နယူးယောက်မှာ တိုက်ခိုက်ဖို့ ကြံစည်သူ ဖမ်းမိ

New York Terror Plot Arrest

အစ္စရေးအပေါ် ဟာမတ်စ် စစ်သွေးကြွတွေ အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ချိန် နယူးယောက်မြို့မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပါကစ္စတန်တဦးကို အမေရိကန်အစိုးရက တရားစွဲလိုက်ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့ ဝန်းကျင်မှာ နယူးယောက်မှာရှိတဲ့ ဂျုးစင်တာကို တိုက်ခိုက်နိုင်ဖို့ ကနေဒါနိုင်ငံ နယ်စပ်ကနေ အမေရိကန်ထဲ ဝင်ဖို့ ကြိုးစားခဲ့သူ Mohammad Shahzeb Khan ကို အမေရိကန် တရားရေးဌာနက သောကြာနေ့က တရားစွဲလိုက်တာြဖစ်ပါတယ်။

Shahzeb Jadoon လို့လည်း သိကြတဲ့ အသက် ၂၀ အရွယ် ပါကစ္စတန်နိုင်ငံသားဟာ ကနေဒါနယ်စပ်ကနေ အမေရိကန်ထဲဝင်ပြီး အစုအပြုံလိုက်သတ်ဖို့ နယူးယောက်ကိုသွားဖို့ လုပ်နေစဉ် ဗုဒ္ဓဟူးနေ့ကပဲ ကနေဒါမှာ သူ့ကို ဖမ်းမိခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ်က ပြောပါတယ်။

အမေရိကန် တရားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ Khan အနေနဲ့ ISIS ခေါင်းစဉ်အောက်မှာ နယူးယောက်က ဂျုးတွေကို ရသလောက် သတ်ဖြတ်နိုင်ရေး ထောက်ပို့လုပ်မှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရှေ့နေချုပ် Merrick Garland က ပြောထားပါတယ်။

ကနေဒါနိုင်ငံ Quebec ပြည်နယ်ထဲမှာ ဖမ်းဆီးနိုင်ခဲ့မှုအတွက် အမေရိကန် FBI ဖယ်ဒရယ် စုံစမ်းစစ်ဆေးရေးဗျုရိုအဖွဲ့ စွမ်းဆောင်မှုနဲ့ ကနေဒါဖက်က ဥပဒေစိုးမိုးရေးအရာရှိတွေကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့တာအတွက် Garland က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။