မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုတွေအတွက် လုံခြုံရေးကောင်စီ အရေးယူနိုင်ရေး ကန်ကြိုးစားနေ

ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ တွေ့ရတဲ့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)

မြောက်ကိုရီးယားအပေါ် အရေးယူနိုင်ရေး အရင်က ကြိုးပမ်းမှုတွေကို ရုရှားနဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပေမဲ့လည်း နောက်ဆုံး မစ်ဇိုင်းဒုံးကျည်ပစ်ခတ်ခဲ့တဲ့ ကိစ္စမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က တညီတညွတ်တည်း တုံ့ပြန်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း ကုလသဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မနေ့က လုံခြုံရေးကောင်စီမှာ ပြောဆိုသွားပါတယ်။

"ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ မသိကျိုးကျွံ ရှောင်လွဲလို့ မရပါဘူး။ မြောက်ကိုရီးယား ချိုးဖေါက်နေတာတွေဟာ ကျွန်မတို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ပါ။ ဒီလုံခြုံရေးကောင်စီက တိုက်ရိုက်ချမှတ်ခဲ့တာပါ။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အရင်က မကြုံဖူးတဲ့ မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေ ကြုံခဲ့ရပေမယ့် မြောက်ကိုရီးယားဘက်က မရေမတွက်နိုငအောင် ချိုးဖေါက်ခဲ့ပေမယ့် အမြတမ်း အဖွဲ့ဝင် နိုင်ငံ ၂ နိုင်ငံက တိတ်ဆိတ် နှုတ်ပိတ်နေခဲ့ပါတယ်" ဆိုပြီး သံအမတ်ကြီး Linda Thomas-Greenfield က ပြောဆိုသွားတာပါ။ ဒီလို အရေးကြီးတဲ့ ကိစ္စကို နှုတ်ပိတ်နေတာဟာ ကျိုးကြောင်း မသင့်လျော်တဲ့ကိစ္စလို့လည်း သူက သုံးနှုန်းသွားပါတယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ မြောက်ကိုရီးယားက ပဲ့ထိန်းသုံးဒုံးကျည် သုံးစင်း ပစ်ခတ်ခဲ့ပြီး ဒါဟာ ဒီနှစ်အတွင်း တတိယအကြိမ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း ICBM တိုက်ချင်းပစ်ပဲ့ထိမ်းသုံး ဒုံးကျည် ကိုးကြိမ်မြောက် ပစ်ခတ်ခဲ့တာကိုလည်း သံအမတ်ကြီး Greenfield က ပြောဆိုသွားပါတယ်။ တနင်္လာနေ့က လုံခြုံရေးကောင်စီအစည်းအဝေးအပြီးမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်င်ငံထဲက ၈ နိုင်ငံနဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး မြောက်ကိုရီးယားရဲ့ နောက်ဆုံး မစ်ဇိုင်းဒုံးကျည် ပစ်ခတ်တာကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က ဆုံးဖြတ်ချက်တဲ့ တဆင့်နိမ့်ပေမယ့် အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်းထောက်ခံဖို့လိုတဲ့ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြေညာချက် ထွက်လာဖို့ တိုက်တွန်းနေတာပါ။ မေလတုန်းကတော့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်ရေး အမေရိကန်ပြည်ထောင်စု ထောက်ခံအဆိုပြုထားတဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှား နှစ်နိုင်ငံက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုတွေအတွက် လုံခြုံရေးကောင်စီ အရေးယူနိုင်ရေး ကန်ကြိုးစားနေ

[Unicode]




