၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက် ARSA တိုက်ခိုက်မှုတွေရဲ့ နှစ်ပတ်လည်နေ့ နီးကပ်လာပြီး လူထု မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အမေရိကန်သံရုံးဝန်ထမ်းတွေအနေနဲ့ ၂၀၁၈ခုနှစ် သြဂုတ်လ ကုန်ဆုံးတဲ့ ကာလအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏကျွန်း၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေကို ခရီးသွားခြင်းမပြုကြဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတိပေးထားပါတယ်။
ဒါအပြင် စာသင်ကျောင်း၊ ဆေးရုံ၊ ခရစ်ယာန်ဘုရားကျောင်း၊ ခရီးသွားလည်ပတ်တဲ့နေရာတွေနဲ့ ပို့ဆောင်ရေးစခန်း စတဲ့ လူစည်းကားတဲ့နေရာတွေမှာ နိုးနိုးကြားကြားရှိကြဖို့၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး မိတ်ဆွေ၊ မိသားစုတွေကိုလည်း သတိပေးကြဖို့ ညွန်ကြားထားပါတယ်။ အကူအညီအတွက် ဆက်သွယ်ဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာတို့ကိုလည်း ဖေါ်ပြထားပါတယ်။
၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ လုံခြုံရေးစခန်း (၃၀) ကို ARSA ရိုဟင်ဂျာ အကြမ်းဖက်အုပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာလုံခြုံရေးတပ်တွေက တုန့်ပြန်နှိမ်နင်းတဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ အခု လာမယ့် စနေမှာ တနှစ်ပြည့်မှာ ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတော့ တနင်္လာနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တံခါးဖွင့် ဆွေးနွေးပွဲကျင်းပဖို့ ရှိပါတယ်။
Your browser doesn’t support HTML5