မြန်မာအပေါ် ကန်ရပ်တည်မှု မပြောင်းလဲ၊ မတရားဖမ်းထားသူတွေ ချက်ခြင်းလွှတ်ဖို့ တောင်းဆို

  • VOA Burmese

US ှState Department Spokesperson

ဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်အနည်းငယ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာကြောင့်တော့ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်မှု ပြောင်းလဲလာစရာမရှိပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံး ကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်ပြည်ထောင်စုက တုန့်ပြန်လိုက့်ပါတယ်။

“ဒီဖြစ်ရပ်ကြောင့်တော့ ကျနော်တို့ ရပ်တည်ချက်ပြောင်းလဲစရာမရှိပါဘူး။ အကြမ်းဖက်မှုတွေကို တာရှည်ဖြစ်စေပြီး လက်ရှိအကျပ်အတည်အပေါ် မျှမျှတတနဲ့ ငြိမ်းငြိမ်းချမ်းချမ်းအဖြေထုတ်နိုင်မှုတွေကို နှောင့်နှေးစေတဲ့ နိုင်ငံတော်အရေးပေါ်ကာလ ထပ်တိုးမြှင့်လိုက်တဲ့အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်စရာဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ရာထူးကဖယ်ရှားခံရသူ သမ္မတ ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးခံရသူအားလုံးကို ချက်ခြင်းလွှတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေပါတယ်။ ဒါတွေ တစုံတရာဖြစ်မလာပါဘူး။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller က အင်္ဂါနေ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ လူသားချင်းစာနာကူညီမှုတွေ ခွင့်ပြုဖို့၊ နစ်နာခံစားရသူတွေအတွက် တရားမျှတမှုရှာဖွေဖို့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် အစုအဖွဲ့အားလုံး ထိစပ်ညှိုနှိုင်းဆောင်ရွက်ဖို့ ဆက်ပြီးတိုက်တွန်းသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၁၉ မှုထဲက အမှု ၅ မှုအတွက် ပြစ်ဒဏ်တွေကို လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်တာ ဖြစ်ပြီး သမ္မတ ဦးဝင်းမြင့် အပေါ် စွပ်စွဲထားတဲ့ အမှု ၈ မှုထဲက ၂ မှုကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာကနေ ၆ နှစ် လျှော့ပေါ့ပေးလိုက်တာ ဖြစ်လို့ ထောင်ဒဏ် ၂၇ နှစ် ကတော့ ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရတဲ့ ဦးဝင်းမြင့်ကတော့ ၄ နှစ် လျှော့ပေါ့လိုက်တဲ့ အတွက် ၈ နှစ် ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင်ပုန်ကန်မှုတွေ အခုအချိန်အထိ ရှိနေပါတယ်။ တနှစ်ပဲ အာဏာထိမ်းထားမှာလို့ ဂတိပြုခဲ့တဲ့ စစ်ကောင်စီဟာ၊ အခုလို မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး နိုင်ငံတော်အရေးပေါ်ကာလကို အခု လေးကြိမ်မြောက်အဖြစ် ၆ လ ထပ်မံ တိုးမြှင့်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာအပေါ် ကန်ရပ်တည်မှု မပြောင်းလဲ၊ မတရားဖမ်းထားသူတွေ ချက်ခြင်းလွှတ်ဖို့ တောင်းဆို