တလအတွင်း ဒုတိယအကြိမ် အရှေ့အလယ်ပိုင်းဒေသမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသထဲက အရပ်သားတွေ မထိခိုက်အောင် ကာကွယ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က အဖြစ်မျိုးထပ်မဖြစ်အောင် အစ္စရေးတို့ ကာကွယ်တဲ့နေရာမှာ ဘယ်လိုပုံစံ ကာကွယ်သလဲဆိုတာ အရေးကြီးတယ်လို့ ဝန်ကြီး Blinken က အစ္စရေးသမ္မတ Isaac Herzog တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဟာမတ်စ်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ကြားညပ်နေတဲ့အရပ်သားတွေကို ကာကွယ်ဖို့ သိပ်အရေးကြီးကြောင်း၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ လုံးဝမဆိုင်တဲ့အရပ်သားတွေ၊ အကူအညီ အလွန်အမင်းလိုအပ်နေသူတွေကို အတတ်နိုင်ဆုံး ကာကွယ် ကူညီဖို့ အရေးကြီးကြောင်း၊ ဝန်ကြီး Blinken က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဟာမတ်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုမှာ အစ္စရေး ၁၄၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ၂၀၀ ကျော်လည်း ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရပါတယ်။ အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့က ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကို အမြစ်ဖြတ်တိုက်ခိုက်မယ်လို့ ကြေညာပြီး ဂါဇာဒေသထဲက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်နေပါတယ်။
အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ အလွန်လိုအပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်ဖို့ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေက တောင်းဆိုနေကြပါတယ်။ အမေရိကန်အစိုးရကတော့ လုံးဝအပစ်အခတ်ရပ်စဲတာမျိုးမဟုတ်ဘဲ၊ အကူအညီ ပို့ပေးမယ့်နေရာတွေမှာ ယာယီအပစ်အခတ်ရပ်ဖို့ တောင်းဆိုထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့လည်း ဒီနေ့ အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။
Your browser doesn’t support HTML5