မက္ကဆီကို နယ်စပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်တာအပြင် လိုအပ်ရင် လက်နက်အင်အားပါ အသုံးပြုဖို့ သမ္မတ Donald Trump အစိုးရက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အိမ်ဖြူတော်က အဲဒီလို ညွန်ကြားထားတဲ့ အမိန့်ကြေညာချက်ကို သူလက်ခံရရှိထားကြောင်း ကာကွယ်ရေးဝန်ကြီး Jim Mattis က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ ညွန်ကြားချက်ကို သမ္မတ Trump က လက်မှတ် ထိုးထားတာ မဟုတ်ဘဲ အိမ်ဖြူတော် အရာရှိချုပ် John Kelly က လက်မှတ်ထိုး ထုတ်ပြန်ထားတာကြောင်း ရွေ့ပြောင်း နေထိုင်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှုကို သိပ်တင်းကြပ်မထားဘဲ ခပ်လျော့လျော့ လုပ်ပေးထားတာ ဖြစ်ပါတယ်။
ကင်းလှည့်တဲ့နေရာတွေမှာ စစ်ကူလိုတယ်ဆိုတာကို သမ္မတက သဘောပေါက်ကြောင်း၊ မနေ့ညကလည်း မြေပြင် အခြေအနေအရ လိုအပ်တဲ့အတိုင်း ဆက်လက်လုပ်ဆောင်ကြဖို့ ညွန်ကြားချက် လက်ခံ ရရှိခဲ့ကြောင်း၊ လိုအပ်ချက်တွေ ဘာတွေဖြစ်မယ်ဆိုတာ သုံးသပ်နေဆဲ ဖြစ်ကြောင်း၊ ဒီကိစ္စအတွက် အမိမြေလုံခြုံရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း တိုင်ပင်နေကြောင်း ဝန်ကြီး Mattis က ပြောပါတယ်။
အမိမြေလုံခြုံရေးဌာနက တုန့်ပြန်မှု မရရင်တော့ သူ့ဘက်က တစုံတရာ လုပ်ဆောင်မှာ မဟုတ်ကြောင်းလည်း ဝန်ကြီး Mattis က ပြောပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးက သူ့အနေနဲ့ လုပ်သင့်တာတွေကို လုပ်ဖို့ တောင်းဆိုထားတာကြောင့် သူ့မှာ လုပ်ပိုင်ခွင့်ရှိကြောင်း၊ ဒါပေမယ့် ဝန်ကြီးက ဘယ်လို ဖြစ်စေချင်တယ်ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Mattis က ပြောပါတယ်။
Your browser doesn’t support HTML5