ဖိလစ်ပိုင်နိုင်ငံရဲ့ စစ်စခန်းသစ် ၄ ခုကို အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခွင့် အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား သဘောတူညီချက် ရခဲ့တဲ့အကြောင်း ဒီကနေ့ နှစ်နိုင်ငံလုံးက ကြေညာပါတယ်။ နိုင်ငံတွင်းက မဟာဗျူဟာကျတဲ့ နေရာတွေဖြစ်တယ်လို့ ပြောပေမဲ့၊ ဘယ် စစ်စခန်းတွေလည်း ဆိုတဲ့ အသေးစိတ်ကိုတော့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။
အခု သဘောတူညီချက်သစ်ဟာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက် တစိတ်တပိုင်း ဖြစ်ပြီး လက်ရှိ အသုံးပြုခွင့်ရပြီးသား ဖိလစ်ပိုင် စစ်စခန်း ၅ ခုလည်း ဒီအထဲမှာ ပါ ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား အပြန်အလှန်ကာကွယ်ရေးအတွက် ပိုမိုခိုင်မာအောင် ထပ်မံသဘောတူညီခဲ့တယ်လို့ မနီလာမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ အနောက်ဖိလစ်ပိုင်ပင်လယ်ထဲမှာ ၂ နိုင်ငံတပ်ဖွဲ့တွေ၊ ပုဂ္ဂလိကသင်္ဘောတွေ၊ လေယာဉ်တွေ အပေါ်တိုက်ခိုက်လာမှု မှန်သမှန်ကို တုံ့ပြန်ကာကွယ်သွားဖို့နဲ့ ၂ နိုင်ငံကာကွယ်ရေး သဘောတူညီမှုတွေကို ထပ်မံခိုင်မာအောင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနဲ့ ဒီနေ့ သင်္ဘောတူလိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့တာပါ။ အနောက်ဖိလစ်ပိုင်ပင်လယ်ထဲမှာ တရုတ်နိုင်ငံက ပိုင်နက်နယ်နိမိတ်ချဲ့ထွင်လာနေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ခေတ်မှီအောင်လုပ်ထားဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားသွားခဲ့ပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်က စစ်ရေးအရ ခြိမ်းခြောက်မှုတွေ တိုးလုပ်လာနေပြီး တောင်တရုတ် ပင်လယ်ပြင်မှာလည်း ရန်လိုမှုတွေ ရှိနေတာကြောင့် နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်း တုံ့ပြန်ဖို့ ကြိုးစားနေချိန်မှာ ခုလို သဘောတူညီချက်သစ် ချမှတ်လိုက်တာပါ။ အမေရိကန်ရဲ့ ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးကို နည်းလမ်းစုံသုံးပြီး ပိုမို ခိုင်မာ အားကောင်းလာအောင် လုပ်သွားဖို့နဲ့ ဖိလစ်ပိုင်ရဲ့ စစ်ရေးစွမ်းအင်ကို တိုးမြှင့်နိုင်ဖို့အတွက်ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့တွေ့ဆုံစဉ်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတကတော့ အာရှပစိတ်ဖိဒေသအတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား မိတ်ဘက်ဆက်ဆံရေးဟာ အင်မတန် ခိုင်မာ အားကောင်းတာနဲ့အမျှ ဒီဒေသတွေရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ပူးပေါင်းပါဝင်မှုက အမြဲတမ်း လိုအပ်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။
[Unicode]