အမေရိကန်သမ္မတ သက်တမ်းဝက် ကာလမှာကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မွတ်ဆလင် ဒီမိုကရက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရတာဟာ ဒီမိုကရက်တွေအတွက်တော့ သမိုင်းဝင် အောင်ပွဲခံနိုင်ခဲ့တာပါ။ လာမယ့် ဇန်နဝါရီမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင်ထမ်းဆောင်ပြီဆိုရင်တော့ Rashida Tliab နဲ့ ILhan Omar တို့ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အပါအဝင် အကြောင်းအရာပေါင်းစုံနဲ့ ပတ်သတ်ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှောင်လင့်ထားတဲ့အကြောင်း Kane Farabaugh ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်ခဲ့ဖူးတဲ့ အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း Rashida Tlaib ကို မဲပေးခဲ့တာဟာ သမိုင်း တွင်စေမယ့် ဆုံးဖြတ်ချက်အတွက်ဆိုတာထက် မတူကွဲပြားမှုတွေကို လက်ခံဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထရိုက်မြို့က မဲပေးသူ David White က
"Rashida ဟာ သမာရိုးကျပုံစံတွေကနေ ခွဲထွက်သူပါ။ သူဟာ မွတ်ဆလင် အသိုင်းအဝိုင်း အတွက်သာ မဟုတ်ဘဲ လူတန်းစားပေါင်းစုံကို ကိုယ်စားပြုတဲ့ မွတ်ဆလင် တယောက်ဖြစ်နေတာပါ။"
ဆိုမာလီ ဒုက္ခသည်တယောက်ဖြစ်တဲ့ မင်နီဆိုးတာပြည်နယ်က ဒီမိုကရက် ကွန်ဂရက်စ်လွှတ်တော်ကိုယ်စားလောင်း ILhan Oamr ဟာလည်း လူမျိုးပေါင်းစုံ အမေရိကန်တွေရဲ့မဲပေး ထောက်ခံမှုနဲ့ Minneapolis မဲဆန္ဒနယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်ကို အနိုင်ရလိုက်ပါတယ်။ Ilhan Omar က
"ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ ကျမတို့ရဲ့ အိမ်နီးချင်းတွေ၊ ကျမတို့ရဲ့ ကလေးတွေ၊ ကျမတို့ရဲ့ ကမ္ဘာကြီး၊ ကျမတို့ရဲ့ လူ့အသိုင်းအဝိုင်းကို ကာကွယ်နေကြတဲ့အချိန်မှာ အားလုံးနဲ့ အတူ ရပ်တည်သွားမယ်ဆိုတာကို ကျမ ကတိပေးပါတယ်။"
ဒီမိုကရက်တစ်ပါတီကို ထောက်ခံကြသူတွေ နေထိုင်တဲ့ ဒေသမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂ ဦး ခုလိုရွေးချယ်ခံရတာဖြစ်ပြီး ဒီ သမိုင်းဝင်မယ့် အဆုံးအဖြတ်အတွက် အချိန်တော်တော်ကြာကတည်းက ကြိုးပမ်းခဲကြတာဖြစ်တယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။ Allyson Brooks က
"၂၀၁၈ ခုနှစ်မှာ ပထမဆုံးအနေနဲ့ အခုလို ဖြစ်လာတာဆိုတော့ တကယ့်ကို ဝမ်းသာပါတယ်။ ကွန်ဂရက်စ်၊ အထက်နဲ့အောက်လွှတ်တော်တွေမှာ မွတ်ဆလင် တွေ ပိုရှိလာဖို့ လိုပါတယ်။"
မစ်ရှီဂန်က ဂွန်ဂရက်စ်လွှတ်တော် ကိုယ်စားလှယ်လောင်း Rashida Tlaib က
"မွတ်ဆလင်အာရပ်တယောက်ဖြစ်လာတာဟာ ကျမဘ၀ တစိတ်တပိုင်းပါ။ ဒါပေမယ့် တရားမျှတသူ တမန်တော် မိုဟာမက်လို ကျမရဲ့ စဉ်းစားမှုအားလုံးဟာလည်း တရားမျှတမှု အပေါ်မှာ အခြေခံပါတယ်။"
အမေရိကန်ကွန်ဂရစ်စ်မှာ ပါလက်စတေးနီးယန်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမယ့် Tlaib ကလည်း သူ့ရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲသွားမှာမဟုတ်တဲ့အကြောင်း ကတိပေးပြောကြားပါတယ်။ သူဟာ သမ္မတ Donald Trump နဲ့ သူ့အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူပါ။ Rashida Tlaib
"ဘယ်တော့မှာ ပြောင်းလဲမှာမဟုတ်ပါဘူး။ လူတွေက သူတို့အနေနဲ့ အပြောင်းအလဲကိုလိုလားတာကြောင့် ကျမကို မဲပေးတယ်လို့ ပြောထားပြီးသားပါ။ သူတို့ကိုယ်စား တောင်းဆိုတိုက်တွန်းပေးမယ့်လူကို လိုအပ်တာပါ။"
မဲဆန္ဒရှင် White ကတော့ သူ့အပေါ် အပြည့်အ၀ ယုံကြည်တယ်လို့ ပြောပါတယ်။
"ကျနော်ကတော့ Rashida လို လူပုံအလယ်မှာ ရပ်ပြီး သမ္မတကို အပြင်းအထန်ဝေဖန်တာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲလို ဝေဖန်မယ့်လူမျိုးတော့ လိုပါတယ်။"
လာမယ့် ဇန်နဝါရီမှာ Tlaib နဲ့ Omar တို့ဟာ သူတို့ရဲ့ ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ကိုယ်စားလှယ်အသစ်တွေအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှာတော့ သူတို့ရဲ့ အရည်အသွေးကို လက်တွေ့ မြင်ကြရမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5