အမေရိကန်အပေါ် Russia ဆိုင်ဘာတိုက်ခိုက်ရန် ကြီးမား

အမေရိကန်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး James Clapper၊ ကို လွှတ်တော်ကြားနာပွဲတွင်တွေ့ရစဉ်

Russia နိုင်ငံရဲ့ ဆိုင်ဘာတိုက်ခိုက်မှုဟာ အမေရိကန်အတွက် ကြီးမားတဲ့ရန်တခုဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတွေက ကြာသပတေးနေ့က လွှတ်တော်ကြားနာပွဲမှာ ပြောကြားခဲ့ကြပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲရလာဒ်တွေ အပြောင်းအလဲဖြစ်အောင် Russia တို့က အင်တာနက်ကနေ ကြားဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို သမ္မတသစ်ဖြစ်လာတော့မယ့် Donald Trump က သံသယရှိနေချိန်မှာ၊ ရွေးကောက်ပွဲကာလအတွင်း Russia ကနည်းမျိုးစုံနဲ့ နှောင့်ယှက်တိုက်ခိုက်ခဲ့တယ်လို့ ထောက်လှမ်းရေးအကြီးအကဲတွေက ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီး တင်ပြပါမယ်။

အမေရိကန်အစိုးရ၊ စစ်တပ်၊ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေအပြင် အမေရိကန်ရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေအတွက် Russia ဟာ အဓိကခြိမ်းခြောက်မှုဖြစ်သလို ဆက်လက်ကြီးမားနေတဲ့ ရန်တခုလည်းဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေး ထိပ်တန်းအရာရှိကြီးတွေက ပြောကြားခဲ့ကြပါတယ်။ အထက်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မတီမှာ ကြာသပတေးနေ့ကလုပ်တဲ့ကြားနာပွဲမှာ အမေရိကန်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး James Clapper၊ အမေရိကန်နိုင်ငံတော်လုံခြုံရေးအေဂျင်စီ ညွှန်ကြားရေးမှူး Mike Rogers နဲ့ ကာကွယ်ရေးဌာနရဲ့ ထောက်လှမ်းရေးဆိုင်ရာ လက်ထောက် ဒုတိယဝန်ကြီး Marcel Lettre တို့က လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားစဉ်မှာ ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။ Russia နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအပေါ် ဘက်ပေါင်းစုံကနေ Online တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့ ထောက်လှမ်းရေးညွှန်မှူး James Clapper ကခုလိုပြောပါတယ်။

“ဘက်ပေါင်းစုံကနေလုပ်တဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ အင်တာနက်ကတဆင့် ကြားဝင်ထိုးဖောက်တိုက်ခိုက်တာက အဲဒီထဲမှာပါတဲ့ နည်းတခုသာဖြစ်ပါတယ်။ ရှေးရိုးနည်းနဲ့ ဝါဒဖြန့်မှုတွေလုပ်တယ်၊ မမှန်သတင်း တမင်ဖန်တီးတယ်။ သတင်းမှား သတင်းအတုအယောင်တွေလည်း ဖြန့်ပါတယ်။”

ခုလို Cyber တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ Russia အစိုးရထဲက အဆင့်မြင့်တာဝန်ရှိသူမျိုးမှသာ အမိန့်ပေးနိုင်မှာဖြစ်သလို သမ္မတ Vladimir Putin အနေနဲ့လည်း မသိစရာ အကြောင်းမရှိဘူးလို့ Mr. Clapper ကပြောပါတယ်။ ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ Russia က ဝင်ရောက်နှောင့်ယှက်ခဲ့သလားဆိုတာကို ဒီကြားနာပွဲမှာ အဓိကအာရုံစိုက် မေးမြန်း ဖြေကြားခဲ့ကြပါတယ်။ အမေရိကန်ရွေးကောက်ပွဲကာလအတွင်း Russia ကအင်တာနက် Online ကနေကြားဝင် ထိုးဖောက်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ပြောကြားချက်တွေအပေါ် သမ္မတသစ်ဖြစ်လာတော့မယ့် Donlad Trump က သံသယရှိနေပုံရပါတယ်။ ဒါကို ထောက်လှမ်းရေးအရာရှိကြီးတွေဖက်က လက်မခံပါဘူး။ အမေရိကန်အပေါ် ဆိုင်ဘာတိုက်ခိုက်မှုလုပ်နိုင်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံပေါင်း ၃၀ ထက်မနည်းရှိပြီး Russia အပါအဝင် အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့ Online ပေါ်ကနေ တိုက်ခိုက်နိုင်စွမ်း တိုးမြင့်အောင်ကြိုးစားနေကြတယ်လို့ဆိုပါတယ်။

“အင်တာနက်ကနေ ကြားဝင်ထိုးဖောက် ထောက်လှမ်းတိုက်ခိုက်မှုတွေကို Russia နိုင်ငံက ပိုပြီး ရဲရဲတင်းတင်း လုပ်လာနေပါတယ်။ အဲဒီလို Online ကနေ ခိုးယူရတဲ့ အချက်အလက်တွေကို ဖောက်ချတယ်။ အရေးပါတဲ့ အခြေခံအဆောက်အအုံစနစ်တွေကို ပြစ်မှတ်ထားပြီး Cyber တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ အမေရိကန်အစိုးရ၊ အမေရိကန်ကုမ္ပဏီတွေနဲ့ အမေရိကန်မဟာမိတ်တွေအပေါ် အင်တာနက်ပေါ်ကတဆင့် ထောက်လှမ်းမှုတွေကို တရုတ်ကလဲ ဆက်ပြီး လုပ်နေပါတယ်။”

ကြာသပတေးနေ့အစောပိုင်းကလုပ်ခဲ့တဲ့ အထက်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင်ရာကော်မတီကြားနာပွဲမှာ ဆိုင်ဘာတိုက်ခိုက်တဲ့နည်းကို သုံးနေကြတဲ့ထဲမှာ IS လိုစစ်သွေးကြွအဖွဲ့တွေလည်း ပါဝင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး James Clapper ကခုလို ပြောကြားပါတယ်။

“အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကလဲ သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအောင်မြင်အောင် အင်တာနက်ကွန်ယက်တွေကတဆင့် နှောင့်ယှက်တာမျိုး ဒါမှမဟုတ် ပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေနိုင်တဲ့ Cyber တိုက်ခိုက်မှုလုပ်နိုင်စွမ်းပိုရှိအောင် ဆက်လုပ်နေကြပါတယ်။ အစိုးရတွေမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းလိုအဖွဲ့တွေ၊ အထူးသဖြင့် IS စစ်သွေးကြွအဖွဲ့ကလည်း အင်တာနက်ကို အသုံးချပြီး စီစဉ်မှုတွေ၊ စည်းရုံးလူစုမှုတွေ၊ ဝါဒဖြန့်မှုတွေ၊ ရန်ပုံငွေရှာတာတွေ၊ သတင်းစုဆောင်း ထောက်လှမ်းမှုတွေအပြင် သူတို့နောက်လိုက်တွေအားကျစေမယ့်ဆောင်ရွက်မှုတွေ၊ ချိတ်ဆက်လုပ်ငန်းတွေကို အင်တာနက်ပေါ်ကတဆင့် လုပ်နေကြပါတယ်။”

အမေရိကန်ရွေးကောက်ပွဲမှာ Russia နိုင်ငံအပါအဝင် ပြည်ပကနေ Online တိုက်ခိုက်မှုတွေလုပ်ပြီးကြားဝင်နှောင့်ယှက်ခဲ့နဲ့ပါတ်သက်လို့ ထောက်လှမ်းရေးအဖွဲ့တွေက ထောက်လှမ်းသိရှိထားတဲ့ လှို့ဝှက်အဆင့်မဟုတ်တဲ့ အချက်အလက်တွေကို ရှေ့သီတင်းပါတ်အစောပိုင်းမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာအသေးစိတ်ကို သမ္မတအိုဘားမားကို ကြာသပတေးနေ့မှာပဲ တင်ပြထားပါတယ်။ ခုလို အမေရိကန်အပေါ် Online ပေါ်ကနေ တိုက်ခိုက်မှုနဲ့ အမေရိကန်သံတမန်တွေကို အနှောင့်အယှက်ပေးမှုတွေအပေါ် သမ္မတအိုဘားမား အစိုးရက ဘယ်လိုတုံ့ပြန်ကိုင်တွယ်ခဲ့သလဲဆိုနဲ့ ပါတ်သက်လို့လည်း ကြာသပတေးနေ့ နေ့လည်ပိုင်းက အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ တံခါးပိတ်ကြားနာပွဲလုပ်ခဲ့ပါတယ်။ အဲဒီကြားနာပွဲမှာလည်း အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ အမိမြေလုံခြုံရေးဆိုင်ရာဌာနက တာဝန်ရှိသူတွေက လွှတ်တော်အမတ်တွေရဲ့အမေးကို ဖြေကြားခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အမေရိကန်အပေါ် Russia ဆိုင်ဘာတိုက်ခိုက်ရန် ကြီးမား