မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)

မြန်မာနိုင်ငံက နိုင်ငံပိုင် ဘဏ်လုပ်ငန်း ၂ ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တွေနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာနကို အရေးယူဒဏ်ခတ်မယ့် စာရင်းထဲမှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

စစ်ကောင်စီ ပြောခွင့်ရဘက်ကတော့ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်ကို မစိုးရိမ်တဲ့အကြောင်း တရားဝင် ကြေညာချက် ထွက်မလာခင်ကတည်းက ပြောဆိုထားပါတယ်။ တချိန်တည်းမှာ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံရပေမဲ့ မစိုးရိမ်ကြဖို့ အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အရင်က ကြုံခဲ့ပေမဲ့ နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးရပ်တန့်မှု မရှိဘဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားသုံးငွေ လွှဲပြောင်းတာ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေနဲ့ လစာလွှဲပြောင်းပေးတာတွေကို အဆင်ပြေအောင် ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။

နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူပုဂ္ဂိုလ် ၈၀ လောက်နဲ့ လုပ်ငန်း ၃၀ လောက်အပေါ် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ထားပြီး ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေးအရ ပတ်သက်သူတွေကို ပစ်မှတ်ထားအရေးယူတာဖြစ်ပြီး ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခကို ပိုပြီး ဆိုးဝါးနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ အမေရိကန်လွှတ်တော်က ပြဌာန်းထားတဲ့ BURMA Act ဥပဒေ အကောင်အထည်ဖေါ်မှု အခြေအနေကို ပြန်လည်သုံးသပ်တဲ့ ကြားနာပွဲတရပ် မနက်ဖြန် ကြာသပတေးနေ့ အမေရိကန် အောက်လွှတ်တော် Tom Lantos လူ့အခွင့်အရေးကော်မရှင်မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်