ကန်- မက်စီကို ကုန်သွယ်ရေး သဘောတူညီချက်သစ်ရရှိ

အမေရိကန်နဲ့ မက်ဆီကို ၂ နိုင်ငံကြား ရရှိခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ ယာယီသဘောတူညီချက်ဟာ ၂ နိုင်ငံစလုံးအတွက် အကျိုးရှိကြောင်း အမေရိကန်ကုန်သွယ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Robert Lighthizer ကယုံကြည်ကြောင်းနဲ့ ဒါဟာ အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေအတွက် အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။

တနင်္လာနေ့မှာ ကြေညာခဲ့တဲ့ ဒီကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် နောက်ဆုံးအသေးစိတ် အချက်အလက်တွေကို ထည့်သွင်းဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ ၁၉၉၄ ခုနှစ် က ရခဲ့တဲ့ မြောက်အမေရိကတိုက်နိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် NAFTA ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ် ပြင်ဆင်နေတာ ဖြစ်ပြီး ကနေဒါနိုင်ငံကတော့ အခုထိ ပူးပေါင်းပါဝင်မှု မရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန် - မက်ဆီကို သဘောတူညီချက် ထဲက တချို့ အချက်တွေဟာ ဒီ ၂ နိုင်ငံ အတွက် ကားထုတ်လုပ်မှု လုပ်ငန်းမှာ တိုးတက်လာစေဖို့ အာရှ ဒေသ အထူးသဖြင့် တရုတ်နိုင်ငံကနေ ယာဉ်ပစ္စည်း တင်ပို့မှုတွေ ရပ်ဆိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အခွန်အခဆိုင်ရာ ယိုပေါက်တွေ မဖြစ်စေဖို့အတွက် အမေရိကန် ဒါမှမဟုတ် မက်ဆီကိုမှာ ကားပစ္စည်းအစိတ်အပိုင်းတွေကို ပြုလုပ်မှာ ဖြစ်ပြီး မြောက်အမေရိကတိုက်ထုတ် ကားပစ္စည်းတွေကို လက်ရှိ ၆၂. ၅ % သုံးနေရာကနေ ၇၅ % အထိ တိုးမြှင့်ဖို့ သဘောတူညီချက်မှာ ထည့်သွင်းထားတာပါ။

ဒါ့အပြင် ကားလုပ်ငန်းက အလုပ်သမားတွေ အတွက် လစာငွေကို မက်ဆီကိုနိုင်ငံမှာ အတော်များများ တိုးမြှင့်ပေးဖို့ ရှိပါတယ်။ သဘောတူညီချက်အရ ကားပစ္စည်း တွေကို ၄၀ ကနေ ၄၅ % ထုတ် လုပ်ကြမယ့် အလုပ်သမားတွေအဖို့ တနာရီကို အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာ အထိ ပေးဖို့ ဖြစ်ပါတယ်။ အမေရိကန်မှာ ကားလုပ်ငန်း အလုပ်သမားတဦးဟာ တနာရီကို ၂၂ ဒေါ်လာ အထက်မှာ ရပေမယ့် မက်ဆီကို မှာတော့ တနာရီကို ၃ ဒေါ်လာခွဲတောင် မရကြပါဘူး။

Your browser doesn’t support HTML5

ကန်- မက်စီကို ကုန်သွယ်ရေး သဘောတူညီချက်သစ်ရရှိ