ပါကစ္စတန်ကို စစ်ရေးထောက်ပံ့မှု ကန်ဆိုင်းငံ့

ပါကစ္စတန် စစ်တပ် စစ်ရေးပြအခမ်းအနား။ (မတ် ၂၃-၂၀၁၇)

ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ Haqqani ကွန်ယက်ကို ထိထိရောက်ရောက် မနှိမ်နှင်းဘူးဆိုပြီး အမေရိကန်က ပါကစ္စတန်ကိုပေးနေတဲ့ စစ်ရေးထောက်ပံ့စားရိတ် သန်း ၅၀ ကိုမပေးဘဲ ဆိုင်းထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် ပါကက်စတန်ဖက်က Haqqani ကွန်ယက်အပေါ် ဘယ်လောက်အတိုင်းအတာအထိ အရေးယူဆောင်ရွက်မှုတွေ လုပ်လာနိုင်ပါသလဲ။ အမေရိကန်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ ပါကစ္စတန်မပါဘဲ အောင်မြင်နိုင်ပါသလား။ သတင်းထောက် Nazrana Ghaffar ရဲ့ သုံးသပ်ချက်ကို မစုမြတ်မွန်က တင်ပြပါမယ်။

ပါကစ္စတန်အတွက် စစ်ရေးထောက်ပံ့စားရိတ် ဒေါ်လာသန်း ၅၀ ကိုအမေရိကန်က ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ပါကစ္စတန်အစိုးရရဲ့ အကြမ်းဖက်မှုစစ်ဆင်ရေးနဲ့ အမေရိကန်ထောက်ပံ့မှုအပေါ် ပါကစ္စတန်စစ်တပ်မှီခိုနေရတဲ့ အခြေအနေတွေကို ပါကစ္စတန်ထဲမှာ ဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။ Afghanistan နိုင်ငံကို အမေရိကန်က စစ်ဝင်တိုက်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစလို့ Afghanistan နဲ့ ပါကစ္စတန်နယ်စပ်က စစ်သွေးကြွအဖွဲ့တွေကို ကူညီနှိမ်နှင်းပေးဖို့ ပါကစ္စတန်စစ်တပ်ကို အမေရိကန်က စစ်ရေးကူညီစားရိတ်ပေးခဲ့တာ ဒေါ်လာဘီလျံ ၃၀ ရှိသွားပါပြီ။

ဒါပေမဲ့ အမေရိကန်ဖက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ Haqqani ကွန်ယက်ကို ပါကစ္စတန်က ကိုင်တွယ်နှိမ်နှင်းခြင်းမရှိဘူးလို့ အမေရိကန်တာဝန်ရှိသူတွေဘက်က ဟိုးအရင် အချိန်တော်တော်ကြာကြာထဲက ပြောနေခဲ့တာပါ။ ပါကစ္စတန်ထောက်လှမ်းရေးနဲ့ Haqqani ကွန်ယက် ဆက်နွယ်မှုရှိနေတယ်လို့လည်း တော်တော်များများ သံသယရှိကြပါတယ်။ ဒီအဖွဲ့ကို ချေမှုန်းအောင် အမေရိကန်က ငွေကြေးထောက်ပံ့မှုရပ်လိုက်ပေမဲ့ ထိရောက်မှာ မဟုတ်ဘူးလို့ လေ့လာသူတချို့က ပြောကြပါတယ်။ New York မြို့အခြေစိုက် သတင်းထောက် Jahangir Khattak ကသူ့ရဲ့အမြင်ကို VOA ကိုခုလိုပြောပါတယ်။

"ဒါအသစ်အဆန်းမဟုတ်ပါဘူး။ ပါကစ္စတန်ရဲ့ဆောင်ရွက်ချက်ပေါ်မူတည်ပြီး အထောက်အပံ့နဲ့ နိုင်ငံတကာပူးပေါင်းတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးရန်ပုံငွေပေးတဲ့ နည်းလမ်းကို အမေရိကန်အစိုးရ လုပ်ခဲ့တာနှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ ဒီနည်းနဲ့ အရင်ကမအောင်မြင်ခဲ့ဘူးဆိုရင် ဒီတခေါက်မှာ အောင်မြင်မယ်လို့ မျှော်လင့်လို့ မရပါဘူး။"

ဝါရှင်တန်အခြေစိုက် Afghan နိုင်ငံရေးကျွမ်းကျင်သူ Hashim Wahdatyar ကလည်း ပါကက်စတန်ဖက်က Haqqani ကွန်ယက်ကို စိတ်ပါလက်ပါ နှိမ်နှင်းမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

"စစ်စားရိတ်ထောက်ပံ့မှုတွေဖြတ်လိုက်လို့ ပါကစ္စတန်ဘက်က Haqqani ကွန်ယက်အပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှာမဟုတ်ပါဘူး။ ဒီကိစ္စအတွက် ပါကစ္စတန်ဘက်က ရင်းနှီးထားတာလည်း နှစ်ပေါင်းမနည်းတော့ပါဘူး။ Trump အစိုးရbက်က မောင်းသူမဲ့ Drone ယာဉ်တွေပိုသုံး တိုက်ခိုက်တာ။ Osama bin Laden ကိုဝင်ဖမ်းခဲ့တုန်းကလို အထူးတပ်ဖွဲ့စစ်ဆင်ရေးလုပ်ငန်းတွေ တဖက်သတ် ပိုတိုးလုပ်လာမှာမျိုးကိုတော့ပါကစ္စတန်ဘက်က စိုးရိမ်နိုင်ပါတယ်။"

အမေရိကန်ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေမှာ ပါကစ္စတန်ဘက်က ပေးဆပ်မှုတွေများတယ်လို့ ပါကစ္စတန်ဘက်ကတော့ ပြောနေပါတယ်။ ဝေးလံတဲ့ တိုင်းရင်းဒေသတွေမှာ စစ်ဆင်ရေးတွေလုပ်ပြီး အကြမ်းဖက်သမားတွေ အခိုင်အမာခြေကုပ် ယူထားတဲ့နေရာတွေကို ခြေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Afghanistan နိုင်ငံတည်ငြိမ် လုံခြုံရေးအတွက်ပါကစ္စတန်အစိုးရရဲ့ အကူအညီလိုတယ် ဆိုတာကိုတော့ အမေရိကန်စစ်တပ်အကြီးအကဲတွေက အလေးထားပြောနေ ဆဲဖြစ်ပါတယ်။

Afghanistan မှာတိုက်နေတဲ့စစ်ပွဲမှာပါကစ္စတန်အကူအညီမပါရင် အမေရိကန် မနိုင်နိုင်ဘူးလို့ အမေရိကန်ပူးတွဲတပ်ဖွဲ့များရဲ့ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Joseph Dunford က July လတုန်းကပဲ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်မှာ လောလောဆယ် အကြမ်းဖက်အဖွဲ့တွေနဲ့ စစ်မျက်နှာပြင်တော်တော်များများ ဖွင့်တိုက်ခိုက်နေပါတယ်။ ပါကစ္စတန်ထဲက IS စစ်သွေးကြွအဖွဲ့ကို ခြေမှုန်းဖို့ Khyber-2 ဆိုတဲ့စစ်ဆင်ရေးကို မကြာခင်ကပဲစခဲ့တာပါ။ ဒါကြောင့် စစ်ရေးထောက်ပံ့မှုတွေ ဖြတ်တာကိုတော့ လိုလားမှာမဟုတ်ဘူးလို့ Peshawar မြို့အခြေစိုက်နိုင်ငံရေးသုံးသပ်သူ Khadim Hussain ကပြောပါတယ်။

"ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေးတွေလုပ်နေချိန်မှာ ထောက်ပံ့မှုတွေ ဖြတ်တောက် ခံချင်မှာမဟုတ်ပါဘူး။ ထောက်ပံ့မှုတွေကို ခွဲဝေပေးတယ်။ ဖြတ်တောက်တယ် ဆိုတဲ့လုပ်ငန်းစဉ်တွေက ရှုပ်ထွေးပါတယ်။ ပါကစ္စတန်အာဏာပိုင်တွေအနေနဲ့ ထောက်ပို့ရေးပိုင်း ပြဿနာတွေ ရှိလာနိုင်ပါတယ်။ Afghanistan မှာအကြမ်းဖက်မှုတွေ ပိုဖြစ်အောင် အားပေးလာနိုင်ပါတယ်။ တာလီဘန်တွေကို အကြောင်းပြပြီး ရုရှားတို့ တရုတ်တု့ိbက်က လှည့်အမြတ်ထုတ်နိုင်ပါတယ်။"

အမေရိကန်နဲ့ ပါကစ္စတန်ကြား နားလည်မှုပိုရနိုင်အောင် ဆွေးနွေးကြဖို့လိုတယ်လို့ သုံးသပ်သူတချို့ကလည်း အကြံပေးနေကြပါတယ်။ တဖက်နဲ့တဖက် ယုံကြည်မှု နည်းပါးနေတာကို ဖြေရှင်းနိုင်ဖို့လုပ်ရမယ်။ Afghanistan နဲ့ဆက်ဆံရေး မှာလည်းပါကစ္စတန်ရဲ့ သဘောထားကိုပြင်ဖို့လိုတယ်လို့ နယူးယောက်မြို့အခြေစိုက် သတင်းထောက် Khattak ကပြောပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်ကို စစ်ရေးထောက်ပံ့မှု ကန်ဆိုင်းငံ့