အမေရိကန် ပြည်နယ် ၆ ခု အခါမဲ့ လေဆင်နှာမောင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်ပြီ

Kentucky ပြည်နယ် Bowling Green မြို့မှာ လေဆင်နှာမောင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်ကို ကြည့်ရှုနေသူနှစ်ဦး။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဒေသက ပြည်နယ် ၆ ခုမှာ သောကြာနေ့ ညပိုင်းက ရာသီမဟုတ် တိုက်ခတ်တဲ့ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတဲ့အတွက် အခုဆို မြန်မာနိုင်ငံသားတချို့ အပါအဝင် သေဆုံးရသူ စုစုပေါင်း ၁၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

Kentucky ပြည်နယ်ဟာ အဆိုးဆုံးခံခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က ပြောပါတယ်။

“Kentucky ပြည်နယ်မှာ အခုတိုက်သွားတဲ့ လေဆင်နှာမောင်းဟာ လူအသေအပျောက် အများဆုံးဖြစ်မယ်လို့ ယုံကြည်ကြောင်းနဲ့ မနက်ပိုင်းအချိန်အထိဆို သေဆုံးရတဲ့ Kentucky ပြည်နယ်သားက ၅၀ ကျော် ရှိနေပြီဖြစ်ပြီး မြောက်ပိုင်းဒေသတွေနဲ့ပါဆိုရင် ၁၀၀ ကျော်နေပြီဖြစ်ကြောင်း” ပြောသွားတာပါ။

အခုအချိန်အထိဆို Kentucky မှာ သေဆုံးရသူ ၈၀ ကျော်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက CNN သတင်းဌာနကို ပြောပါတယ်။ သေဆုံးရသူ အများစုဟာ ဖယောင်းတိုင်စက်ရုံက ဖြစ်ပါတယ်။ လူ ၁၁၀ လောက် အလုပ်လုပ်နေတဲ့ ဖယောင်းတိုင်စက်ရုံက လူပေါင်း ၄၀ လောက်ကိုပဲ ကယ်တင်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာလထဲ လေဆင်နှာမောင်း တိုက်ခတ်လေ့ မရှိပါဘူး။ သောကြာနေ့ကတော့ တနာရီကို ၂၂၆ မိုင်နှုန်းနဲ့ ဝင်လာတဲ့ လေဆင်နှာမောင်းဟာ Arkansas, Illinois, Mississippi, Missouri, Tennessee နဲ့ Kentucky ပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်ခဲ့တာဖြစ်ပြီး ဖြတ်သန်းတဲ့ နေရာတိုင်းမှာ အပျက်အစီးတွေ ရှိနေပါတယ်။

Illinois ပြည်နယ် အုပ်ချုပ်ရေးမှူး J.B. Pritzker ကတော့ သူ့ပြည်နယ်ထဲ လေဆင်နှာမောင်းဒဏ်ကြောင့် သေဆုံးရသူ စနေနေ့အထိ ၆ ဦး ရှိနေကြောင်း ပြောပါတယ်။

သမ္မတ Joe Biden က လေဒဏ်ခံရတဲ့ ပြည်နယ်တွေက အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီး Kentucky အတွက် အရေးပေါ်အခြေအနေ ကြေညာဖို့ အတည်ပြုပေးခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် ပြည်နယ် ၆ ခု အခါမဲ့ လေဆင်နှာမောင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်ပြီ

------------------------

(Unicode)







