ကန်အမျိုးသမီး ဘောလုံးအသင်း ကမ္ဘာ့ဖလား ဖိုင်နယ်တက်

၈ ကြိမ်မြောက် FIFA အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ မနေ့က အင်္ဂါနေ့မှာ ကစားခဲ့တာမှာ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ အမေရိကန်နဲ့ ဖီဖာမှာ နံပါတ် (၃) လိုက်နေတဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး အမေရိကန်အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲစဉ်မှာ အမေရိကန်အမျိုးသမီးအသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုယဉ်ထွေးက အခုလို သုံးသပ်ပါတယ်။

"ဒီနေ့သုံးသပ်ရင်တော့ US က ခံစစ်ကို လုံအောင်ထိန်းကစားပြီးမှ တချက်တချက်မှာ သူက counter attack မထင်မှတ်ဘဲနဲ့ ပြန်ဖောက်ပြီး တော့ သွင်းသွားတဲ့ အလုံးတွေပေါ့လေ။ ဒါပေမဲ့ အများဆုံး တိုက်စစ်ဆင်ပြီးတော့ ဖိပြီးကစားတာ အင်္ဂလန်က ကစားကွက် သာနေတာ။ သူတို့ပြတဲ့ position ကို ကြည့်မယ်ဆိုရင် အင်္ဂလန်က ၅၇ ရာခိုင်နှုန်း ရှိတယ်။ US က ၄၃ ရာခိုင်နှုန်း ပဲ ရှိတယ်။ US က တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ ထိန်း ကစားရင်းနဲ့ပဲ ဒီနေ့ဆိုလည်း တခု ကောင်းသွားတာက ဒီနေ့မှာ လူတွေကို အစားထိုးပြီးကစားသွားတာပေါ့နော်။ အရင်ကစားနေတဲ့ နံပါတ် ၇ တို့၊ နံပါတ် ၁၀ တို့ မထည့်ဘဲနဲ့ ၁၆ တို့ ၁၅ တို့ထည့်ပြီး ကစားသွားတာဖြင့်လည်း လူငယ်ခြေတက်လေးတွေ ထွင်သုံးကစားသွားတာဖြင့်လည်း တိုက်စစ်တမျိုးအနေနဲ့ ထွင်သွားတယ်ပေါ့နော်။ အဲ့ဒါမျိုးလေးတွေ မြင်ရတဲ့အခါကျတော့ US က ခံစစ်ကို ဦးစားပေးပြီး ကစားသွားတယ်။ နည်းနည်းလုံလုံခြုံခြုံ ကစားတယ်ပေါ့လေ။ ပိုပြီး ဦးစားပေး ကစားသွားတာ တွေ့ရတယ်။ တခါတလေ ရတဲ့ အချိန်မှသာ တိုက်စစ်လေးဆင်၊ မထင်မှတ်ပဲနဲ့ ဝင်တိုက်သွားတဲ့ အချိန်မှာ ခေါင်းတိုက်ပြီးသွင်းသွားတာ ၂ လုံး စလုံး ခေါင်းတိုက်ပြီးသွင်းတာပေါ့နော်။

အင်္ဂလန်ကတော့ တချက်တချက် ခေါက်လိုက်ရင် အရမ်းကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့လည်း တလုံးက မဲနှောက်အဲ့အဲနှောက်မဟုတ်ဘဲနဲ့ ပေးလိုက်မယ်။ ပယ်နယ်တီဝင်သွားမယ်ဆိုရင် ဖိုင်နယ်ပွဲက အင်္ဂလန်ဖိုင်နယ်ပွဲဖြစ်သွားပါလိမ့်မယ်။"

ဒုတိယပိုင်းမှာ အင်္ဂလန်ဘက်က တယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ကြောင်းနဲ့ အမေရိကန်ဘက်က ပုံမှန် ကစားနေကျ နာမည်ကျော် ၃ ယောက်လောက်မပါဘဲ ခြေသစ်တွေကို ထည့်ကစားသွားတာ တွေ့ရကြောင်းကိုလည်း ကိုယဉ်ထွေးက ပြောပါတယ်။

“လက်ရှိ အမြဲတမ်းကစားနေတဲ့ နံပါတ် ၇ တို့၊ နံပါတ် ၁၀ တို့မပါဘူး။ အဲဒါမျိုးတွေ မထည့်ဘဲနဲ့ ၁၅ တို့၊ ၁၆ တို့ လူသစ်ကလေးတွေ ထည့်လိုက်လာတယ်။ ဘာကြောင့် မသုံးလဲဆိုတာကတော့ ဒါက နည်းပြတွေ၊ အသင်းသူ၊ အသင်းသားတွေပဲ သိမယ်။ ကျနော်သိတာကတော့ ကျနော်တို့ကတော့ ဒီလူတွေ မပါဘူး။ ကွာတားဖိုင်နယ်မှာ ၂ ဂိုးသွင်းထားခဲ့တဲ့ အသင်းကပ္ပတိန် နံပါတ် ဆဲဗင်းလည်းမပါဘူး။ ကွာတားဖိုင်နယ်မှာ သူသွင်းလာလို့ ပြင်သစ်ကိုနိုင်ပြီးတော့ ဆီမီးဖိုင်နယ်ကို တက်လာရတာကိုး။ အဲဒီအသင်းဝင်တွေ မပါလာဘူးဆိုတော့ ထူးထူးဆန်းဆန်းတော့ ဖြစ်တယ်ပေါ့လေ။”

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် ပြင်သစ်အသင်းကို အနိုင်ရခဲ့ပြီး ဆီမီဖိုင်နယ်ပွဲစဉ်ကို တက်လာခဲ့ပြီး အခုလို အင်္ဂလန် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့ ဆီမီးဖိုင်မှာ နယ်သာလန် နဲ့ ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင့် ဟာ အမေရိကန်အသင်းတို့ တနင်္ဂနွေနေ့မှာ ဖိုင်နယ်မှာ တွေ့ကြပါလိမ့်မယ်။ ဒါကြောင့် ဆွီဒင်နဲ့ နယ်သာလန်အသင်းတို့ရဲ့ ခြေစွမ်းက ဘယ်လိုရှိပါသလဲ ဆိုတာ ကိုယဉ်ထွေးက အခုလို ပြောပြပါတယ်။

“နယ်သာလန်နဲ့လည်း ကြည့်ခဲ့ဖူးတယ်။ ဆွီဒင်နဲ့ကစားတာကိုလည်း ကျနော် ကြည့်ခဲ့တယ်။ ဆွီဒင်နဲ့ USA နဲ့လည်း အုပ်စုပွဲမှာ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အုပ်စုမှာလည်း ဆွီဒင်က အသာနဲ့ကစားပေမယ့် USA က နိုင်သွားတယ်ပေါ့။ ဒါပေမယ့် အခု နယ်သာလန်နဲ့ ဆွီဒင်ကိုကြည့်မယ်ဆိုရင် ကျနော်ကြိုက်တဲ့အသင်းက ဆွီဒင်ကို ကျနော် ပိုကြိုက်တယ်။ တွန်းတွန်းတိုက်တိုက်လည်း ကစားနိုင်တဲ့ အင်အားတွေ ရှိတယ်။ နောက် တယောက်ချင်းရဲ့အားတွေမှာလည်း ဆွီဒင်က နည်းနည်းလေးသာတယ်။ ဆိုတော့- အုပ်စုမှာတွေ့တဲ့ အသင်းပဲပြန်တွေ့နိုင်တယ်လို့ ကျနော် မျှော်လင့်တယ်ပေါ့ဗျာ။ မနက်ဖြန်ကစားလို့ရှိရင် ဆွီဒင်က နည်းနည်းလေး သာတယ်လို့ တွက်ကြည့်တာပေါ့လေ။ --ဆိုတော့ ဖိုင်နယ်မှာ တွေ့နိုင်ရင် US နဲ့ ဆွီဒင်နဲ့ပြန်တွေ့မယ်လို့လည်း မျှော်လင့်တယ်ပေါ့လေ။”

အမေရိကန်အသင်းနဲ့ တွေ့သမျှ ဘောလုံးအသင်းတိုင်းဟာ မီးကုန်ယမ်းကုန် ကစားခဲ့ကြကြောင်းကိုလည်း သူက အခုလို ပြောပါတယ်။

“အခု World Number 1 မှာ ဖြစ်နေတာက US ဖြစ်နေတယ်။ US နဲ့တွေ့တဲ့အသင်းတိုင်းက မီးကုန် ယမ်းကုန် ကစားကြတယ်။ ဘာကြောင့်လဲဆိုတော့ US ဆိုရင် အတော်များများကို ဘောလုံးအားကစားနည်းနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးနည်းနဲ့ပြောမလား၊ အသင်းအတော်များများက အသေအလဲကို ကစားကြတာ။ ဆိုတော့ ဆွီဒင်ကလည်း ကစားမှာပဲ။ အုပ်စုပွဲတုန်းကလည်း ဆွီဒင်နဲ့ကစားခဲ့တာ အတွေ့ရှိတဲ့အခါကျတော့ ဆွီဒင်က အသာနဲ့ကစားခဲ့ရတာ။ မထင်မှတ်ဘဲသာ ရှုံးသွားတာ။ အမှန်တကယ်သာတာက ဆွီဒင်သာတယ်။ အခု ကျနော် တောက်လျှောက်ကြည့်လာတဲ့ ပွဲတွေ ပွဲတွေမှာ ပြင်သစ်နဲ့ ကွာတားဖိုင်နယ်ကစားလည်း ပြင်သစ်က သာတယ်။

ဆီမီးဖိုင်နယ်ကစားတယ်၊ အင်္ဂလန်က သာတယ်။ ဒါပေမယ့် ကျနော့်အမြင်မှာသာတာက အင်္ဂလန်ကစားကွက်ကလည်းသာတယ်။ ပြင်သစ်ကစားကွက်ကလည်းသာတယ်။ နောက်တခုကလည်း အင်္ဂလန်ကလည်း တဂိုးရှုံးထားပေမယ့်လည်း သူတို့ သရေပြန်ကျဖို့ ကစားတဲ့အခါကျတော့ မထင်မှတ်တဲ့လွဲချော်မှုလေးတွေ ရှိမှာပေါ့နော်။ လူတိုင်းမှာတော့ နည်းနည်းလေး လောဘဇောတိုက်နေတဲ့အခါကျတော့ မှားသွားတာတွေလည်းရှိမယ်။ ဒါပေမယ့်လည်း US ကို ဒုတိယဂိုး၊ သရေဂိုးသွင်းမယ်လို့ လုပ်တဲ့ဂိုးကလည်း မထင်မှတ်ဘဲ လူကျွံဘောဖြစ်နေလို့ မပေးဘူး၊ ပယ်နယ်တီရတယ်၊ ပယ်နယ်တီကလည်း မသွင်းနိုင်ခဲ့ဘူး။ အဲဒါသာ သွင်းနိုင်တယ်၊ ဝင်သွားတယ်ဆိုရင်တော့ US က တတိယနေရာ လုပွဲကိုပဲ လုပ်ရမှာလေ။ ဒါပေမယ့်လည်း နောက်တန်းတွေကစားတာကောင်းတယ်။ ဂိုးသမားလေးတွေ save လုပ်နိုင်တယ်။ ဒါပေမယ့် ပယ်နယ်တီကို ဖမ်းသွားနိုင်တယ်ဆိုတာ၊ ကာသွားနိုင်တယ်ဆိုတာ နည်းနည်းနောနောအဆင့်အတန်းတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါဟာ သူ့ရဲ့ record တခုပဲပေ့ါနော်။”

အင်္ဂလန်နဲ့ အမေရိကန်အသင်းတို့ဟာ ၂၀၀၇ ခုနှစ်က ကွာတားဖိုင်နယ်မှာ တကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲဒီအချိန်တုန်းကလည်း အမေရိကန်က အင်္ဂလန် အမျိုးသမီးအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ကန်အမျိုးသမီး ဘောလုံးအသင်း ကမ္ဘာ့ဖလား ဖိုင်နယ်တက်