အမေရိကန်အစိုးရ အရေးယူ ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့ ဆက်လက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရေးယူမယ်လို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့က အရေးယူဒဏ်ခတ်ခဲ့တဲ့ချိန်မှာ အဲဒီဘဏ် ၂ ခုနဲ့ ချိတ်ဆက်လုပ်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ငွေအသွင်းအထုတ်ကို စနစ်တကျ ရပ်လိုက်နိုင်အောင် အမေရိကန်ဘဏ္ဏာရေးဌာနက သတ်မှတ်ချိန်ပေးခဲ့ပါတယ်။
အဲဒီသတ်မှတ်ချိန်ဟာ ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်အစိုး ဒဏ်ခတ်ထားတဲ့ ဘဏ်တွေနဲ့ ငွေအသွင်းအထုတ် ဆက်လုပ်နေသလားဆိုတာကို အသေအချာ ဆက်လက် စောင့်ကြည့်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ဩဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန်အစိုးရရဲ့ မူဝါဒ၊ အရေးယူမှု ပိတ်ဆို့မှုတွေကို ဆန့်ကျင်ချိုးဖောက်လိုတဲ့ ရည်ရွယ်ဆောင်ရွက်မှုတွေကို လိုအပ်သလို အရေးယူသွားမယ်လို့ ကြေညာချက်မှာ သတိပေးထားပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေးသုံးစွဲမှု အဆင်ပြေချောမွေ့အောင် MFTB နှင့် MICB ဘဏ်တွေက အဓိကဆောင်ရွက်ပေးခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးအဖွဲ့ OFAC က ဒီဘဏ်နှစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဇွန်လ ၂၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
မြန်မာပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မယိမ်းမယိုင် ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
နိုင်ငံတကာ ဘဏ္ဏာရေးစနစ်ကို စစ်ကောင်စီ အသုံးချလို့ မရအောင် အမေရိကန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။