ယူကရိန်းထောက်ပံ့ငွေ အမြန်ဆုံးအတည်ပြုဖို့ လွှတ်တော်ကို အိမ်ဖြူတော်တောင်းဆို

National Security Council Coordinator for Strategic Communications John Kirby speaks during the daily briefing in the Brady Briefing Room of the White House in Washington, DC, on November 30, 2023. (Photo by ANDREW CABALLERO-REYNOLDS / AFP)

အမေရိကန် အောက်လွတ်တော်အနေနဲ့ ယူကရိန်းအတွက် ထောက်ပံ့ရေးအကူအညီကို အခုလမကုန်ခင်မှာ အမြန်ဆုံး အတည်ပြုပေးဖို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က တောင်းဆိုလိုက်ပါတယ်။ အခုလကုန် နောက်ပိုင်းမှဆိုရင် ယူကရိန်းကို အကူအညီပေးဖို့ ပိုပြီးခက်ခဲသွားစေမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ပေးနေတဲ့ကူညီတွေ ရပ်တံ့မသွားအောင် အမြန်ဆုံး ကူညီထောက်ပံ့ပေးဖို့ လိုတယ်လို့ မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူက အဲဒီလို ပြောကြားခဲ့တာပါ။

ယူကရိန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ လောင်စာစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးတွေကို မနှစ်ကလိုဘဲ အခု ဆောင်းရာသီကာလမှာ ရုရှားတို့က တိုက်ခိုက်ဖျက်ဆီးနိုင်ခြေရှိတယ်လို့ အမေရိကန်က ယုံကြည်ထားကြောင်းလည်း John Kirby က ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ - ရုရှားနဲ့စစ်ပွဲမှာ လာမယ့်နှစ်အတွင်း တိကျခိုင်မာတဲ့ အဖြေတခုရနိုင်အောင် မနေ့က စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တပ်ဖွဲ့တွေ အလျင်အမြန် ပြောင်းရွေ့ရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်မှုရှိရေးကိစ္စကိုလည်း မနေ့က တိုင်းပြည်ကို ပြောကြားတဲ့ နေ့စဉ် မိန့်ခွန်းထဲမှာ သမ္မတ Zelenskyy က ထည့်သွင်း ပြောကြားခဲ့ပါတယ်။