်ဟာ ဒီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဒါ မှန်ကန်တဲ့ အကြောင်းပြချက် ဖြစ်တယ်လို့ ယူဆသလား ခင်ဗျ။ ဒါက ဒီမှာ ပြင်လိုက်တဲ့ကိစ္စတွေဟာ အခုလက်ရှိ လွှတ်တော်သက်တမ်းထဲမှာပဲ အတည်ပြုပေးလို့ မရနိုင်ဘူးလား ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကိစ္စတွေကလည်း ဒီလို ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်လိုက်မယ်ဆိုလို့ ရှိရင် ပြည်သူတွေအနေနဲ့ စိတ်အေးသွားမှာပါ။ အခုဟာက ယုံကြည်ချက် နည်းနေတာပေါ့နော်။ စိတ်ပူကြတာပေါ့။ စိုးရိမ်ကြတာပေါ့။ ဒါဘယ်လိုလဲ၊ အချိန်ဆွဲချင်လို့လား၊ မပြင်ချင်လို့လား ဆိုတာ။ တကယ်ဆိုတော့ လပိုင်းစောပြီးတော့ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ တကယ်တော့ ပြည်သူလူထုအနေနဲ့ မိမိတို့လိုချင်တဲ့ မိမိတို့ရဲ့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေက ဖြစ်သွားမယ်။ မိမိတို့လိုချင်တဲ့အစိုးရမျိုး တက်လာနိုင်မယ်ဆိုလို့ ရှိရင် လပိုင်းလောက်စောင့်ရတာကို စိတ်ထဲမှာ စိုးရိမ်စိတ် များမှာ မဟုတ်ဘူး။ အခုတော့ သို့လော သို့လော ဖြစ်နေတာဟာ တကယ် အဓိက ဆွေးနွေးတိုင်ပင်ပြီးတော့ အဖြေရှာရမယ့် ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးတိုင်းပင်မှု မရှိသေးလို့ပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ စောစောက ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။ ၄၃၆ ပြင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အယူအဆ တင်ပြချက်တွေနဲ့ တခြားပါတီအဖွဲ့အစည်းတွေ၊ ပြည်ခိုင်ဖြိုးအပါအဝင် အဖွဲ့အစည်းအရဲ့အယူအဆ သိပ်မကွာဘူးပေါ့နော်။ အလားတူပဲ သူရဦးရွှေမန်းကလည်း ပြောပါတယ်။ ဒါပေမယ့် အပြင်ဘက်မှာ တချို့ မေးမြန်းစုံစမ်းရသမျှဆိုလို့ရှိရင် အထူးသဖြင့် ၅၉ (စ) ပြင်ဖို့ အရေးမှာဆိုလို့ရှိရင်တော့ ပြည်ခိုင်ဖြိုးပါတီထဲက အမတ်တချို့ကိုယ်တိုင်ကိုက ဒါကို လက်မခံနိုင်ဘူး-ဆိုတဲ့ဟာမျိုး ပြောထားတာတွေ ရှိတော့ ဒီ ၅၉ (စ) ပြင်ရေးကရော မဖြစ်နိုင်တော့ဘူးလား ဆိုတာမျိုး မေးစရာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒါပေမယ့် ၄၃၆ ကို ပြင်လိုက်မယ်ဆိုလို့ရှိရင် ၅၉ (စ) ဆိုတာလည်း ပြည်သူ့ရဲ့ဆန္ဒအတိုင်းပဲ ဖြစ်ရမှာပါပဲ။ တကယ်တော့ နောက်ဆုံးကျတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး။ တပ်မတော်ရဲ့ဆန္ဒကလည်း အဓိကမဖြစ်ရဘူး။ တကယ်ကတော့ အဓိကဖြစ်ရမှာ ပြည်သူရဲ့ဆန္ဒပဲ။ ပြည်သူရဲ့ဆန္ဒအဓိကဖြစ်အောင် လုပ်နိုင်မယ့် ပြုပြင်ပြောင်းလဲမှုှုတွေက အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၄၃၆ ကို အဓိကထားတာပါ။ ၅၉ (စ) ကို အရေးမကြီးဘူးလို့ ယူဆလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ၄၃၆ ကိုပြင်မှသာလျှင် တခြား ပုဒ်မတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပတွေရဲ့အစိတ်အပိုင်းတွေထဲက ပုဒ်မတွေကို ပြည်သူ့ဆန္ဒနဲ့ကိုက်ညီစွာ ပြင်ဆင်နိုင်မှာမို့လို့ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကလည်း သူတို့ရဲ့သဘောထားဆန္ဒလက်မှတ်တွေကို (၅) သန်းကောက်ယူပြီးလွှတ်တော်ကို တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ကျန်တဲ့လူတွေရဲ့သဘောထားဆန္ဒတွေကို ကြည့်ဖို့တော့ လိုအုံးမယ်လို့တော့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲလိုဆိုရင် တခြားလူတွေရဲ့ ဆန္ဒတွေလည်း ပါလာမှာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာက ဘယ်လို တင်ယူရမလဲခင်ဗျ။ ဒါ လွှတ်တော်ထဲမှာ အထူး အဆိုပြုချက်တင်ယူရမှာလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဟုတ်တာပေါ့။ အခုတောင်မှ ဥပဒေကြမ်းတခု ဆွဲနေပြီ။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွေ တချို့ကို ပြင်ဖို့ ဆုံးဖြတ်တယ်ဆိုလို့ရှိရင် ပုဒ်မ ၁၂ နဲ့အညီပေါ့နော်။ လုပ်ရမယ့်ခြေလှမ်းတွေပေါ့။ ၄၃၆ ပဲပြောရမှာပေါ့။ ပုဒ်မ ၁၂ မဟုတ်ဘူး၊ Chapter – (အခန်း ၁၂)

အခန်း ၁၂ နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ရမယ်ဆိုတော့ ၄၃၆ အရဆိုလို့ရှိရင် ၇၅ % ကျော်ကနေ အတည်ပြုပေးလို့ရှိရင်တောင်မှ ဆန္ဒခံယူပွဲလုပ်ရမယ်။ အဲဒီဟာအတွက် ရည်ရွယ်ပြီးတော့ ဥပဒေကြမ်းကို စပြီးတော့ ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါနော်။ နောက်ဆုံးကျတော့ လွှတ်တော်က ပြည်သူလူထုရဲ့ဆန္ဒကို အဓိကထားမယ်ဆိုလို့ရှိရင် လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် “ပြည်သူလူထုရဲ့ဆန္ဒကို ခံယူပါမယ်”…ဆိုပြီးတော့ ဆုံးဖြတ်လိုက်လို့ရှိရင် ဒီဟာ ပြီးသွားတာပဲ။ ဆုံးဖြတ်လို့ရတာပဲ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်လို့ရတာပဲ။ ကျမတို့ကတော့ လုပ်ဖို့ အဆင်သင့်ပဲ၊ ဒီဟာကို။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ကျနော်တို့သတိထားမိတာက မကြာသေးခင်ရက်ပိုင်းတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ခရီးသွားပြီးတော့ လူထုဟောပြောပွဲတွေမှာ ပြောတာက လွှတ်တော်ထဲမှာ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးတာတွေကို သတိထားစောင့်ကြည့်ကြပါ။ ဖြစ်လာနိုင်ခြေတွေကိုလည်း လေ့လာထားကြပါဆိုတော့ တကယ်လို့သာ လွှတ်တော်ထဲမှာ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတောင်းဆိုပြီးတော့ သဘောမျိုး အရှေ့တိုးပြီးတော့လုပ်ဖို့ အစီအစဉ်က ဒါကို ပြောတာလားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ နံပါတ်တ (၁) က ပြောတာကတော့ ပြည်သူလူထုကနေပြီးတော့ ဒီတိုင်းပြည်မှာ နိုင်ငံရေးအရ ဘာတွေ ဖြစ်နေတယ် ဆိုတာ စိတ်ဝင်စားဖို့လိုတယ်။ တက်တက်ကြွကြွနဲ့ လေ့လာဖို့လိုတယ်။ ဒါမှသာလျှင် “ပြည်သူ့အုပ်ချုပ်ရေး”ဆိုတဲ့ ဒီမိုကရေစီစနစ်ဟာ ခိုင်မြဲနိုင်မှာ။ ဒါပေမယ့်လို့ အရေးကြီးတာ နံပါတ် (၁) က ပြည်သူလူထု စိတ်ဝင်စားဖို့၊ နားလည်ဖို့ပဲ။ ဘာတွေဖြစ်နေလဲ၊ ဘယ်ပါတီတွေက ဘယ်လိုရပ်တည်လဲ၊ ဘယ်သူတွေက ပြည်သူ့ဆန္ဒကိုအလေးထားတယ်၊ ပြည်သူ့ဆန္ဒနဲ့ကိုက်ညီတဲ့ အဆိုတွေက ဘာတွေလဲဆိုတာ ပြည်သူတွေသိဖို့လိုတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ဆုံးဖြတ်နိုင်မှာ။ တို့ ဘယ်ဘက်က ရပ်တည်မလဲ၊ ဘယ်လိုရပ်တည်မလဲဆိုတာ အဲဒါ နံပါတ် (၁) ပဲ ။ အရေးအကြီးဆုံးပဲ၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်ပေါ့နော်- ပါတီအဖွဲ့အစည်းတွေက ဘယ်လို ခြေလှမ်း လှမ်းမယ်ဆိုတာ ဒုတိယပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒီ ပြင်ဆင်ရေးတွေနဲ့ပတ်သက်လို့ပဲ မေးခွန်းလေးတစ်ခု ကျန်နေခဲ့တာက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိစ္စမှာ ပြင်ချင်သလောက် မပြင်နိုင်ခဲ့ဘူးဆိုလို့ရှိရင် ဒါဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော် အကြီးအကဲဖြစ်ပိုင်ခွင့်ကို ကန့်ကွက်သူတွေ ရှိနေခဲ့တယ်ပေါ့နော်။ ဒါဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တခြား ဘယ်သူ့ကိုများ … ရွေးကောက်ပွဲပြီးလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလက်ရှိ လွှတ်တော်ထဲမှာရှိနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရေအတွက် ထက်တော့ ပိုများမယ်ဆိုတာ အမှန်ပဲဆိုတာ ကျနော်တို့သုံးသပ်လို့ရပါတယ်။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲလောင်းပေါ့နော်- ဒုတိယသမ္မတရာထူးတင်မြှောက်ပေးရတော့မယ်ဆိုတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လို ပုဂ္ဂိုလ်မျိုးကို လျာထား ထားတာ ရှိသလဲဆိုတာလေး သိချင်တယ်။ ဒါကလည်း ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ စောစောစီစီး ဒုတိယလိုင်းကို ချပြဖို့ အစီအစဉ်မရှိဘူးလားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ မရှိပါဘူး၊ အခု ဒီလိုအချိန်မှာ ချပြဖို့ အစီအစဉ်မရှိပါဘူး။ ချပြရမယ့်အချိန်လည်း မဟုတ်သေးပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒါဆိုလို့ရှိရင် အစောက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်အောင် ဆက်ပြီး ကြိုးပမ်းနေတဲ့အကြောင်းလေးရှိပါတယ်။ သမ္မတဦးသိန်းစိန်ကရော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပါ လေးပွင့်ဆိုင်ဆွေးနွေးပွဲအစား အများနဲ့ပိုပြီး အကျုံးဝင်တဲ့ဆွေးနွေးပွဲတွေ သွားချင်တယ်ဆိုတဲ့သဘောကို ပြောပါတယ်။ အဲဒီတော့ ဒီ လေးပွင့်ဆိုင် ဆွေးနွေးပွဲက ဖြစ်နိုင်ပါတော့မလား၊ ဒါဆိုလို့ရှိရင် တခြား ဘယ်လိုနည်းလမ်း ရှိအုံးမလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပထမဦးဆုံးကျနော်ပြောချင်တာက လေးပွင့်ဆိုင် ဆွေးနွေးပွဲဆိုတာ ကျမတို့ တောင်းဆိုခဲ့တာဆိုလို့ရှိရင် တနှစ်ကျော်ပြီပေါ့နော်၊ အရင်နှစ် စောစောပိုင်းကတည်းက တောင်းဆိုခဲ့တာပါ။ အဲဒီကတည်းက ပိုပြီးတော့ အများပါဝင်စေချင်တယ်ဆိုလို့ရှိရင် ဒီလို ဆွေးနွေးပွဲတွေ ဒီလိုလုပ်ရအောင်ဆိုတဲ့ အဆိုပြုချက်တွေ၊ အကြံပေးချက်တွေလည်း တခါမှ မရှိခဲ့ဘူး။ အခု နောက်ပိုင်းမှာမှ ဒီလို ပြောလာတာရှိတယ်။ ဒါလည်း ကျမ ပြောဖူးပါတယ်။ ၃၁ ရက်နေ့၊ အောက်တိုဘာတုန်းကပေါ့နော်- ၁၄ ယောက် တွေ့တဲ့ကိစ္စမှာ- အဲဒီဟာကို ဘယ်လိုသဘောရသလဲဆိုတော့ ကျမ အဲဒီတုန်းက ရှင်းရှင်းလင်းလင်း ပြောဖူးပါတယ်။ ဒီ ၁၄ ယောက်တွေ့တယ်ဆိုတာ တကယ်ထိရောက်မယ့် တွေ့ဆုံပွဲတွေ… ထိရောက်မယ့် လေးပွင့်ဆိုင်-ကျမ လေးပွင့်ဆိုင်ကို ဘာဖြစ်လို့ ထိရောက်မယ်လို့ ပြောတယ်ဆိုတာ နောက်ဆက်ပြီးတော့ ရှင်းပြပါမယ်။ တကယ်ထိရောက်မယ့် လေးပွင့်ဆိုင်တွေ တွေ့ဆုံပွဲဖြစ်မြောက်စေရေးအတွက် လမ်းခင်းပေးတာဆိုရင် ကောင်းပါတယ်။ (ဟုတ်ကဲ့) လမ်းလွဲှတဲ့ပုံစံနဲ့လုပ်တယ်ဆိုလို့ရှိရင်တော့ ကျမတို့အနေနဲ့ ဒါတော့ သဘောမတူနိုင်ဘူး၊ ဒါကို ကောင်းတယ်လို့ ကျမတို့ မသတ်မှတ်ဘူး-ဆိုပြီး ကျမက ပြောပါတယ်။ ကျမတို့လေးပွင့်ဆိုင်လို့ ပြောတာဟာ တခြားလူတွေကို ထားပစ်ခဲ့ချင်လို့ မဟုတ်ပါဘူး။ ထိရောက်စေချင်လို့ပါ။ ကမ္ဘာပေါ်မှာပေါ့နော်- အပေးအယူလုပ်ပြီးတော့ သေချာသိပ်အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့၊ ညှိနှိုင်းပြီးတော့ အဖြေရှာရတဲ့အခါမှာဆိုလို့ရှိရင် အစပိုင်းမှာဆိုလို့ရှိရင် အားလုံးပါဝင်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ထိရောက်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာဆိုရင် အင်မတန်မှ သိုသိုသိပ်သိပ် လုပ်ရပါတယ်။

ဥပမာဆိုရင် တောင်အာဖရိကပေါ့နော်- တောင်အာဖရိကမှာ ပထမဆုံးဆုံး ANC နဲ့ De Klerkနဲ့ပဲ ပြောတာပဲ၊ နောက်တော့မှ CODESA (ကိုဒဲဆား) တို့ ပေါ်လာတာပေါ့။ တဆင့် တဆင့်၊ ဒါတောင်မှ ကိုဒဲဆား(၁) ကနေပြီးတော့ (၁) ရပ်ဆိုင်းသွားပြီးတော့ ပြတ်သွားပြီးတဲ့အခါကျတော့ တခါ ANC နဲ့ De Klerkနဲ့ တခါပြန်ပြီး ပြောပြီးတော့မှ နောက်ထပ် CODESA (၂) ဖြစ်အောင် လုပ်ရတာ၊ စသဖြင့်၊ စသဖြင့်ပေါ့နော်။
နောက် - မြောက်အိုင်ယာလန်ကိစ္စမှာ ကြည့်လိုက်လို့ရှိရင်လည်း ဒီအတိုင်းပါပဲ၊ နောက်ဆုံးမှာ ပါတီ (၈) ပါတီ၊ (၉) ပါတီလောက် ပါလာပေမယ့် ပထမဦးဆုံးအပိုင်းမှာဆိုလို့ရှိရင် ဗြိတိသျှအစိုးရနဲ့ အိုင်းရစ်စ်အစိုးရနဲ့ တိုင်ပင်ရတယ်။ နောက်ပြီးတော့ IRA နဲ့တောင်မှ လျှို့ဝှက်ဆွေးနွေးတာတွေ ရှိခဲ့တယ်ဆိုတာကို ဝန်မခံခဲ့ဘဲနဲ့ နောက်ကျတော့ ပေါ်လာတယ်။

အဲဒီတော့ ဒါမျိုးဟာ ထိရောက်မှုအတွက်ဆိုလို့ရှိရင် စောစောပိုင်းမှာဆိုလို့ရှိရင်တော့ အင်မတန်သိုသိုသိပ်သိပ်နဲ့ လူနည်းစုကနေလုပ်ပြီးတော့ လမ်းခင်းလိုက်တာပဲ။ ANC နဲ့ De Klerk ဆွေးနွေးပွဲဟာ ကျန်တဲ့လူတွေကို ချန်ပစ်ခဲ့တာမဟုတ်ဘူး၊ ကျန်တဲ့လူတွေ ဝင်လာနိုင်တဲ့ ကိုဒက်ဆာအတွက် လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က လေးပွင့်ဆိုင်တောင်းတယ်ဆိုတာဟာ ဟိုလူ့ထားပစ်ခဲ့စေချင်လို့၊ ဒီလူ့ထားပစ်ခဲ့စေချင်လို့ မဟုတ်ပါဘူး၊ ထိရောက်စေချင်လို့ ၊ တခြား အများပါဝင်နိုင်တဲ့လမ်းတခုကို စပြီးတော့ဖွင့်လိုက်ခြင်းပါ။

ဦးသန်းလွင်ထွန်း။ ။ ဒါဆိုလို့ရှိရင် ကျန်နေခဲ့တဲ့ အဖွဲ့အစည်း တခြားပါတီကိုယ်စားပြုအဖွဲ့တွေကနေပြီးတော့ သူတို့ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ပုံစံမျိုး တကယ့်ကို ယုံယုံကြည်ကြည်နဲ့ရှိလာအောင် NLD အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဘယ်လို ချဉ်းကပ်ဖို့ ရှိလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ သူတို့ကို ကိုယ်စားပြုတယ်ဆိုတာ အခုဟာက ၆၇ လားရှိတယ်။ ၆၇ ပါတီလုံးကို ကိုယ်စားပြုတယ်လို့ ကျမတို့ မဆိုလိုပါဘူး။ ဒါပေမယ့် တချို့ကဆိုလို့ရှိရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးဆိုတာ - အဲဒီဟာကိုတော့ ကျမတို့က ရဲရဲဝင့်ဝင့် ငြင်းဆန်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာကို တိုင်းရင်းသားတွေ အများကြီးပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာဆိုလို့ရှိရင် ကျမတို့ ယှဉ်ပြိုင်ခဲ့တဲ့တိုင်းရင်းသားနယ်မြေက ၃ ခုပေါ့နော်၊ သုံးခုထဲက ကျမတို့ ၂ နေရာမှာ အရေးခံရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်း တိုင်းရင်းသားမဲဆန္ဒနယ် တရာနဲ့ခြောက်ဆယ်နဲ့ကိုးခုမှာဆိုလို့ရှိရင် - တရာနဲ့ ခြောက်ဆယ်နဲ့ သုံးခု (၁၆၃) မှာဆိုလို့ရှိရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခုနစ်ဆယ်နဲ့ကိုး (၇၉) နေရာမှ အရွေးချယ်ခံရပါတယ်။ အဲဒီတော့ ကျမတို့ရဲ့တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုဟာ မနည်းပါဘူး။ ဒိအပြင်မှာလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အဖွဲ့နဲ့၊ ရှမ်းအဖွဲ့နဲ့ မဟာမိတ်အနေနဲ့ အခက်ခဲဆုံး၊ အကျပ်တည်းဆုံးကာလမှာ ကျမတို့ အတူတူ ရပ်တည်ခဲ့တယ်။ CRPP နဲ့ အတူတူရပ်တည်ခဲ့တယ်။ အဲဒီတော့ ကျမတို့ဟာ တိုင်းရင်းသားတွေနဲ့နီးစပ်မှုလည်း ရှိပါတယ်။ ကျမတို့ကိုယ်တိုင်လည်း တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အဖွဲ့တခု ဖြစ်ပါတယ်။ ဗမာတွေပဲ ကိုယ်စားပြုတာ မဟုတ်ပါဘူး။ ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးကိုကိုယ်စားပြုတာပါ။ အဲဒီတော့ ဒီဟာ- တိုင်းရင်းသားတွေကို ကျမတို့က ကိုယ်စားမပြုဘူး၊ တိုင်းရင်းသားတွေနဲ့မဆိုင်ဘူးဆိုတာကိုတော့ ကျမတို့ ဒီဟာကိုတော့ လက်မခံပါဘူး။ ဒါပေမယ့် ၆၇ ပါတီစလုံးကိုကျမတို့ ကိုယ်စားပြုတယ်လို့ ကျမတို့ မပြောလိုဘူး။ နောက်ပြီးတော့လည်း ၆၇ ပါတီစလုံးကိုလည်း ကျမတို့ ကိုယ်စားပြုစရာ မလိုပါဘူး။ နောင် သူ့အချိန်၊ သူ့အခါဆိုရင် ပါဝင်သင့်တဲ့အင်အားစုတွေ အားလုံးပါလာဖို့ကို ကျမတို့ ဦးတည်မှာပါ။

ဦးသန်းလွင်ထွန်း။ ။ တကယ်လို့သာ လေးပွင့်ဆိုင် ဆွေးနွေးပွဲဖြစ်လာပြီဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိကထားဆွေးနွေးညှိနှိုင်းချင်တဲ့ ခေါင်းစဉ်တခုကို ပြောပြပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါကတော့ ပြောရမယ်ဆိုလို့ရှိရင် ၂၀၁၅ အလွန်ပေါ့၊ အခုဟာက ကျမအမြင်မှာတော့ အစိုးရရော၊ တခြား ပါတီတွေရော၊ နိုင်ငံရေးအင်အားစုတွေရော၊ ပြည်သူလူထုရောက ၂၀၁၅ အလွန်ကို စိတ်ပူနေကြတယ်။ ဘာဖြစ်မလဲ၊ အဲဒီတော့ ဒီစိတ်ပူ စိုးရိမ်စိတ်တွေ မရှိအောင်လို့ စောစောကတည်းကနေပြီးတော့ ကျမတို့ဟာ ၂၀၁၅ နောက်ပိုင်းမှာဘယ်လိုပုံစံနဲ့ အမျိုးသားရင်ကြားစေ့ရေး ခိုင်ခိုင်မာမာနဲ့ ချောချောမွေ့မွေ့ ဆက်ပြီးသွားမယ်ဆိုတာကို - အဲဒီဟာကို အဖြေရှာဖို့ ကျမတို့ ဆွေးနွေးဖို့ လိုတာပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ မြန်မာနိုင်ငံမှာက တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေလို လူထုစစ်တမ်း ကျကျနနမရှိသေးဘူး၊ အထူးသဖြင့် နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ လူထုရဲ့အကြိုက်ပေါ့နော်- ဘယ်သူက ဘယ်လောက်လက်ခံသလဲ။ လူထုရဲ့ထောက်ခံမှု ဘယ်နှ ရာခိုင်နှုန်း ရှိနေပြီလဲ..ဆိုတဲ့၊ ခိုင်ခိုင်မာမာယူလို့ရမယ့် စစ်တမ်းတွေရော မရှိသေးပါဘူး၊ ဒါပေမယ့်လည်း အခုအချိန်မှာကတော့ သဘောထားအမြင်တွေ အမျိုးမျိုးပြောတယ်။ တော်တော်လေးလည်းပဲ သတင်းစာ၊ စာနယ်ဇင်းအပိုင်းမှာလွတ်လွတ်လပ်လပ် ရှိလာတဲ့အခါကျတော့ ဒီစာနယ်ဇင်းသတင်းစာ သမားတွေရဲ့ အမြင်အရကိုပဲ ပြောကြရမယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပါ အရင်ကလို ရာနှုန်းပြည့်နီးပါး လူထုထောက်ခံမှုရမယ်ဆိုတဲ့အနေအထားကနေပြီးတော့ နည်းနည်းလျော့ကျလာနေပြီးတော့ ဝေဖန်မှုတွေ၊ အားမရဘူး-လို့ပြောသံတွေ ထွက်နေတယ်လေ၊ အဲဒါတွေနဲ့ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမြင်ပါလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကတော့ ဒါကို စိတ်မပူပါဘူး။ လူထုစစ်တမ်းဆိုတာ နောက်ဆုံးကျတော့ ပြည်သူလူထုကပဲ ဆုံးဖြတ်ချက်ပေးတာပဲ။ တခြားနိုင်ငံခြားက လူထုစစ်တမ်းကောက်ယူတာတွေတောင်မှ မှားပြီးတော့ ရွေးကောက်ပွဲရလဒ်တွေက လူထုစစ်တမ်းကောက်ယူတာနဲ့တလွဲစီ ဖြစ်ခဲ့တာ၊ ဒါကိုတွေ့ခဲ့ရတာပဲ။ ဒါတောင်မှ သေသေချာချာစနစ်တကျ စစ်တမ်းကောက်ယူတဲ့ဟာတွေပေါ့နော်-အဲဒီတော့ အမြင်တွေကတော့ အမျိုးမျိုးရှိမှာပေါ့။ ကျမတို့ ၂၀၁၂ တုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့တာပဲ။ ၁၉၉၀ ခုနှစ်တုန်းကလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်မြင်မှုရှိမှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာပဲ။ ဒါပေမယ့်လည်း ကျမတို့က ဒီဟာတွေကို အောင်မြင်မှုရှိတာ မရှိတာဟာ ပြည်သူလူထုရဲ့လက်ထဲမှာပဲလို့ ဒီလိုပဲ ကျမတို့ခံယူပါတယ်။ အခု နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း - ဆိုပါတော့…မကြာခင်တုန်းကဆိုလို့ရှိရင် ကယားကိုကျမသွားခဲ့ပါတယ်။ သွားခဲ့တဲ့အခါကျတော့ ကယားကနေပြီး တိုင်းရင်းသားပြည်သူလူထုက အများကြီးထောက်ခံတာကို ကျမတို့တွေ့ခဲ့ရတယ်။ အဲဒီတော့ ဒီဟာကို မသွားခင်တုန်းကလည်း တိုင်းရင်းသားတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံဘူး-လို့ ပြောနေကြတာပဲ။ ပြောနေကြပေမယ့် တကယ်သွားတဲ့အခါကျတော့ ထောက်ခံမှုက တော်တော်ကို ခိုင်မာတယ်ဆိုတာ ကျမတို့တွေ့ခဲ့ရတယ်။ အဲဒီတော့ ဒါတွေဟာ နောက်ဆုံး ပြည်သူ ဆုံးဖြတ်မှာပဲ။ နောက်ပြီးတော့လည်း နိုင်ငံရေးပါတီတခု ထူထောင်ပြီဆိုမှ ငါတို့ အမြဲပဲအောင်မြင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ထူထောင်ပြီဆိုရင်တော့ ဒါ ဒီမိုကရေစီစိတ်ဓာတ်မဟုတ်တော့ဘူး။ တခါတလေလည်း ပြည်သူလူထုရဲ့ထောက်ခံမှုက တခါတလေလည်း ကျဆင်းမယ်၊ တခါတလေလည်းတက်မယ်။ တက်လိုက်ကျလိုက်ဆိုတာ ရှိရမယ်။ ရှိလည်းရှိသင့်တယ်။ တပါတီထဲကပဲ အမြဲတမ်းစိုးမိုးနေမယ်ဆိုလို့ရှိရင် ဒီမိုကရေစီ အများကြီးနစ်နာလိမ့်မယ်။ ဒီမိုကရေစီအင်အားက ကျသွားလိမ့်မယ်၊ ပြီးတော့ ကျမတို့က ပြည်သူလူထုရဲ့စိတ်ဆန္ဒတွေပြောင်းလဲမှုကို ကျမတို့ မကြောက်ပါဘူး။ ပြောင်းလဲတဲ့အတိုင်းပဲ ကျမတို့က လက်ခံရမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ ဒီနေရာမှာ လူထုကြားထဲမှာဖြစ်နေတဲ့ သဘောဆန္ဒတွေထဲမှာ လူထုအနေနဲ့တခါတခါကျလို့ရှိရင် ပြတ်ပြတ်သားသားသိချင်တဲ့ ရပ်တည်မှုတွေ၊ နောက်ပြီးတော့ သဘောထားအမြင်တွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိချင်တာလေးတွေ ရှိတယ်လေ။ အထူးသဖြင့် ဘာသာရေး ဆိုင်ရာ ပဋိပက္ခတွေနဲ့ လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေမျိုးမှာဆိုလို့ရှိရင်ပေါ့- နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံနဲ့အစိုးရကနေ ဘင်္ဂါလီလို့ သတ်မှတ်တဲ့ နိုင်ငံတကာနဲ့ “သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ”လို့ ခေါ်စေချင်တယ်ဆိုတဲ့ လူတွေရဲ့အရေးဆိုလို့ရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လိုဆိုတာကို သိပ်ပြီးတော့ ပြတ်ပြတ်သားသား မသိရဘူးဆိုတဲ့ပုံစံမျိုး ရှိပါတယ်။ အလားတူပဲ။ ဒီ ….

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒီတော့ အစိုးရရဲ့သဘောထား ဘယ်လိုဆိုတာကို ပြတ်ပြတ်သားသား သိကြရရဲ့လား။

ဦးသန်းလွင်ထွန်း။ ။ အစိုးရရဲ့သဘောထားကတော့ သူတို့ပြောတာက ဒီနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး၊ အဲဒီတော့ ဘင်္ဂါလီပဲရှိတယ်-ဆိုတဲ့အမြင်ကို ပြတ်ပြတ်သားသားပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ တရားဝင်ကတော့ ဒါ အစိုးရရဲ့အမြင်ပဲလေ။ ဒါက အစိုးရရဲ့အမြင်ပဲဆိုတော့ တရားဝင်ဥပဒေက ဒီအတိုင်းပဲပေါ့။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုတို့အနေနဲ့ရော ဒီကိစ္စကို အစိုးရသဘောထားအတိုင်းပဲလား၊ တခြား ဟို…ညှိနှိုင်းမှုတွေ၊ ဒါမှ မဟုတ်လို့ရှိရင် ဆွေးနွေးမှုတွေ၊ တိုင်ပင်မှုတွေလုပ်ဖို့ လိုတယ်လို့ ထင်သလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့အမြင်က အဖြေရှာနိုင်ဖို့ပဲ။ ဒီအတိုင်းသွားလို့ ပြေလည်မယ်ဆိုလို့ရှိရင် ဒီအတိုင်းပဲသွားစရာ အကြောင်းမရှိဘူး။ ဒီအတိုင်းသွားလို့ မပြေလည်ဘူးဆိုလို့ ရှိလို့ရှိရင် ပြေလည်တဲ့အဖြေတခုရှာရမှာပေါ့။ ဒီလို နာမည်တခုအပေါ်မှာအခြေခံပြီးတော့ ကျမတို့ရဲ့ပြည်တွင်းမှာ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခတွေဖြစ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ အဲဒီတော့ ဘာပဲပြောပြော၊ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ရမယ်၊ တိုင်ပင်နိုင်ရမယ်၊ ညှိနှိုင်းနိုင်ရမယ်။ အဓိက ဦးဆောင်ပြီးလုပ်ရမှာကတော့ အစိုးရအဖွဲ့ပဲ။ ဒီကိစ္စက အစိုးရအဖွဲ့ရဲ့လက်ထဲမှာပဲရှိတယ်။ အဲဒီတော့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ နိုင်ငံအတွက် အကောင်းဆုံးအဖြေကို ရှာနိုင်ရမယ်။ ရှာရဲရမယ်။ ဒါက အစိုးရလုပ်သူများရဲ့တာဝန်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဒါပေမယ့် လမ်းပိတ်မနေဘူးလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ လမ်းပိတ်တယ်ဆိုတာ အဖြေရှာချင်တဲ့သူတွေအတွက် လမ်းက ဘယ်တော့မှ မပိတ်ဘူး။ အဖြေမရှာချင်လို့ရှိရင်တော့ လမ်းက ဘယ်တော့မှ ပွင့်မှာမဟုတ်ဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဘာသာရေးပဋိပက္ခတွေကိစ္စမှာဆိုလို့ရှိရင်လည်း အခုဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဗုဒ္ဓဘာသာအခြေခံပေါ့နော်- အမျိုးစောင့်ဥပဒေတို့၊ ဒီလိုတင်ပြဖို့တွေ၊ အတည်ပြုမှုတွေကို ကြိုးစားနေတာတွေ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ တင်လည်းမပြသေးဘူး၊ ဒါဟာ တင်ပြတယ် မတင်ပြဘူးဆိုတာက အစိုးရရဲ့တာဝန်ပဲ။ အစိုးရကနေပြီးတော့ ဥပဒေကြမ်း လေးခု ရေးဆွဲထားတယ်လို့သိရတယ်။ ဒါပေမယ့် တခုပဲထွက်ပါသေးတယ်။ ကျန်တဲ့ သုံးခုကလည်း ဘယ်တော့…အဲဒါလည်း တရားဝင်တင်တာ မရှိသေးပါဘူး။ အဲဒီတော့ အစိုးရက တင်လာမှာလား၊ တင်တဲ့အခါကျလို့ ရှိလို့ရှိရင် ဘယ်လိုပုံစံနဲ့တင်မှာလဲ၊ ဘာလို့လဲဆို…ကျမ ကြားရသလောက်တော့ အစိုးရဘက်ကလည်း အခု မူကြမ်းတွေကိုတောင်မှ ပြန်ပြီးတော့ ပြင်ဆင်ဖို့ စဉ်းစားနေတယ်ဆိုပြီးတော့ ပြောတာတွေလည်း ရှိပါတယ်။ ဒါက ဟုတ်တာ၊ မဟုတ်တာ ကျမတို့ မသိပါဘူး။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့ တင်လာတဲ့မူကြမ်းတွေအပေါ်မှာမှ ဆုံးဖြတ်မှာပါ။ မတင်လာရသေးတဲ့ ကိစ္စတွေအပေါ်မှာ ထင်ကြေးနဲ့ပေးပြီးတော့ ဆုံးဖြတ်လို့မရပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ လူထုကြားထဲမှာဖြစ်နေတဲ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ရော- ဒီလို အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဆိုတဲ့နာမည်နဲ့ ဘာသာရေးအစွန်းရောက်ပုံစံမျိုးတွေထွက်နိုင်တယ်လေ။ အဲဒါတွေနဲ့ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့….

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကတော့ အစိုးရဟာ ဘာအစွန်းရောက်တာမှ မကြိုက်ဘူး၊ လူမျိုးရေးပဲဖြစ်ဖြစ်၊ ဘာသာရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးဝါဒအယူအဆ အရပဲဖြစ်ဖြစ် အစွန်းရောက်တယ်ဆိုကတည်းက မကောင်းတော့ဘူးလေ။ အစွန်းရောက်တယ်ဆိုတာကတော့ မစ္ဇျိမပဋိပဋာနဲ့တော်တော်လွဲသွားပြီပေါ့။ အဲဒီတော့ ကျမတို့ကတော့ အစွန်းရောက်မှုကို ဘာကိုမှ အားမပေးပါဘူး။