အမေရိကန်၊ ရုရှား ထိပ်သီးအစည်းအဝေးပွဲ ဇူလိုင် ၁၆၊ ဖင်လန်မှာ ကျင်းပမည်

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ဟာ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဖင်လန်နိုင်ငံ၊ Helsinki မြို့မှာ ပထမဆုံးအကြိမ် တရားဝင် ထိပ်သီးစည်းဝေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး John Bolton သမ္မတ ပူတင်အပါအဝင် ရုရှားအရာရှိကြီးတွေနဲ့ မော်စကိုမြို့တော်မှာ တွေ့ဆုံပြီး နောက်တနေ့မှာ ထိပ်သီး စည်းဝေးပွဲ ကျင်းပမယ့်အကြောင်း ၂ ဘက် အစိုးရက သတင်းထုတ်ပြန်လိုက်တာပါ။

သမ္မတ ပူတင်နဲ့ တွေ့ဆုံရေး ရုရှားအာဏာပိုင်တွေနဲ့ သွားဆွေးနွေးဖို့ သူ့ကို သမ္မတ Trump က စေလွတ်ခဲ့ခြင်းဖြစ်ကြောင်း Mr. Bolton က မော်စကိုမြို့မှာ ဗုဒ္ဓဟူးနေ့က နိုင်ငံတကာ သတင်းထောက်တွေနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

နှစ်နိုင်ငံအကြား မတူညီမှုတွေ ရှိနေပေမယ့်လည်း သမ္မတ Trump နဲ့ သမ္မတ Putin တို့ ၂ ဦးအကြား ဆွေးနွေးစရာ အကြောင်းအရာ အများအပြားရှိနေကြောင်း၊ ဒီလို တွေ့ဆုံမယ့် အစီအစဉ်ဟာ မကောင်းပါဘူးလို့ တစုံတယောက်က ပြောတာကို သူ့အနေနဲ့ ကြားလိုကြောင်းလည်း သူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

သမ္မတ Trump နဲ့ သမ္မတ ပူတင်တို့ ၂ ဦးဟာ နိုင်ငံတကာ ထိပ်သီးစည်းဝေးပွဲတွေရဲ့ ပြင်ပမှာ ၂ ကြိမ် တွေ့ဆုံခဲ့ဘူးပြီး တယ်လီဖုန်းနဲ့လည်း အကြိမ်ကြိမ် ပြောဆိုခဲ့ကြပြီး ဖြစ်ပါတယ်။

ရုရှားအစိုးရက ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ခဲ့မှု၊ ဆီးရီးယားအရေးကိစ္စမှာ ပါဝင် စွက်ဖက်နေမှု၊ ဗြိတိန်မှာရှိနေတဲ့ ရုရှား ထောက်လှမ်းရေးဟောင်းတွေကို အဆိပ်ခတ် သတ်ဖြတ်ရန် ကြံစည်မှု တွေကြောင့် ၂ နိုင်ငံ ဆက်ဆံရေး မပြေမလည် ဖြစ်နေခဲ့တာပါ။