၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်တဲ့ ကိစ္စ စုံစမ်းစစ်ဆေးမှု ဖြစ်လာအောင် လုပ်ခဲ့တဲ့လူတွေနဲ့ အပြင်းအထန် ဝေဖန်ပြောဆိုသူတွေကို ပြန်ပြီး စုံစမ်းစစ်ဆေးမယ်လို့ သမ္မတ Donlad Trump နဲ့ ရီပတ်ဘလီကန် လွှတ်တော် အမတ်တွေက တနင်္လာနေ့မှာ အခိုင်အမာ ပြောထားကြပါတယ်။
“သိပ်ကို ဆိုးရွားလွန်တဲ့ကိစ္စတွေ၊ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ရာကျစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြသူတွေ အများကြီး ရှိနေပါတယ်။” လို့ ဘယ်သူ့နာမည်မှ အတိအကျမပါဘဲ သမ္မတTrump က ပြောပါတယ်။ “အဲဒီလူတွေကို သေချာပေါက် စုံစမ်း စစ်ဆေးမယ်။” လို့လည်း ဆိုပါတယ်။
ရုရှားဝင်နှောက်တဲ့ ကိစ္စ စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း ဒီမိုကရက် အတော်များများက သမ္မတ Trump ရဲ့ အတွင်းစည်းထဲက လူတွေဟာ ရုရှားနဲ့ ပေါင်းလုပ်ခဲ့ကြတယ်၊ သမ္မတဟာလည်း နောက်ပိုင်းမှာ တရားရေးပိုင်းကို ဝင်စွက်ဖက်ခဲ့တယ်လို့ သူတို့ ယုံကြည်တယ်ဆိုတာ ထပ်ခါတလဲလဲ ပြောထားဖူးပါတယ်။
ဒီအပေါ် အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders က “ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ ဝင်ပြီး စွက်ဖက်ဖို့ ဆိုတာ ခက်လွန်းလှပါတယ်။ ဒီမိုကရက်တွေ၊ လစ်ဘရယ် သတင်းဌာနတွေအနေနဲ့ သမ္မတနဲ့ အမေရိကန်လူထုကို တောင်းပန်ရ မယ့် တာဝန်ရှိပါတယ်။ ၂ နှစ်လုံးလုံး အချိန်တွေ အလဟဿ လုပ်ပစ်ခဲ့ကြပြီး လူတွေရဲ့ နစ္စဓူ၀ နစ္စဒူဝ ဘဝပေါ် သက်ရောက်မှုရှိတဲ့ ကိစ္စတွေကို မလုပ်ရဘဲ လမ်းလွဲအောင် အကြီးအကျယ် နှောင့်ယှက်ခဲ့ကြပါတယ်။” လို့ ပြောခွင့်ရ Sanders က ပြောပါတယ်။
အထူး စုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ အကျဉ်းချုပ်ကို ရှေ့နေချုပ် William Barr က ထုတ်ပြန်ပြီးတဲ့နောက် သမ္မတနဲ့ အိမ်ဖြူတော် ပြောခွင့်ရတို့က အခုလို ပြောကြတာပါ။
၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှား ဝင်နှောက်ခဲ့တယ် ဆိုတာ သေချာပေါက်ဖြစ်ပေမယ့် သမ္မတ Trump နဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ဟာ သမ္မတ Trump အနိုင်ရအောင် ရုရှားနဲ့ ပေါင်းလုပ်တာမျိုး မရှိခဲ့ဘူးဆိုပြီး မစ္စတာ Mueller က ကောက်ချက်ချထားတယ်လို့ ရှေ့နေချုပ် Barr က လွှတ်တော်ခေါင်းဆောင်တွေဆီ ရေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5