ကန်နဲ့ စစ်ရေး သဘောတူညီချက် ဖိလစ်ပိုင် တရားရုံးချုပ် ထောက်ခံ

အမေရိကန်တပ် နဲ့ ဖိလစ်ပိုင်တပ်တို့ စစ်ရေးလေ့ကျင့်နေစဉ်

ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ကာကွယ်ရေး သဘောတူညီမှုရယူထားတာကို တရားရုံးချုပ်က ထောက်ခံသွားပါတယ်။

အမျိုးသားလုံခြုံရေး၊ ပင်လယ်ရေကြောင်း နဲ့ ဘေးအန္တရာယ် တန်ပြန် ကိုင်တွယ်ရေးတွေ အတွက် အမေရိကန်တပ်ဖွဲ့တွေ ကျွန်းတွေပေါ်မှာ ပစ္စည်း ကိရိယာတွေ သိုလှောင်ခွင့်ပြုတဲ့ “ ပိုကောင်းမွန်တဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွတ်မှု သဘောတူညီချက်” ကို ဖိလစ်ပိုင် သမ္မတ Benigno Aquino အစိုးရအဖွဲ့နဲ့ အမေရိကန် ကာကွယ်ရေး အရာရှိတွေ ၂၀၁၄ မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဒီ သဘောတူညီချက်နဲ့ပတ်သက်လို့ ဖိလစ်ပို်င်မြေပေါ် အမေရိကန် စစ်တပ်ရှိနေတာကို အစဉ်ကန့်ကွက်နေတဲ့ အုပ်စုတွေရဲ့ တရားရေးအရ စိန်ခေါ် မှုတွေ ရှိခဲ့ပါတယ်။ တရားရုံးချုပ်ကတော့ ဒီသဘောတူညီချက်ဟာ လွှတ်တော်ရဲ့ ခွင့်ပြုချက်မလိုဘူး၊ သမ္မတ အမိန့်နဲ့ သဘောတူညီချက်အရ တည်ဆဲ ဥပဒေတွေနဲ့ နိုင်ငံတကာစာချုပ်တွေကို အကောင်အထည် ဖော်တာပဲဖြစ်တယ်ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာ ၁၀ မဲ ၄ မဲ နဲ့ မဲခွဲဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးချုပ် ပြောရေးဆိုခွင့် ရှိသူ Theodore Te က ပြောပါတယ်။

သဘာဝသံယံဇာတ ပေါကြွယ်တဲ့ တောင်တရုတ်ပင်လယ်မှာတရုတ်ဘက်က ပိုင်နက်ရယူမှုနဲ့ ပတ်သတ်လို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနေတာကို ချိန်ခွင်လျှာမျှဖို့အတွက် ဖိလစ်ပိုင်ရဲ့ စစ်ရေးစွမ်းအင်မြှင့်တင်ဖို့ရယ်ရွယ်ပြီး သမ္မတAquino ဒီသဘောတူညီမှုကို ရယူခဲ့တာပါ။

တရုတ်အပြင် ဖိလစ်ပိုင်၊ Vietnam, Taiwan, Malaysia နဲ့ Brunei နိုင်ငံတို့လည်း တာင်တရုတ်ပင်လယ်မှာ ရေပြင်ပိုင်နက် ကိစ္စ အငြင်းပွားနေကြတာဖြစ်ပါတယ်။ ဒီသဘောတူညီမှုဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှပိစိဖိတ် ဒေသကို ပြန်ပြီး အာရုံစိုက်ဖို့ လုပ်ဆောင်တဲ့ သမ္မတ Barack Obama မဟာဗျူဟာရဲ့ တစိတ်တဒေသဖြစ်ပါတယ်။