ရုရှား နဲ့ နျူးကလီးယားဆွေးနွေးပွဲ တရုတ်ပါဝင်ဖို့ ကန် တိုက်တွန်း

ရုရှားနိုင်ငံနဲ့ နျူကလီးယားလက်နက်အရေး ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံပါ ပူးပေါင်းပါဝင်ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ ဆွေးနွေးမှုတွေမှာ အမေရိကန်နဲ့ ရုရှားသာမက တရုတ်နိုင်ငံလည်း ပါဝင်သင့်တယ်လို့ ယုံကြည်ထားကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien ကပြောဆိုလိုက်တာပါ။

နျူကလီးယား လက်နက်တွေရဲ့ ခြိမ်းခြောက်မှုတွေ လျှော့ချနိုင်ရေး အမေရိကန်အစိုးရ တာဝန်ရှိသူတွေ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို သွားရောက်မှာ ဖြစ်ကြောင်းလည်း နိုင်ငံတကာ သံတမန် ၅၀ လောက်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ လက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်က တနိုင်ငံချင်း ဆွေးနွေးနေတဲ့ခေတ် ကုန်ပြီဖြစ်ကြောင်းလည်း သမ္မတ Trump ရဲ့ နိုင်ငံခြားရေးရာ မူဝါဒကို အလေးထား ပြောကြားခဲ့တာပါ။

နျူကလီးယားလက်နက် လျှော့ချရေး စာချုပ်သစ်တရပ် ရေးဆွဲနိုင်ဖို့ ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေးခဲ့ကြောင်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ သမ္မတ Trump ကပြောဆိုထားပြီး၊ တရုတ်နိုင်ငံလည်း ပါဝင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ ပါဝင်ဖို့ လက်မခံသေးပါဘူး။ လက်နက်လျှော့ချရေး ၃ နိုင်ငံ ဆွေးနွေးဖြစ်မယ်ဆိုရင် ပါဝင်မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ပြီးခဲ့တဲ့လထဲမှာပဲ ပြောဆိုထားပေမဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ပြောင်းလဲအောင် ဖိအားပေးမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

လက်နက်လျှော့ချရေးမှာ တရုတ်နိုင်ငံ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်နေတဲ့ တချိန်တည်းမှာပဲ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာဒေသမှာ တရုတ်နိုင်ငံက စစ်အင်အား တည်ဆောက်နေတဲ့အပေါ် အမေရိကန်က စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေတာပါ။ သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် O’Brien ကတော့ ရုရှားနိုင်ငံက စစ်ရေးမှာ ပိုမိုအကုန်အကျခံသုံးစွဲနေတာတွေ၊ ယူကရိန်း၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတွေမှာ စစ်ရေးအရ ဆက်လက် ပတ်သက်နေတာတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5

ရုရှား နဲ့ နျူကလီးယားဆွေးနွေးပွဲ တရုတ်ပါဝင်ဖို့ ကန် တိုက်တွန်း

( Unicode)




