ချင်းအမျိုးသား ဗစ်တာဗျက်လျန်င်ကို နော်ဝေးမစ်ရှင်မှ စိန့်စတီဗင်ဆု ချီးမြှင့်မည်

ချင်းအမျိုးသား ဗစ်တာဗျက်လျန်င်။

နော်ဝေးနိုင်ငံ အရှေ့ပိုင်းဆိုင်ရာ မစ်ရှင်အဖွဲ့က ချင်းအမျိုးသား တဦးဖြစ်တဲ့ ဗစ်တာဗျက်လျန်င်ကို လူ့အခွင့်အရေး တက်ကြွစွာ ပါဝင်လှုပ်ရှားတဲ့ သူတယောက်အနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ အော်စလိုမြို့ Freedom of Expression Foundation မှာ စိန့်စတီဗင်ဆုကို ချီးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အခုလို ဆုချီးမြှင့်ခြင်း ခံရတာဟာ ချင်းအမျိုးသားတွေ သာမက လူ့အခွင့်အရေး လှုပ်ရှားသူတွေ အတွက်ပါ ဂုဏ်ယူစရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဗစ်တာဗျက်လျန်င် အနေနဲ့ ဆက်လက်ပြီးတော့ လူ့အခွင့်အရေး ပညာပေး လုပ်ငန်းမှာရော ဘာသာရေး ဖိနှိပ်မှုတွေ တားဆီးဖို့အတွက်ပါ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ချင်းအမျိုးသား ဗစ်တာဗျက်လျန်င်ကို အရှေ့ပိုင်းဆိုင်ရာ နော်ဝေး မစ်ရှင်အဖွဲ့က စိန့်စတီဗင်ဆု ချီးမြှင့်ပေးမယ်လို့ ပြည်ပအခြေစိုက် Chinland Guardian သတင်းဌာနကနေ အောက်တိုဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဗစ်တာဗျက်လျန်င်ဟာ ENC ခေါ် တိုင်းရင်းသား လူမျိုးများကောင်စီ အဖွဲ့မှာ အဖွဲ့ဝင်တဦး ဖြစ်သလို ချင်းဖိုရမ်အဖွဲ့မှာလည်း လူ့အခွင့်အရေးတွေအတွက် လုပ်ဆောင်နေတဲ့ သူတဦး ဖြစ်ပါတယ်။ ဗစ်တာဗျက်လျန်င် အနေနဲ့ စိန့်စတီဗင်ဆု ချီးမြှင့်ခြင်း ခံရတဲ့အပေါ် ENC အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေးဗစ်ထောကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“နော်ဝေးအခြေစိုက်က နေပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ဆုကို ပေးမှာဖြစ်ပါတယ်။ အဓိကကတော့ ချင်းလူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာတဲ့ ကိစ္စကို သူက တက်တက်ကြွကြွပဲ နိုင်ငံတကာမှာ လိုက်ပြောဆိုတယ်။ အဓိကကတော့ Chin Humanrights Organization ကပေါ့။ ဒါပေမဲ့ သူက ချင်းကိစ္စတင် မကပါဘူး၊ တခြားတိုင်းရင်းသား ကိစ္စတွေပါ သူအကုန်လုံးပြောတဲ့ ချင်းအမျိုးသားတယောက် ဖြစ်ပါတယ်။”

ဗစ်တာဗျက်လျန်င်ကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆုချီးမြှင့်ပေးမှာဖြစ်ပြီး အဲဒီဆုကို ဗစ်တာဗျက်လျန်င် အနေနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု သက်တမ်းတလျှောက်မှာ ပထမဦးဆုံး ရတဲ့ဆုလို့လည်း ပြောပါတယ်။ တိုင်းရင်းသားတယောက် အနေနဲ့ အခုလို လူ့အခွင့်အရေးဆု ချီးမြှင့်ခံရတာဟာ ဝမ်းသာဂုဏ်ယူစရာတခု ဖြစ်တယ်လို့ ENC အတွင်းရေးမှူး ဒေးဗစ်ထောက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီ ENC ရဲ့ တိုင်းရင်းသား အဖွဲ့ဝင် တယောက်လည်းဖြစ်တယ်၊ ဒီလို ဆုရရှိတာ ကျနော်တို့အနေနဲ့ အများကြီး ဂုဏ်ယူ ဝမ်းသာပါတယ်။ ဒီဆုဟာ အမှန်တော့ သူတွင်မကပါဘူး၊ သူ့ ချင်းအမျိုးသား တခုလုံးကိုရော နောက်ပြီးတော့ ENC ကိုပါ အများကြီး ရောင်ပြန်ဟပ်စေပါတယ်။”

စိန့်စတီဗင်ဆု ချီးမြှင့်ခြင်း ခံရတဲ့အပေါ် ဖြစ်ပွားခဲ့တဲ့ ခံစားချက်လေးတွေကို ကနေဒါနိုင်ငံ အခြေစိုက် ဗစ်တာဗျက်လျန်င်ကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“ကျနော် ဝမ်းသာပီတိ ဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို နိုင်ငံတကာ အဖွဲ့အစည်းတခု အနေနဲ့ ကျနော်တို့ရဲ့ လှုပ်ရှားမှု၊ ကျနော်တို့ရဲ့ အနစ်နာခံမှု၊ ပေးဆပ်မှုတွေကို အသိအမှတ်ပြုခြင်း ခံရတာဟာ အင်မတန်မှ အားတက်မိတယ်။ ကျနော် ခံစားမိတာကတော့ အမှန်တော့ ကျနော်တယောက်တည်း မဟုတ်ဘဲနဲ့ ကျနော့် လုပ်ဖော်ကိုင်ဘက်တွေရယ် နောက်ပြီး ဒီမိုကရေစီ လိုလားတဲ့၊ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက်အားလုံးကို အသိအမှတ် ပြုတာလည်း ဖြစ်တယ်လို့ ခံစားမိတယ်ဗျ။ လူ့အခွင့်အရေး ပညာပေး လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ ကျနော်တို့ ချင်း လူ့အခွင့်အရေးအဖွဲ့ အနေနဲ့ လာမယ့်အချိန်မှာလည်း ကျနော်တို့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်မှုတွေကိုလည်း Focus လုပ်ပြီးတော့ ဆက်လက် လှုပ်ရှားဖို့ရှိတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ ဘာသာရေး အနေနဲ့ လူနည်းစု ဘာသာရေး အဖွဲ့ဝင်တွေကို နည်းနည်း အစိုးရ အဖွဲ့အစည်း အနေနဲ့ ခွဲခြားဆက်ဆံတာတို့၊ ဖိနှိပ်တာတို့ ကျနော်တို့ တွေ့ရတယ်။ သက်သေ အထောက်အထားတွေလည်း အများကြီးရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စာအုပ်တွေ ဘာတွေ ထုတ်ဖို့ရှိတယ်။”

ဗစ်တာဗျက်လျန်င်ဟာ ချင်းပြည်နယ် ဟားခါးမြို့ ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်က ရုက္ခဗေဒ ဘာသာရပ်နဲ့ နောက်ဆုံးနှစ်မှာ ကျောင်းတက်နေစဉ်အတွင်း ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ တော်လှန်ရေးနယ်မြေထဲ ရောက်ရှိလာပြီးတော့ ချင်းအမျိုးသားတပ်ဦးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ချင်းဖိုရမ်အဖွဲ့ကို စတင်တည်ထောင်သူတဦး ဖြစ်သလို ချင်းလူ့အခွင့်အရေး အဖွဲ့မှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတဦး ဖြစ်ပါတယ်။

အခုဆိုရင် ကနေဒါနိုင်ငံမှာ အခြေချနေထိုင်ပြီး လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာရော၊ ဘာသာရေး နှိပ်ကွပ်မှု၊ လူသားတွေရဲ့ ယုံကြည်ချက်တွေကို ချုပ်ချယ်မှုတွေ ပပျောက်အောင် အကာအကွယ်ပေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေဆဲလို့ တိုင်းရင်းသား လူမျိုးများကောင်စီ အတွင်းရေးမှူး ဒေးဗစ်ထောက ပြောပါတယ်။