အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အရှေ့အလယ်ပိုင်းဒေသနဲ ့တောင်အာရှ ဒေသတွေကို ခရီးထွက် နေပါတယ်။ ပါကစ္စတန်နိုင်ငံကို ဝန်ကြီး Tillerson ရောက်နေတုန်းမှာ စစ်သွေးကြွတွေကို တန်ပြန်နှိမ်နင်းရေးနဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကိစ္စတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ပါကစ္စတန် ခေါင်းဆောင်တွေကို တိုက်တွန်းပြောဆိုဖို့ ရှိနေပါ တယ်။
ဝန်ကြီး Tillersonနဲ့ အဖွဲ့ဟာ ပါကစ္စတန်ဝန်ကြီးချုပ် Shahid Khaqan Abbasi အပြင် ပါကစ္စတန်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ထောက်လှမ်းရေး အကြီးအကဲနဲ့ တခြား ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ အခုလို ၂ နိုင်ငံ ခေါင်းဆောင်ပိုင်းတွေ အကြား တွေ့ဆုံပြောဆိုမှုတွေ အတွင်း ပါကစ္စတန်နဲ့ အမေရိကန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကျိုးတူ စီးပွါးရေး ဆက်ဆံမှုတွေ တိုးမြင့်ခိုင်မာအောင် ဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
စစ်သွေးကြွတွေနဲ့ အကြမ်း ဖက်သမားတွေကို အမြစ်ပြတ် ချေမှုန်းရေး ကြိုးပမ်းအားထုတ်မှုတွေကို ပါကစ္စတန်ဘက်က တိုးမြှင့်လုပ်ဆောင်မှ ဖြစ်မယ် ဆိုတဲ့ သမ္မတထရမ့်ရဲ့ အမှာစကားကို ဝန်ကြီး Tillerson က ထပ်လောင်း ပြောဆိုခဲ့တယ်လို့လည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်အစိုးရရဲ့တောင်အာရှရေးရာ မဟာဗျူဟာ အသစ်နဲ့ ပတ်သက်ပြီးလည်း ဝန်ကြီး Tillersonက ချပြပြောဆိုခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါကစ္စတန်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အခန်းကဏ္ဍကအင်မတန်မှ အရေးကြီးတဲ့ အကြောင်းနဲ့ ဒီလိုလုပ်ဆောင်တဲ့ အတွက် တောင်အာရှဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို ဖြစ်လာနိုင်စေမယ် ဆိုတဲ့ အကြောင်းတွေကိုပါ ဝန်ကြီး Tillersonက ပါကစ္စတန် ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5