အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၂၁ ရာစုအတွင်း ခန့်မှန်းခြေ လူပေါင်း သန်း (၂၀) ကျော် လူကုန်ကူးခံနေရပြီး သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ လူကုန်ကူးသူတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေ အဖြစ် ထိထိရောက်ရောက် အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောကြားခဲ့ပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေး စောင့်ကြည့်ခံနိုင်ငံ အဆင့် Tier 2 အဖြစ် တိုးမြှင့်ခံရတဲ့ မြန်မာနိုင်ငံမှာတော့ ကလေးစစ်သား အသုံးပြုမှု ပပျောက်အောင် ကြိုးပမ်းဆောင်ရွက်မှုတွေ အဓိက တွေ့ခဲ့ရကြောင်း အမေရိကန် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အထူး သံအမတ်ကြီး Susan Coppedge က ပြောသွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
ဝါရှင်တန်ဒီစီက အမေရိကန် နိုင်ငံခြားရေးဌာနမှာ မနေ့က ကျင်းပတဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး Tillerson က သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ လူကုန်ကူးမှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေကို ရာဇဝတ်မှု အဖြစ် သတ်မှတ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း အခုလို ပြောသွားပါတယ်။
“ ကြေကွဲဖွယ်ရာ အကောင်းဆုံး ကတော့ လူကုန်ကူးသူတွေဟာ အကာအကွယ်အမဲ့ဆုံး ဖြစ်တဲ့ မိန်းကလေးတွေနဲ့ ယောကျ်ားလေးငယ်တွေကို ခေါင်းပုံဖြတ်ပြီး သူတို့မိဘတွေနဲ့ တကွဲတပြားစီ ဖြစ်အောင် လုပ်တယ်။ ကလေးတွေကို ပြည့်တန်ဆာတွေ အဖြစ် လိင်လုပ်ငန်းမှာ ခိုင်းစေတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့၂၀၁၇ ခုနှစ် အစီရင်ခံစာဟာ လူကုန်ကူးတဲ့ လမ်းကြောင်းတွေ၊ လူကုန်ကူး ပွဲစားတွေ၊ အဓိက ကြံရာပါတွေကို ဖေါ်ထုတ်ပေးထားပါတယ်။ ဒီနှစ်ရဲ့ဦးစားပေးမှုကတော့ အစိုးရတွေရဲ့ တာဝန် ဖြစ်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး စာချုပ်ပါ စည်းမျဉ်း စည်းကမ်းတွေအရ လူကုန်ကူးမှုဟာ ရာဇဝတ်မှု ဖြစ်ကြောင်း သတ်မှတ်ပြီး လူကုန်ကူးသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ပဲ ဖြစ်ပါတယ်။ ”
ဒီနှစ် အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့လူကုန်ကူးမှု အခြေအနေကို အကဲဖြတ် ထားတာပါ။ အဲဒီထဲမှာ၃၆ နိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံအဆင့် Tier 1 အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ နောက် နိုင်ငံပေါင်း (၈၀) ကတော့ Tier 2 အဆင့် အဖြစ် သတ်မှတ်ပြီး မြန်မာ အပါအဝင် အခြား နိုင်ငံပေါင်း (၄၅) နိုင်ငံကိုတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်ခံ နိုင်ငံအဆင့် Tier 2 အဖြစ် ဖေါ်ပြထားပါတယ်။ ကျန်နိုင်ငံပေါင်း (၂၃) နိုင်ငံကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အဆိုးရွားဆုံး နိုင်ငံအဆင့် Tier3 အဖြစ် အစီရင်ခံစာမှာ တွေ့ရပါတယ်။
၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံကို အဆိုးရွားဆုံး Tier 3 အဆင့်ကနေ ၂၀၁၇ ခုနှစ်မှာ Tier 2 စောင့်ကြည့်ခံ အဆင့်အဖြစ် တိုးမြှင့် သတ်မှတ်ခံရတဲ့အထဲမှာ အီရတ်နိုင်ငံနဲ့ အတူ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုမှု ပပျောက်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်တာ တွေ့ရကြောင်း အမေရိကန် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အထူး သံအမတ်ကြီး Susan Coppedge က မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ရာမှာ အနည်းဆုံး လိုက်နာရမယ့် စံနှုန်းတွေအရ အချက်အလက် တော်တော်မျာများကို အခြေခံပြီး အကဲခတ်တာ ဖြစ်ပါတယ်။ ဒီအကဲဖြတ်မှုဟာ အစီရင်ခံစာမှာ ထင်ဟပ် ပေါ်လွင်တာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေ အနေနဲ့ တိုးတက်မှု ရအောင်လုပ်ဖို့ လိုအပ်တာတွေကို အစီရင်ခံစာမှာ ဖေါ်ပြထားတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ကလေးတွေကို စစ်တပ်မှာ အသုံးပြုမှုကနေ ဖယ်ရှားပေးရာမှာ သိသာတဲ့ ခြေလှမ်းတွေ ရှိခဲ့တာ တွေ့ရပါတယ်။ ”
ဒါ့အပြင် ကလေးစစ်သား အဖြစ်ကနေ လွတ်မြောက်လာတဲ့ ကလေးတွေရဲ့ ဘ၀ ပြန်လည် ထူထောင်ရေးမှာ အစိုးရပိုင်း ကနေ လူမှု အထောက်အပံ့တွေ အသေအချာ ပေးမပေး သူတို့ စောင့်ကြည့် လေ့လာကြောင်း Susan Coppedge ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သား ဖြစ်ခဲ့သူတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့တုံ့ပြန် ဆောင်ရွက်မှုအပေါ်မှာ အမေရိကန်ရဲ့စိုးရိမ်မကင်း ဖြစ်မှုကတော့ ဆက်ပြီး ရှိနေသေးကြောင်း သူက အခုလို ပြောသွားပါတယ်။
“ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆက်လက် စိုးရိမ်မကင်း ဖြစ်ဆဲရှိတာက အတိတ်တုန်းက ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့တုံ့ပြန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကလေး စစ်သားတွေကို တရားမဝင် စုဆောင်းမှုမှာ ပါဝင်ခဲ့တဲ့ တချို့ စစ်ဖက်အရာရှိတွေကို အစိုးရက အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ပေမယ့် ဒီပြစ်ဒဏ်တွေဟာ ပြင်းထန်သင့် သလောက် မပြင်းထန်ခဲ့ပါဘူး။ ရာဇဝတ်ပြစ်မှု ကျူးလွန် တဲ့အတွက် အရေးယူတာမျိုးထက် လုပ်ငန်းခွင်ပိုင်းဆိုင်ရာမှာ အရေးယူတဲ့ ပုံစံမျိုးလို ဖြစ်နေပါတယ်။ ဒီကိစ္စကို ကျမ ဒီဇင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က အစိုးရ အရာရှိတွေနဲ့ တိုက်ရိုက် တင်ပြနိုင်ခဲ့ပါတယ်။ ”
ကလေးစစ်သားကိစ္စ အမေရိကန်ရဲ့စိုးရိမ်မကင်းဖြစ်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာနိုင်ငံကို သူကိုယ်တိုင် သွားခဲ့တဲ့ အချိန်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက် ဆွေးနွေးခဲ့ကြောင်း Susan Coppedge က ဆိုပါတယ်။ ဒါအပြင် ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ မြန်မာအစိုးရကို တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သူက အခုလိုပြောပါတယ်။
“ ၂၀၁၇ ခု အစီရင်ခံစာမှာ မြန်မာအစိုးရ အနေနဲ့ အရပ်သားတွေ အပေါ် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု မှန်သမျှ ရပ်တန့်ဖို့၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပေါ်လစီအပေါ် စစ်တပ်ရဲ့အားကိုးမှု လျော့ကျစေဖို့နဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုကို ဖြစ်ပေါ်စေတဲ့ တွန်းအားပေးမှုကို ပြုပြင်ဖို့ အပြင် ကလေးစစ်သား စုဆောင်းမှုကို စုံစမ်းစစ်ဆေးပြီး စစ်တပ်ကနေ ကလေးတွေကို မိဘထံ ပြန်ပို့တဲ့အခါ လူ့အဖွဲ့အစည်းမှာ ပြန်ဝင်ဆန့်စေရေး အတွက် လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ ”
မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနည်းဆုံး သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အပြည့်အ၀ ကိုက်ညီမှု မရှိပေမယ်လို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ဆောင်ရွက်နေတာ တွေ့ရကြောင်း အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
၂၀၁၇ခုနှစ် မတ်လ (၃၀) ရက်နေ့အထိ အစီရင်ခံစာ ပြုစုတဲ့ ကာလအတွင်း မြန်မာအစိုးရဲ့အဓိက အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေအဖြစ် ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုမှု ပပျောက်ရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှု ရှိအောင် ဆက်လက် လုပ်ဆောင်ခဲ့တာ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့မှာ အလုပ်တာဝန် ကျေပြွန်အောင် ထမ်းဆောင်သူ အရေအတွက် တိုးမြှင့်နိုင်တာ၊ ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ ပထမဆုံးအကြိမ် အစိုးရ တာဝန်ရှိသူတွေကို အရေးယူနိုင်ခဲ့တာ စတဲ့ အချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ကဆိုရင် မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ အဓိက နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ သာမက ပြည်ပမှာပါ မြန်မာအမျိုးသမီးနဲ့ ကလေးငယ်တွေဟာ လိင်ကျွန်တွေအဖြစ် ရောင်းစား ခံခဲ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် အခြားအာရှနိုင်ငံတွေ အပြင်၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရတာ၊ လိင်ကျွန်အဖြစ် ရောင်းစားခံရတာတွေရှိပါတယ်။
အမျိူးသားတွေ ဆိုရင် ငါးဖမ်းလုပ်ငန်း၊ စက်ရုံလုပ်ငန်း၊ စိုက်ပျိူးရေး၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ကြရပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ကတော့ လိင်ဖျော်ဖြေရေး ဒါမှမဟုတ် အိမ်အကူနဲ့ အထည်ချုပ် စက်ရုံတွေမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံကြရပါတယ်။
၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ တက်လာပြီးနောက် သမ္မတ အိုဘာမား အစိုးရ လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှုနဲ့ အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု တွေကြောင့် အဆိုးရွားဆုံး နိုင်ငံအဆင့် Tier 3 ကနေ ၂၀၁၂- ၂၀၁၅ ခုနှစ် ၄ နှစ်အတွင်း မြန်မာနိုင်ငံကို Tier 2 စောင့်ကြည့်ခံ အဆင့်အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်ချက်အရ Tier 2 စောင့်ကြည့်ခံ အဆင့်မှာ လေးနှစ်သက်တမ်း ပြည့်ခဲ့ပေမယ့် ထူးခြား တိုးတက်မ ှုမရှိခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ Tier 3 အဆင့်ကို ပြန်လည် လေ ျှာ့ချ သတမှတ်ခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့မနေ့က သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနဲ့ အီရတ်မှာ ကလေးစစ်သားတွေ ဆက်ပြီး ရှိနေသေးကြောင်း ဖေါ်ပြထားပါတယ်။ အလားတူ ပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့ ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပါ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ ဘက်ကလည်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5