ရုရှားတပ်တွေဖက်က ဆီးရီးယားနိုင်ငံမှာ အရပ်သားတွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အမေရိကန်ရဲ့ စိတ်ရှည်နိုင်မှု အတိုင်းအတာ လွန်နေပြီဖြစ်တာမို့ ဆီးရီးယား အပစ်အခတ် ရပ်ဆဲရေးအတွက် ရုရှား အစိုးရနဲ့ ဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ John Kirby က ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ရန်လိုတိုက်ခိုက်မှုတွေ ရပ်သွားစေရေး ဆောင်ရွက်မှုအားလုံးကို အမေရိကန်က အားထုတ်လုပ်ခဲ့ပေမဲ့ ရုရှားတို့ဖက်က ပေးထားတဲ့ ကတိအတိုင်း လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆွေးနွေးမှုတွေကို ရပ်လိုက်ပေမဲ့ ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက်မှုတန်ပြန်ရေး စစ်ဆင်မှုမှာ ပဋိပက္ခမဖြစ်ရအောင် ရုရှားနဲ့ ဆက်ပြီး အဆက်အဆံ လုပ်သွားမှာဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ အရပ်သားတွေ သေဆုံးမှုအတွက် ရုရှားက စိတ်မကောင်းဖြစ်ရပေမဲ့ ဆီးရီးယားမှာ ရုရှားက ဝင်မတိုက်ပေးဘူးဆိုရင် Damascus မှာ IS အလံလွှင့်နေပြီလို့ ပြောပါတယ်။ ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့တပ်တွေအတွက် ရုရှားအစိုးရက စစ်ရေး အကူအညီ ပေးနေသလို လေကြောင်းကနေလည်း စစ်ကူ တိုက်ပေးနေတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရကတော့ သမ္မတ Assad ကို ဖြုတ်ချနိုင်ဖို့ တိုက်နေတဲ့ သူပုန်အဖွဲ့တချို့ကို အထောက်အပံ့ ပေးနေတာဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေ ကျဆင်းသွားစေရေး၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ရေးနဲ့ အကြမ်းဖက် အဖွဲ့တွေကို ဖြိုခွဲနိုင်ရေးအတွက် အမေရိကန်နဲ့ ရုရှားကြားမှာ ပြီးခဲ့တဲ့ လကပဲ အပြစ်အခတ်ရပ်ဆဲရေး သဘော တူခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သဘောတူညီမှုဟာ အချိန်တိုအတွင်းမှာ ပျက်ပြားခဲ့ပြီး ဒီ့အတွက်တဖက်နဲ့ တဖက် အပြစ်တင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲ လုပ်မယ့် ဆွေးနွေးမှုတွေလည်း ပျက်ပြားခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5