ဗီယက်နမ် ဒုဝန်ကြီးချုပ် Hue နေပြည်တော်ရောက်

ဗီယက်နမ်ဒုဝန်ကြီးချုပ် Hue နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ် ပေါ်လစ်ဗျူရို ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်တဲ့ Vuong Dinh Hue ဦးဆောင်တဲ့ အဖွဲ့ဟာ ဇွန်လ (၁၇) ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဒုတိယ သမ္မတ ဦးမြင့်ဆွေ နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒုတိယ ဝန်ကြီးချုပ် Hue ဟာ ဇွန်လ ၁၆ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို အလုပ်သဘော လာရောက်တာပါ။

နှစ်နိုင်ငံဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အပါအဝင် အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ ကြပြီး ဗီယက်နမ်နိုင်ငံဘက်လည်း ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေး ကိစ္စရပ်တွေအပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ လုံခြုံရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ၂၀၁၉ ခုနှစ်အတွင်း ဒုတိယ ဝန်ကြီးအဆင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒရေးရာ ပုံမှန် ဆွေးနွေးပွဲ ကျင်းပနိုင်ရေး သဘောတူညီချက် ရရှိတဲ့ အပေါ်မှာလည်း ကြိုဆိုခဲ့ကြသလို သင့်တော်တဲ့ အချိန်မှာ လုံခြုံရေး နဲ့ တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် စာရွက်စာတမ်းတွေ လက်မှတ်ရေးထိုးရေးအတွက်လည်း ကတိကဝတ်ပြုခဲ့ကြပါတယ်။

၂၀၁၇ ခုနစ်က ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ပါတီ အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ပြီးခဲ့တဲ့ မေလကလည်း သမ္မတ ဦးဝင်မြင့် ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တာပါ။ အခု တွေ့ဆုံ ဆွေးနွေးပွဲမှာလည်း ဒုတိယ ဝန်ကြီးချုပ် Hue က ဒုတိယ သမ္မတ ဦးမြင့်ဆွေကို ဗီယက်နမ်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဗီယက်နမ် ဒုဝန်ကြီးချုပ် Hue ဒုသမ္မတ ဦးမြင့်ဆွေနဲ့ တွေ့ဆုံ