မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းအဆင့် ဆွေးနွေးပွဲတွေ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပြန်စတင်တော့မှာပါ။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာကို တခါပြန်ပြီး ကြိုးပမ်းဖို့ ခေါင်းဆောင်နှစ်ဦးတို့ ဇွန်လမှာ သဘောတူညီခဲ့ပြီးတဲ့နောက် ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ခုလို တရားဝင် ပြန်စတင်လိုက်တာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေ အဆုံးသတ်ရေး လုပ်ငန်းအဆင့်အတိုင်း အရေးယူဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးမယ်ဆိုတဲ့ ကိစ္စမှာ သဘောတူညီမှု မရတာကြောင့် အရင်က ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရတာပါ။
အမေရိကန် ကိုယ်စားလှယ်တွေလည်း အကြံဉာဏ်ကောင်းတွေနဲ့ စတော့ဟုမ်းမြို့ကို ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် ဒီဆွေးနွေးညှိနှိုင်းပွဲကနေ တိုးတက်မှုတွေရလာဖို့ မျှော်လင့်ပါတယ်လို့လည်း ဥရောပခရီးစဉ်နဲ့ ဂရိနိုင်ငံကိုရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။
လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအရ သဘောတူညီမှုရဖို့ နှစ်ဦးနှစ်ဖက် လိုလားတာကို တွေ့ရပေမယ့်လည်း နှစ်နိုင်ငံ ကိုယ်စားလှယ်တွေအနေနဲ့ တဖက်နဲ့တဖက် အလျှော့ပေး ဆွေးနွေးညှိနှိုင်းကြမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
မြောက်ကိုရီးယားနိုင်ငံဘက်က လတွေနဲ့ချီ ပြောဆိုထားတဲ့ လေသံအတိုင်း နျူကလီးယားအရေးကိစ္စကို နည်းလမ်းအသစ်နဲ့ ချဉ်းကပ်ရင် သိပ်ကိုကောင်းလိမ့်မယ်လို့ သမ္မတ Trump ကလည်း ပြီးခဲ့တဲ့လက ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို တဖက်သတ် အလျှော့ပေး ရပ်ပစ်တာမျိုးလုပ်ဖို့ ဆန္ဒမရှိဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
သူ့အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး လုံခြုံရေးအတွက် အမေရိကန်က အာမခံပေးဖို့ မြောက်ကိုရီးယားက လိုလားနေတာလည်း ဖြစ်ပါတယ်။
------------------------------
(Unicode)
Your browser doesn’t support HTML5