USAID လုပ်ငန်းများ လျှော့ချရဖွယ်ရှိ

အရှေ့အာဖရိကဒေသမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုအန္တရာယ်နဲ့ ကြုံနေရချိန်မှာ၊ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ် အဆိုပြုချက်အရ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ် (USAID) ရဲ့ လုပ်ငန်းတွေ လျှော့ချဖြတ်တောက်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မနေ့တုန်းက လွှတ်တော်မှာ တင်ပြခဲ့ကြပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီရှေ့မှောက် ကြားနာရာမှာ၊ မိုးခေါင်ရေရှားမှုကြောင့် လူပေါင်းသန်းနဲ့ချီ သေဆုံးရမယ့်အရေးကို တားဆီးနိုင်ဖို့ အကူအညီပေးရေးအဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေဟာ အမေရိကန်က ဘဏ္ဍာရေး အသုံးစရိတ် ဖြတ်တောက်မှုကြောင့် ထိခိုက်မှာကို သတိပေး တင်ပြခဲ့ကြတာပါ။

လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နေတဲ့ အဖွဲ့အစည်းတွေကို ဘဏ္ဍာရေးအထောက်အပံ့ ဖြတ်တောက်မှုကြောင့်၊ အမေရိကန် အစိုးရက အရေးပေါ်အခြေအနေမှာ တုန့်ပြန်ဆောင်ရွက်နေတာတွေကို ထိခိုက်နိုင်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုဖြစ်တဲ့ Bread for the World Institute က နိုင်ငံခြားမူဝါဒရေးရာ အကြီးတန်းအကြံပေး Faustine Wabwire က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ USAID တို့ရဲ့ အသုံးစရိတ် ၃၀ ရာခိုင်နှုန်း ဖြတ်တောက်မယ့် အစီအစဉ်ကြောင့်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရလိမ့်မယ်လို့လည်း ကြားနာပွဲမှာ တင်ပြဆွေးနွေးခဲ့တဲ့ Wabwire က ဗွီအိုအေကိုပြောပါတယ်။

ကြားနာပွဲမှာ တင်ပြခဲ့သူ နောက်တဦးဖြစ်တဲ့ USAID ရဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာ အစီအစဉ် ယာယီညွှန်ကြားရေးမှူး Matthew Nims ကလည်း သမ္မတရဲ့ ဘဏ္ဍာရေးအစီအစဉ်မှာ သူ့ဌာနနဲ့ပတ်သက်လို့ အသေးစိတ်ဖော်ပြ မထားတာကြောင့်၊ အကျိုးဆက်တွေကို တိုင်းတာလို့ မရနိုင်ပေမဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။ မိုးခေါင်ရေရှားမှု ကြိုတင်သတိပေးရေး ကွန်ယက်ကတော့၊ ဒီနှစ်မှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက လူပေါင်းသန်း ၇၀ လောက်ဟာ အရေးပေါ်အကူအညီတွေ လိုလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

USAID လုပ်ငန်းများ လျှော့ချရဖွယ်ရှိ